Sunday, May 8, 2016

မားသားဒေးအတွေး

မားသားဒေးအတွေး

မြန်မာပြည်က လူအများစုကြီး(လူပြိန်းတွေလို့တော့ မဆိုလို)က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ရပ်တွေနဲ့ပတ်သက်ပြီး မြင်တာကို မြင်တဲ့အတိုင်း ဝေဖန်ထောက်ပြရင် ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုလို့၊ မုန်းလို့ ပြောတယ်လို့ မြင်တတ်ကြတာကို တွေ့ရတယ်။ :)

မနာလိုဖြစ်ရအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ရဲ့မွေးသမိခင်ကျေးဇူးရှင်ထက်တောင် အသက်အရွယ်အားဖြင့် သုံးနှစ်ကျော် ကြီးသူ။ ကိုယ်နဲ့ နယ်ပယ်တခုခုမှာ သက်တူရွယ်တူ ပြိုင်ဘက်တွေလည်းမဟုတ်။ တပါးသူတဦးဦးနဲ့ ပြိုင်ချင်ဆိုင်ချင်စိတ်မျိုးလည်း ကိုယ့်မှာ မရှိ။

အချစ်၊ အမုန်းနဲ့ပတ်သက်ပြီး မပြောမနေရပြောမှရမယ်ဆိုရင်လည်း ကိုယ်ကြည်ညိုလေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ ရှိချင်းရှိရင် အချစ်ပဲ ရှိနိုင်မယ်။ အမုန်းတော့ ရှိစရာအကြောင်းမရှိ။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အရေးထားထား မထားထား ဘာဖြစ်လို့ စောင်ကြည့်ဝေဖန်ထောက်ပြနေရလဲဆိုရင် မော်တော်ကားတစီးနဲ့ပဲ ဥပမာပေးရပေမယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို သွားနေဆဲ မော်တော်ကားတစီးလို့ မြင်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးဆုံးနေရာမှာ ထိုင်ပြီး စတီယာတိုင်ကို ကိုင်ထားတဲ့သူဖြစ်နေလို့ပဲ။

စတီယာတိုင် ကိုင်ထားသူ တချက်မှားတာနဲ့ အန္တရာယ်ထူပြောလွန်းလှတဲ့ ခရီးကြမ်းလမ်းရဲ့ဘေးက ချောက်ကမ်းပါးထဲကို အချိန်မရွေး ကျရောက်သွားနိုင်တဲ့ အနေအထားမို့ မပြောချင်သော်ငြား ကားနောက်မှာ ယုံကြည်ကိုးစားပြီး လိုက်ပါလာတဲ့ အပြစ်မဲ့ ခရီးသည်တွေအားလုံး ကတိမ်းကပါး မဖြစ်ရလေအောင် အန္တရာယ်လို့ ကိုယ်မြင်မိတဲ့ အနေအထားလေးတွေကို စတီယာတိုင် ကိုင်ထားသူကြီး ဂရုထားထား မထားထား ပြောနေရခြင်းဖြစ်တယ်။

ကိုယ့်တကိုယ်စာအတွက်ဆိုရင်တော့ ဝေဖန်ထောက်ပြပေးပါဆိုပြီး ဝေါနဲ့ လာပင့်ရင်တောင် လေကုန်ခံ လက်ညောင်းခံပြီး ပြောနေ ရေးနေမှာမဟုတ်ပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စတီယာတိုင် ကိုင်ထားသူမဟုတ်ရင် ဗိုလ်ချုပ်သမီးမကလို့ အဘယ်ဗီအိုင်ပီရဲ့သမီးပဲဖြစ်ဖြစ် ထကြည့်နေမှာမဟုတ်ဘဲ ကိုယ်ကြိုက်တာလေး မှီဝဲ၊ စာရေးစာဖတ်လေး အေးဆေးလုပ်ပြီး ဇိမ်ထုတ်နေမှာ ....။

ပြောမယ့်သာပြောတာပါ။ ကိုယ်တွေရော၊ တခြား ကိုယ်လို မနေနိုင်မထိုင်နိုင်သူတွေရော ဝေဖန်ချင်သလို ဝေဖန်၊ ထောက်ပြချင်သလို ထောက်ပြနေကြပေမယ့် စတီယာတိုင် ကိုင်ထားသူကြီးကလည်း သူ မောင်းချင်သလို မောင်းနေတာပါ။ :)

အခု ရောက်နေတဲ့ အခြေအနေအထိကို အတိုဆုံး ထပ်ပြီး ဝေဖန် လေကန်ပေးရမယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ မာယာပရိယာယ်အသွယ်သွယ်နဲ့ မောင်းသွင်းထားတဲ့ ၂၀၀၈ ခြေ/ဥကစားကွက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်သန်းအပေါင်း (ကျနော် အပါအ၀င် ...၊ ကျနော်က ပယ်မဲသွားလုပ်ရင်း လက်သန်း မှင်စွန်းခဲ့သူ) ၀ဲလည်ပိတ်မိနေကြောင်းပါ။

ကျနော့်တဦးတည်းအခြေအနေကတော့ အများနဲ့အတူ ဘယ်အချိန် ဘယ်လို ဖောက်ထွက်ရမလဲ ဆိုတာကို စိတ်ရှည် သည်းခံ မြော်မြင်ကြံရင်း စောင့်စားနေတဲ့ အနေအထားပါ။ :)

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ည ၇း၄၆ နာရီ
၈ မေ ၂၀၁၆

1 comment:

Unknown said...

ဆရာခင်ဗျား အခု မြန်မာပြည်ကလူများစုကို လူပြိန်းတွေလို့ ဆိုချင်လဲ ဆိုလို့မရတော့ပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲက သက်သေပဲလေ။ သံဃာအရေးအခင်းကစလို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအထိ ဒေါ်စုကို ကျနော်အပါအဝင် (လူပြိန်းတွေ) မြင်တာလောက် မြင်တဲ့အတိုင်း ဝေဖန်လာတာ အုန်းအုန်းကျွက်ကျွက်ပါပဲ။ ဒေါ်စုက မမြင်တဲ့အပိုင်းက ဖေါက်ထွက်ပြီး သမ္မတအထက်နေပြလိုက်ပြီလေ။ ဒီတော့ ကျနော်တို့ လည်း မအဘူးဆိုရအောင် နဲနဲတော့ ပါးပါးနပ်နပ်နဲ့  စောင့်ကြည့်ဖို့ လိုနေပြီလေ။ ကျနော် ကားမောင်းတဲ့အခါ ကျနော့်မိန်းမက backseat driverလုပ်တော့ တခါတရံ အကျိုးရှိ လမ်းသိရတာ မှန်ပေမယ့် သူ့ ကြောင့် accident မဖြစ်အောင် ပိုပြီးဂရုစိုက်မောင်းနေရတယ်။ ဆရာ(တဦးတည်း)အခြေအနေက အများနဲ့အတူ ဆိုတဲ့ဝါကျကိုတော့ ကျနော်နားမလည်ပါ။