Sunday, June 26, 2016

အဘဦးဂျော်ဂျီ

အဘဦးဂျော်ဂျီ

အဘ အသက်က ၈၅ နှစ်ကျော်ပြီ။ ဒီအသက် ဒီအရွယ်အထိ ဆိုက္ကားနင်းစားတုန်း ...။ ကျနော် သွားစရာရှိရင် အမြဲအားပေးနေကျ ဆိုက္ကားဆရာကြီးပေါ့။

အဘက ကျနော်တို့ခြံဘေးက စက်ဘီးပြင်ဆိုင်နားမှာ မနက်ပိုင်းဆို အမြဲ ဂိတ်လာထိုးတယ်။ ကျနော် သွားစရာရှိရင် အိမ်နောက်ဘက်ကို ထွက်၊ ခြံစည်းရိုး အုတ်တံတိုင်းနား ကပ်ပြီး ''အဘ ... အဘ'' လို့ နှစ်ခါလောက် ခပ်ကျယ်ကျယ် အော်လိုက်ရင် သိပ်မကြာဘူး၊ အိမ်ရှေ့ကို အဘ ရောက်လာတယ်။

တကယ်တော့ အသက် ၈၅ နှစ်ကျော်အရွယ် အဘိုးကြီးတယောက် နင်းပို့တဲ့ ဆိုက္ကားကို ကျနော် မစီးချင်ပါဘူး၊ စီးလည်းမစီးရက်ပါဘူး။ ဒါပေမယ့် ဒီအသက်အရွယ်အထိ ဆိုက္ကားနင်းစားနေတဲ့ အဘရဲ့ ကိုယ့်အားကိုယ်ကိုး အသက်မွေးဝမ်းကျောင်းလိုတဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ကျနော် အားပေးစီးနင်းခြင်းဖြစ်ပါတယ်။

ဒါပေမယ့် အဘ နင်းပို့တာကို လူကိုယ်တိုင် လိုက်ပါပြီး စီးခဲပါတယ်။ အိမ်နဲ့ နည်းနည်းဝေးတဲ့ စာတိုက်လိုနေရာမျိုးကို တယ်လီဖုန်းဘေလ် သွားဆောင်တဲ့အခါမျိုးသာ တလတခါလောက် အဘ နင်းပို့တာကို ကိုယ်တိုင်လိုက်ပါပြီး စီးဖြစ်ပါတယ်။

အဲဒီအခါမျိုးမှာ အဘကို အားပေးချင်စိတ်နဲ့သာ လိုက်ပါစီးနင်းရတယ်၊ ကားတွေ တ၀ီဝီ ဖြတ်မောင်းနေတဲ့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကို ဖြတ်ကူးရင် လမ်းရှင်းမရှင်း အဘကို ကူကြည့်ပေးရင်း ကျနော့်မှာ ရင်တထိတ်ထိတ် အသည်းတယားယား ...။ မီးရထားလမ်းနားက ကုန်းအတက်လိုနေရာကို လှမ်းမြင်တဲ့အခါ ''အဘ ကျနော် ဆင်းလျှောက်ပေးရမလား'' လို့ ကျနော်က အမေး … အဘက ''ဘာလို့ ဆင်းရမှာလဲ ... အသာထိုင်နေ'' လို့ မာနသံနဲ့ ပြောရင် ကျနော့်မှာ အားတုံ့အားနာ ...။ နည်းနည်းမတ်စပြုလာတဲ့ နေရာရောက်လို့ မနေတတ်တဲ့အဆုံး ''အဘ ... နေ နေ .. ကျနော် အပေါ်ရောက်တဲ့အထိ ဆင်းလျှောက်ပေးမယ်'' လို့ ပြောပြီး အတင်းဆင်းမယ့်ဟန်ပြုမှ အဘက ရပ်ပေးတာ ...။

အဘကို အမြဲလိုလို မြင်တွေ့ရပုံက ဆိုက္ကားဆရာတွေ ဆောင်းလေ့ရှိတဲ့ ဟောင်းနွမ်းနေတဲ့ ၀ါးဦးထုပ်ရယ်၊ ဖားဥစွဲနေတဲ့ အကျီလက်ပြတ်အဖြူရယ်၊ ပါးလှပ်ပြီး အရောင်လွင့်နေတဲ့ ပလေကပ်လုံချည် နီညိုရောင်ရယ် ...။

တခါမှာ လူကိုယ်တိုင် ထိုင်စီးလာရင်း ''အဘ ... အဘ ၀တ်ဖို့ ကျနော် ပေးထားတဲ့ အင်္ကျီနဲ့ပုဆိုး အဘ ဘာလို့ မ၀တ်တာလဲ။ အဘကို မြင်လိုက်ရင် တခါလာလည်း ဒီအင်္ကျီနဲ့ ဒီပုဆိုးပဲ'' လို့ မေးပြောလေးပြောမိတော့ အဘက ''ဆိုက္ကားသမားဆိုတာ ဆိုက္ကားသမားရုပ်ပေါက်အောင် နေရတယ် င့ါမြေးရဲ့၊ သစ်သစ်လွင်လွင် ၀တ်စားပြီး ဆိုက္ကားသမားရုပ်မပေါက်ရင် ဘယ်သူက ငှားစီးမလဲ'' လို့ ပြန်ပြောတော့ ကျနော် အသံတိတ်သွားခဲ့ရတယ်။

နှစ်ရှည်လများ နေပူစပ်ခါးထဲ ဆိုက္ကားနင်းစားလာလို့ထင့်၊ အဘရဲ့အသားအရည်က နေပူအကြာကြီးလှန်းထားတဲ့ အမဲခြောက်ရဲ့အရောင်မျိုး ...။ ဒါပေမယ့် အဘက ပါဝါမျက်မှန် မလိုဘဲ နေပူရင် လည်ပင်းမှာ ကြိုးနဲ့ သိုင်းလွယ်ထားတဲ့ နေကာမျက်မှန်အမဲကြီး တပ်ပြီး နင်းလေ့ရှိတယ်။

လူကိုယ်တိုင် လိုက်ပါစီးနင်းဖြစ်တဲ့ အခေါက်တွေဆို အဘနဲ့ ကျနော် ဟိုဟိုဒီဒီ ပြောဖြစ်ကြရင်း အဘအကြောင်းတွေ ပိုသိလာရတယ်။ အဘက အဘိုးကြီးအဘွားကြီး နှစ်ယောက်တည်းနေတာ။ အဘွားက အဘထက် တနှစ်ပဲ ငယ်ပြီး အိမ်မှာပဲနေတယ်။ ဒါပေမယ့် အဘွားနဲ့က ဒုတိယအိမ်ထောင်။ ပထမအိမ်ထောင်နဲ့ သားနှစ်ယောက်ရှိပြီး သားတွေက ကချင်ပြည်နယ်ဘက်မှာနေတယ်။ မလာတာ၊ မတွေ့တာ နှစ်အတော်ကြာပြီလို့ အဘ ပြောတယ်။ ဆိုက္ကားမနင်းခင် ငယ်စဉ်က အဝေးပြေးကုန်ကားမောင်းတယ်လို့ သိရတယ်။

တခါသားမှာ “အိမ်က အဘွားကော ကျန်းမာရေးကောင်းလား အဘ” လို့ ကျနော် မေးတော့ အဘက “ကောင်းတယ်၊ မင့်အဘွားက အသက်သာ ၈၄ နှစ်ထဲမှာ ဆံပင်တချောင်း မဖြူဘူး” လို့ ပြောပြီး ဆိုက္ကားနင်းရင်း အဘ ကြည်နူးပြုံးလေးပြုံးနေတယ်။

“အဘတို့နှစ်ယောက် တနေ့ စားစရိတ် ဘယ်လောက်ကုန်လဲ” လို့ ကျနော် မေးတော့ အဘက “ထောင့်ငါးရာ နှစ်ထောင်လောက်တော့ ကုန်တာပေါ့ ငါ့မြေးရာ” လို့ ဖြေတယ်။

“တရက် ဆိုက္ကားနင်းလို့ရတဲ့ ၀င်ငွေနဲ့ အဘတို့နှစ်ယောက် စားလို့လောက်လား အဘ” လို့ ကျနော် ဆက်မေးတော့ အဘက “လောက်ပါတယ်။ အဘက ဆိုက္ကားနင်းတာ ၃၈ နှစ်ရှိပြီဆိုတော့ ပုံမှန်ဖောက်သည်လေးတွေ ရှိတယ်။ တနေ့ သုံးထောင်လောက်တော့ ၀င်ပါတယ်။ အဘတို့နှစ်ယောက်က သူများတွေလို ဆောင့်ကြွားကြွားမနေတော့ လောက်တာပေါ့ ငါ့မြေးရာ” လို့ ရယ်ရင်းဖြေတော့ အဘ ပြောတဲ့ ‘ဆောင့်ကြွားကြွား’ ဆိုတဲ့ အသုံးအနှုန်းကို သဘောကျပြီး ကျနော်ပါ အဘနဲ့အတူ လိုက်ပြီး ရယ်မိတယ်။

“ဒီမြို့မှာ ဘိုးဘွားရိပ်သာ ရှိတာပဲ၊ အဘတို့နှစ်ယောက် သားထောက်သမီးခံမှ မရှိတာ၊ အဘတို့ နေမယ်ဆို ဟိုက လက်ခံမှာပါ” လို့ ကျနော် အကြံပြုမိတော့ “အဘတို့နှစ်ယောက်ကို ခေါ်တယ်၊ အဘတို့က မသွားတာ၊ ဟိုမှာက သူ့စည်းသူ့ကမ်းနဲ့ နေရမှာဆိုတော့ အဘတို့ နေတတ်မှာမဟုတ်ဘူး၊ ပြီးတော့ အဘက အလုပ်မလုပ်ရရင်လည်း မနေတတ်ဘူး ငါ့မြေးရ၊ အဲတော့ ဘာမှမလုပ်နိုင်တဲ့အခါကျမှပဲ သွားနေတော့မယ် စိတ်ကူးတယ်။ အခုက အဘတို့ နှစ်ယောက်တည်း ဘာအပူအပင်မှမရှိဘူး၊ အေးချမ်းတယ်” လို့ ပြောပြီး အဘ ရယ်နေတယ်။

များသောအားဖြင့် ပစ္စည်းဝယ်တာရယ်၊ ကျနော် ကြိုက်တဲ့ ချစ်တီးပဲဟင်း ၀ယ်တာမျိုးရယ်ဆို လူကိုယ်တိုင် မလိုက်တော့ဘဲ အဘကိုပဲ ၀ယ်မယ့်ပစ္စည်းဖိုး ကျသင့်ငွေ ပေးပြီး လွှတ်လေ့ရှိတယ်။

အဲသလို အဘနဲ့ ရင်းနှီးခဲ့တာ တနှစ်နီးပါး ကြာတဲ့အထိ အဘနာမည်ကို ကျနော် မမေးမိခဲ့ဘူး။ “အဘ အဘ” နဲ့ပဲ နှုတ်ကျိုးနေခဲ့တယ်။

တရက်မှာတော့ ကျနော် မှာတဲ့ ချစ်တီးပဲဟင်းချိုင့်လေး လာပေးရင်း အဘက “ငါ့မြေး အဘနာမည်လည်း မှတ်ထားဦး၊ အဘနာမည်က ဦးဂျော်ဂျီ၊ အဘက နားနည်းနည်းလေးတယ်၊ နောက်ဆိုရင် ဦးဂျော်ဂျီလို့သာ လှမ်းအော်လိုက်” လို့ စိတ်လိုလက်ရ ပြုံးပြီး ပြောတယ်။

ကျနော်က “အဘနာမည်က ဦးဂျော်ဂျီဆိုတော့ အထူးအဆန်းပါလား” လို့ မေးခွန်းထုတ်မိတော့ “အဘက မန္တလေး ဖာသာလဖုန်း မိဘမဲ့ကလေးများကျောင်းထွက်ကွ၊ ကျောင်းနာမည် မောင်ဂျော့ခ်ျ … ‘ဂျီ အီး အို အာရ် ဂျီ အီး’ ကို ရပ်ကွက်ထဲကလူတွေက ဂျော်ဂျီလို့ ခေါ်ရင်း ဦးဂျော်ဂျီဖြစ်သွားတာ ဟား ဟား ဟား” လို့ ပြောပြီး သဘောကျစွာ ရယ်မောရင်း ''သွားဦးမယ်'' လို့ ကျနော့်ကို နှုတ်ဆက်တယ်။

ဆိုက္ကားတွန်းပြီး ပြန်ထွက်သွားတဲ့ အဘရဲ့ကျောပြင်ကို ရပ်ငေးနေမိရင်း “အဘဦးဂျော်ဂျီ … အဘဦးဂျော်ဂျီ” လို့ ကျနော် တိုးတိုးရေရွတ်နေမိတယ်။

ဒေါက်တာလွဏ်းဆွေ
၂၅ ဇွန် ၂၀၁၆
ည ၉း၄၄ နာရီ
---------------
ဓာတ်ပုံ - လွန်ခဲ့တဲ့ ၃ ရက်က အမှတ်တရ ရိုက်ကူးထားတဲ့ အဘဦးဂျော်ဂျီ

No comments: