Sunday, November 13, 2016

မွေးစားကလေးအား တုတ်၊ ဓားဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး နှိပ်စက်မှုအပေါ် တိုင်ကြား

စည်သူမောင်မောင်၊ မဇ္ဈိမ Sat, 11/12/2016

ပုသိမ်(နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ အရပ်စာချုပ်ဖြင့် မွေးစားထားသည့် ၁၃နှစ်အရွယ် ကလေးငယ်တဦးအား မွေးစားအမေက တုတ်၊ ဓားဖြင့် နှိပ်စက်နေသည့်အပေါ် မခံမရပ်နိုင်ဖြစ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြုပြီး နိုဝင်ဘာ ၁၂ရက်က နယ်မြေရဲစခန်းတွင် တိုင်ကြားလိုက်သည့်ဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

အိမ်မဲမြို့နယ်အတွင်းရှိ လူကောင်းကျွန်းကျေးရွာနေ ဦးဝင်းထိုက်နှင့် ဒေါ်စန်းစန်းမော်တို့က အရပ်စာချုပ်ဖြင့် မွေးစားထားသော အမျိုးသမီးငယ် မဟန်နီဝင်းထိုက်အား နှိပ်စက်နေမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပြုံးချိုက လူကောင်းကျွန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

"ကလေး ခန္ဓာကိုယ်မှာ ဒဏ်ရာအဟောင်းတွေရော၊ အသစ်တွေရော တွေ့ရတယ်။ ဦးခေါင်းမှာလည်း တွေ့ရတယ်။ ရိုက်တာ၊ ရေနွေးပူနဲ့ ပက်တာတွေပါ။ လက်ရှိ နိုဝင်ဘာလထဲ တုတ်နဲ့ရိုက်ထားလို့ ဝဲဘက်မျက်ခုံးအပေါ်မှာ ဒဏ်ရာတစ်ခု တွေ့ရတယ်။ ကလေးကို နှိပ်စက်တာတွေများလို့ ဥပဒေအတိုင်း ဆောင်ရွက်စေချင်လို့ ဒီနေ့ ကျွန်တော်တို့ အမှုဖွင့်ထားတာ" ဟု ဦးပြုံးချိုက အမှုဖွင့်ထားသည့်ဖြစ်စဉ်အပေါ် မဇ္ဈိမကို ပြောသည်။

ဦးဝင်းထိုက်နှင့် ဒေါ်စန်းစန်းမော်တို့သည် မဟန်နီဝင်းထိုက် ၄နှစ်သမီးအရွယ်ကတည်းက မွေးစားထားခြင်း ဖြစ်သည်။

"သူတို့မှာ သားသမီးမရှိလို့ ခေါ်ယူပြီး မွေးစားခဲ့တာ။ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးမှူးကာလတုန်းက ခံဝန်လက်မှတ် ထိုးထားတယ်။ ကလေးက ပညာ လေးတန်းအထိ သင်ကြားခဲ့ရတယ်။ ကလေးက အတန်းတိုင်းမှာ စာတော်တယ်။ ကလေးမိဘတွေ ဆုံးသွားပြီလို့ ကြားတယ်။ တာချီလိတ်ဘက်ကပါ။ သူ့အဒေါ်ဆီပို့တာ အဒေါ်က မတတ်နိုင်လို့ အရပ်စာချုပ်နဲ့ ခေါ်မွေးစားခဲ့တာ" ဟု ဦးပြုံးချိုက ဆိုသည်။

ကလေးငယ်အား လေးတန်းအထိ ကျောင်းထားပေးပြီးနောက် အိမ်အလုပ်များ ခိုင်းစေကာ တုတ်ဖြင့်ရိုက်ခြင်း၊ ရေနွေးပူဖြင့် ပက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

နှိပ်စက်ခံရသူ ကလေးငယ်၏ ဒဏ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့သူ ရပ်/ကျေးစာရေး ဒေါ်အေးငြိမ်းက "ခေါင်းမှာ တုတ်နဲ့ရိုက်ထားတာ အကြီးကြီးတွေ၊ နားနောက်မှာ ရေနွေးပူနဲ့ လောင်းထားတဲ့ဒဏ်ရာ၊ ညာဘက်လက်မှာ ဒဏ်ရာနှစ်ခုတွေ့တယ်။ တင်ပါးနှစ်ဘက်မှာလည်း ဆေးထိုးအပ်နဲ့ ခြစ်ထားတာတွေ့တယ်။ ဆီးခုံမှာ ဓါးဦးနဲ့ ပေါက်ထားခံရတယ်" ဟု ပြောပြသည်။

နှိပ်စက်ခံရသည့်အတွက် ကလေးငယ်က အိမ်မှ(၇)ကြိမ်ခန့် ထွက်ပြေးခဲ့ဖူးသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြုံးချိုက ပြောသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကာယကံရှင် မဟန်နီဝင်းထိုက်အား မဇ္ဈိမက မေးမြန်းရာတွင် "မနေချင်ဘူး။ နှိပ်စက်တယ်၊ ရိုက်တယ်။ သမီးကို တုတ်နဲ့ ရိုက်တယ်။ ဟိုငယ်ငယ်တုန်းကဆို ကြိုးတုပ်ပြီး ရိုက်တယ်။ တင်ပါးကို ဓားနဲ့ထိုးခံရတယ်။ ကျောင်းတက်ချင်တာ ကြောက်လို့ မပြောရဲဘူး။ ငိုရင် ပိုရိုက်တယ်" ဟု ပြန်ပြောပြသည်။

မဟန်နီဝင်းထိုက်၏ ပြောဆိုချက်အရ မွေးစားအမေဖြစ်သူ ဒေါ်စန်းစန်းမော်က ရိုက်နှက်နှိပ်စက်သည်ဟု သိရသည်။

မဟန်နီဝင်းထိုက်၏ မွေးစားအမေ ဒေါ်စန်းစန်းမော်၏ မောင်အရင်း တော်စပ်သူ ဦးဇော်ဝင်းက "ကိုယ်နဲ့ မောင်နှမတွေပါ။ ခြေရင်း၊ ခေါင်းရင်း နေခဲ့တာ။ ကလေးကို နေထုတ်လှန်းတာတွေ လုပ်တယ်။ ခေါင်းကို ရေနွေးပူနဲ့ လောင်းတာတွေ လုပ်တယ်။ အစားအသောက် ပုံစံခွက်နဲ့ ကျွေးတယ်" ဟု ၎င်းမြင်တွေ့ခဲ့ရပုံကို ပြောပြသည်။

၎င်းဖြစ်သဉ်နှင့် ပတ်သက်ပြီး လူကောင်းကျွန်းနယ်မြေရဲစခန်းက ပ နံပါတ် ၂၁/၂၀၁၆၊ ပုဒ်မ ၂၉၄၊ ၃၂၅၊ ၃၂၆တို့ဖြင့် အမှုဖွင့်ထားကာ အိမ်မဲမြို့နယ်တွင် ရမန်ယူပြီးနောက် ကလေးငယ်အား မြောင်းမြဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်လျက် ရှိသည်။ အမှုနှင့် ပတ်သက်ပြီး ဒေါ်စန်းစန်းမော်အား အမှုဖွင့်ကာ ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

No comments: