Friday, November 11, 2016

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

လွတ်မြောက်နယ်မြေမှာတုန်းက ဘယ်အဖွဲ့အစည်းက လက်ဆောင်ပေးထားမှန်း မမှတ်မိတော့တဲ့ 'လူထုတိုက်ပွဲ အရှိန်မြှင့်ကြ' ဆိုတဲ့ စတစ်ကာပါ တီရှပ်တထည် ကျနော့်မှာ ရှိတယ်။ တီရှပ်ရဲ့အသားက ၀တ်လို့ကောင်းတာနဲ့ ခဏခဏ ၀တ်ဖြစ်ရင်း အခုတော့ တော်တော်လေး ဟောင်းနေပြီမို့ အိမ်နေရင်းလောက်ပဲ ၀တ်ဖြစ်တော့တယ်။

တရက်မှာ ကျနော့်သူငယ်ချင်း ဒေါက်တာဇော်ထွန်း လိုက်ထရပ်ကားလေးနဲ့ ရောက်လာတယ်။ ''ဘိုသံဆီမှာ ကျော်ဖုန်း ဆေးရုံတက်နေတယ်။ လိုက်ကြည့်ဦးမလား'' လို့ ပြောတယ်။ ဘိုသံ ဆိုတာက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက ဆေးတပ်မှာ တပ်မှူးဖြစ်နေတဲ့ ဆေး(၂) မှာတုန်းက ကျနော်နဲ့ တတန်းတည်းသား သူငယ်ချင်း ဗိုလ်မှူးကြီး ကျော်သန်းဦးပါ။ ဇော်ထွန်းနဲ့ ကျော်ဖုန်းကလည်း ဘိုသံလိုပဲ တတန်းတည်းသား သူငယ်ချင်းတွေပါပဲ။

လာခေါ်တဲ့ ဒေါက်တာဇော်ထွန်းက သိပ်မကြာဘူး ဆိုတာနဲ့ ကျနော်လည်း အ၀တ်အစား လဲမနေတော့ဘဲ အိမ်နေရင်း အ၀တ်အစားနဲ့ပဲ ကောက်ခါငင်ခါ ထလိုက်သွားဖြစ်တယ်။ ဟိုရောက်တော့ လူနာကုတင်ဘေးမှာ မတ်တပ်ရပ်ပြီး ၀ိုင်းဖွဲ့စကားပြောနေကြတုန်းမှာ သူငယ်ချင်း ဘိုသံက ကျနော့်ရင်ဘတ်ဆီ လှမ်းကြည့်ရင်း ရယ်ရယ်မောမောနဲ့ စကားတခွန်း လှမ်းပြောတယ်။

"ဟာ ... ဘိုလွဏ်းကတော့ လူထုတိုက်ပွဲ အရှိန်မြှင့်ခိုင်းပြီး ကိုယ့်ကို အလုပ်ပြုတ်အောင် လုပ်နေပြီ ဟား ဟား ဟား" တဲ့။

သူ ပြောလိုက်မှ ကျနော် ၀တ်လာတဲ့ တီရှပ်ကို ငုံ့ကြည့်ဖြစ်ရင်း သူငယ်ချင်း ဘိုသံကို အတော်လေး အားတုံ့အားနာ ဖြစ်သွားမိတယ်။ သူ့နောက်မှာ ရပ်နေတဲ့ ဆေးတပ်ဝန်ထမ်းတွေရော ကျနော့်သူငယ်ချင်းနှစ်ဦးပါ ပြုံးစိစိဖြစ်ကြပေါ့။ ကျနော်လည်း မျက်နှာပူပူနဲ့ပဲ စကားခဏဆက်ပြောပြီး ပြန်ဖြစ်ခဲ့တယ်ဆိုပါတော့။

တရက်မှာ ညနေစောင်းအချိန်လောက်ကြီး အိမ်ရှေ့မှာ လာရပ်တဲ့ စစ်ကားကို ကြည့်လိုက်တာ သူငယ်ချင်း ဘိုသံ ဖြစ်နေတယ်။ ဘောလုံးပွဲလာကြည့်ရင်း လှည့်ဝင်လာတာလို့ သူက ပြောတယ်။ အိမ်ထဲဝင်ဝင်ချင်းမှာပဲ သူက ...

''ဟာ ဘိုလွဏ်းကတော့ လုပ်ချလိုက်ပြန်ပြီ။ လူထုတိုက်ပွဲ အရှိန်မြှင့်ခိုင်းပြန်ပြီ။ ဟား ဟား ဟား'' တဲ့။

ကျနော်လည်း သူပြောမှ ''အော် ဟုတ်ပါရဲ့ ဒီအင်္ကျီကလည်း သူ့နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုဖြစ်နေပြီ'' လို့ ပြောရင်း စပ်ဖြီးဖြီး လုပ်နေလိုက်ရတော့တယ်။ မှောင်ခါနီးတာနဲ့ သူလည်း သိပ်ကြာကြာမနေပါဘူး။ သူ့ရုံးက စာကြည့်တိုက်အတွက် ကျနော် လှူမယ် ပြောထားတဲ့ ၀တ္ထုတွေ၊ မဂ္ဂဇင်းတွေ ရွေးယူပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်သွားလေရဲ့။

ဒီနေ့တော့ အဲဒီတီရှပ်လေးကို ဓာတ်ပုံမှတ်တမ်းတင်ပြီး စုတ်ပြဲမသွားအောင် ဘီဒိုထဲ သေချာသိမ်းထားလိုက်ပါပြီ။ လူထုတိုက်ပွဲ တကယ်အရှိန်မြှင့်ဖို့ လိုတဲ့အခါ ၀တ်စရာတီရှပ် မရှိမှာစိုးလို့ပါ။ :)

(ချစ်သူငယ်ချင်း 'ဘိုသံ' သို့ အမှတ်တရ ...)

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ည ၁၀း၀၇ နာရီ
၁၀ နိုဝင်ဘာ ၂၀၁၆

No comments: