Wednesday, April 27, 2016

ကျနော်၊ ဗကသနဲ့ စပ်မိစပ်ရာ

ဒေါက်တာလွဏ်းဆွေ

ကျနော့်မှတ်ဉာဏ်ကလည်း ကောင်းချင်တဲ့နေရာကောင်း၊ မကောင်းချင်တဲ့နေရာမကောင်းလို့ ပြောရမလားဘဲ။ စိတ်ဝင်စားတဲ့အရေးကိစ္စတွေဆို အားစိုက်မှတ်သားစရာမလိုဘဲ သူ့အလိုလို မှတ်မိနေတတ်ပြီး စိတ်မ၀င်စားတဲ့အရေးကိစ္စတွေဆို ဘယ်လောက်ပဲ ဘယ်လိုပဲ အားစိုက်ပြီးမှတ်မှတ် မှတ်တုန်းခဏပဲ၊ ကြာရင် ကြက်ပျာက်ငှက်ပျောက် ပျောက်ကုန်ရောဆိုပါတော့ …။

ဥပမာ- ဒီမိုကရေစီပညာရေးသပိတ်တိုက်ပွဲဝင်ခဲ့တဲ့ ဗကသကျောင်းသားတွေရဲ့ အရေးကိစ္စနဲ့ပတ်သက်ရင် တိုက်ပွဲအစကနေ အကြမ်းဖက် ရိုက်နှက် ဖြိုခွဲ ဖမ်းဆီးခံရချိန်အထိ ဘယ်အဆင့်မှာ ဘယ်သူတွေ (ကျနော် သိတဲ့၊ ရင်းနှီးကျွမ်းဝင်တဲ့ ဖွဘုတ်မိတ်ဆွေတွေ) ဘယ်လိုသဘောထားခဲ့ကြတယ်၊ ဘယ်လိုရေးသားခဲ့ကြတယ်၊ ဘယ်လိုရပ်တည်ခဲ့ကြတယ်၊ ကျောင်းသားတွေ ပြန်လွတ်လာတော့ ဘယ်လိုရပ်တည်ရေးသားကြပြန်တယ် ဆိုတာကို တကူးတက အားစိုက်မှတ်စရာမလိုဘဲ အလိုလို မှတ်မိနေတယ်။

ကျနော်နဲ့ ရင်းချာတဲ့ ဗကသ ထောက်ခံအားပေးသူ ဖွဘုတ်မိတ်ဆွေတချို့ကတော့ “ဗကသကို ဆန့်ကျင်တဲ့သူတွေ ကျနော့်အကောင့်ထဲက ထွက်သွားကြပါ။ မထွက်ရင် ဘလော့ပါမယ်” တို့ ဘာတို့ ရေးသားကြေညာတာမျိုးတွေ ဖတ်ရပါတယ်။

ဒီမိုကရေစီပညာရေးသပိတ်တိုက်ပွဲကို အစကနေ အဆုံးအထိ ထောက်ခံအားပေးခဲ့တဲ့ ကျနော့်အနေနဲ့ကတော့ ကျနော်နဲ့ အမြင်၊ ရပ်တည်ချက် တူတဲ့သူတွေကိုလည်း မိတ်ဆွေသွားမဖွဲ့ဖြစ်ခဲ့သလို၊ မတူတဲ့ မိတ်ဆွေတွေကိုလည်း Unfriend လုပ်တာ၊ Block လုပ်တာတွေ မရှိခဲ့ပါဘူး (ကျနော့်ကို Unfriend လုပ်သွားကြတဲ့သူတွေ၊ Block လုပ်သွားကြတဲ့သူတွေသာ ရှိတာပါ)။

ကျနော် ဗကသကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲကို ထောက်ခံအားပေးဖြစ်ခဲ့ပုံက တခြားသော ထောက်ခံအားပေးခဲ့သူတွေနဲ့ တူချင်မှ တူမယ် (တူတဲ့သူလည်း ရှိချင်ရှိမယ်ပေါ့)။ ကျနော်က ဗကသကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး မလိုမုန်းထားသူတွေ စစ်အုပ်စုအကြိုက် အခြေအမြစ်မရှိ ချောက်ချစွပ်စွဲတဲ့၊ မသိနားမလည်သူတွေ စိုးရိမ်ကြောက်လန့်စွာ စွပ်စွဲပြောကြားတဲ့ “ဗကသကျောင်းသားတွေရဲ့ နောက်မှာ ဗကပ ရှိနေတယ်၊ ဗကသကျောင်းသားတွေဟာ အနီကြောင်တွေဖြစ်တယ်” ဆိုတာတွေကိုတော့ အစဉ်အမြဲ ရယ်ပွဲဖွဲ့ခဲ့သူပါ။ ဗကသကျောင်းသားတွေရဲ့နောက်မှာ ဗကပ ရှိချင်လည်းရှိမယ်၊ မရှိချင်လည်းမရှိဘူး။ ကျနော့်တဦးတည်းအနေနဲ့ကတော့ ရှိခြင်း/မရှိခြင်းကိစ္စကို စိတ်မ၀င်စားပါ။ ရှိလို့လည်း စိုးရိမ်ကြောက်လန့်စရာ မလိုသလို မရှိလို့လည်း ၀မ်းသာဝမ်းနည်းဖြစ်စရာမလိုဘူးလို့ပဲ ကျနော် မြင်ပါတယ် (ဗကပနဲ့ပတ်သက်ပြီး ကျနော် ဖြစ်စေချင်တာ တခုတော့ ရှိပါတယ်။ ဘယ်သူလက်ခံခံ လက်မခံခံ အခုပြောနေတဲ့ အားလုံးပါဝင်ရေးဆိုတဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြည်လည်ရင်ကြားစေ့ရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံသစ်ရေးဆွဲရေးအတွက် သမိုင်းအစဉ်အလာကြီးခဲ့တဲ့ ဗကပကိုလည်း လေးလေးစားစား သဘောထားကြီးကြီး ဖိတ်ခေါ်ဆွေးနွေးတာကို မြင်ချင်တာပါ။ ဒီလိုပြောလို့ ကျနော့်ကို ဗကပသံယောဇဉ်ကြီးသူလို့ မထင်လိုက်ပါနဲ့၊ တကယ်သံယောဇဉ်ကြီးသူတွေကြားမှာ ဟားစရာဖြစ်နေပါ့မယ်။ ကျနော့်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို နိုင်ငံ့ရှေ့ရေးအတွက် မျှော်တွေးပြီး အကြံပြုခြင်းမျှသာဖြစ်ပါတယ်)။ ဗကသကျောင်းသားတွေကိုယ်တိုင် နီချင်သူတွေဖြစ်ချင်လည်းဖြစ်မယ်၊ မဖြစ်ချင်လည်းမဖြစ်ဘူး။ နီချင်သူတွေဖြစ်ချင်လို့လည်း အမြင်ကပ်စရာ၊ လန့်ကျွတ်စရာ၊ မနာလိုမရှုစိမ့်စရာအကြောင်းမရှိသလို မဖြစ်ချင်လို့လည်း အထင်စမောစရာအကြောင်းမရှိဘူးလို့ပဲ ကျနော် မြင်ပါတယ်။ နီချင်ခြင်း/မနီချင်ခြင်းက သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်ကိစ္စလို့ပဲ မြင်ပါတယ်။ ကျနော် သူတို့ရဲ့တိုက်ပွဲကို တလျှောက်လုံး ထောက်ခံအားပေးဖြစ်ခဲ့ခြင်းက အဲဒီအကြောင်းတရားတွေနဲ့ လုံးဝ ကင်းလွတ်တယ်။

ကျနော် ဗကသကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲကို ထောက်ခံအားပေးဖြစ်ခဲ့ခြင်းက သူတို့ လိုလားတဲ့ ဒီမိုကရေစီပညာရေးနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေကို အကောင်းဆုံး ချိတ်ဆက်စုဖွဲ့ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရဲရဲရင့်ရင့် ညီညီညွတ်ညွတ် ဇွဲရှိရှိ (အမှားအယွင်းမရှိ) တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြလို့ပဲဖြစ်တယ်။ အချိန်ကာလအားဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲနီးချိန်ကျမှ သူတို့ ချိန်ကိုက်ပြီး လုပ်ခဲ့တာလို့ ကျနော့်အနေနဲ့ မယူဆပါဘူး။ သူတို့ လက်မခံနိုင်တဲ့ အမျိုးသားပညာရေးဥပဒေကို စစ်တပိုင်းလွှတ်တော်က ဇွတ်အတည်ပြုလိုက်တဲ့ အချိန်အခါကို မူတည်ပြီး တိုက်ပွဲအဆင့်ဆင့် ပေါ်ပေါက်ခဲ့ရတာဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။ ကျောင်းသားတွေအနေနဲ့ တိုက်ပွဲတလျှောက် မြို့၊ ရွာတွေမှာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို အကြီးအကျယ် ရရှိခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ပျက်မှာကို လုံးဝမလိုလားတဲ့ (လူထုအပေါ် သြဇာကြီးတဲ့) ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိက နိုင်ငံရေးအင်အားစုတွေရဲ့ အားတက်သရော ထောက်ခံအားပေးမှုကို မရခဲ့တဲ့အတွက် စစ်အုပ်စုရဲ့ ရက်ရက်စက်စက် ရိုက်နှက် ဖြိုခွဲ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာဖြစ်ပါတယ်။ ဗကသကျောင်းသားတွေ မှန်ခဲ့ပေမယ့် စစ်အုပ်စုရဲ့ ရိုက်နှက် ဖြိုခွဲ ဖမ်းဆီးခံခဲ့ရခြင်းမှာ သူတို့အပြစ်လည်းမကင်းဘူးလို့ NLD ခေါင်းဆောင်ပိုင်းအနေနဲ့ ခံယူလို့ မကြာမီက နိုင်ငံရေးအကျဉ်းသားလွတ်ပေးခဲ့တဲ့ကိစ္စမှာ ကျောင်းသားတွေကိစ္စကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းပေးခဲ့တာဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ် (သဘောမတူချင်မတူခွင့်ရှိပါတယ်)။

ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီပညာရေးသပိတ်လှိုင်းလို နောက်ထပ် အဆက်မပြတ် လာနေဦးမယ့် အရေးကြီးတဲ့ နိုင်ငံရေးလှိုင်းတွေမှာလည်း ဘယ်သူတွေ ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာကို ကျနော် ဆက်လက် စောင့်ကြည့်လေ့လာနေဖြစ်ဦးမှာပါ။ နိုင်ငံရေးလှိုင်းလုံးအသစ်တလုံး တက်လာတိုင်း တက်လာတိုင်း လူ့သဘာဝ စိတ်နေစိတ်ထားတွေကိုရော၊ ခံယူချက် ရပ်တည်ချက်အပိုင်းတွေမှာပါ ဘယ်သူတွေ ဘယ်လိုရှိတယ်၊ ကိုယ်နဲ့ ဘယ်လောက်အထိ တူတယ် ဆိုတာကို သိရတာ စိတ်ဝင်စားဖို့ကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။

အဲဒီလို သိလိုစိတ်ပြင်းပြခြင်းဟာ ကျနော်နဲ့ မတူတဲ့သူတွေကို အမှတ်အတေးထားပြီး လမ်းတွေ့ရင် ရှောင်ဖယ် ရှောင်ဖယ်လုပ်ဖို့ မဟုတ်ပါ။ ကျနော့်အနေနဲ့ကတော့ နိုင်ငံရေးအရ တူတူ မတူတူ ကျနော်နဲ့ သိကျွမ်းခင်မင်ပြီးသား ဘယ်သူ့ကိုမဆို မိတ်ဆွေစာရင်းက ပယ်ဖျက်ဖို့ စိတ်ကူးမရှိသလို သူတို့ဘက်က ပယ်ဖျက်ခဲ့ရင်လည်း ခံစားကြေကွဲနေမယ့်သူမဟုတ်ပါ။ နိုင်ငံရေးအရ ကိုယ်နဲ့ အတော်များများ တူတဲ့သူ ဘယ်သူတွေလဲဆိုတာကို သိရရင်သာ (များများစားစား ရှိမယ်လို့လည်း မျှော်လင့်မထားပါ) တချိန်ချိန်မှာ စုဖွဲ့လုပ်ရမယ့် အလုပ်တခုခု လုပ်ချင်တဲ့အခါ အဲဒီမိတ်ဆွေတွေနဲ့ အတူတူ တွဲလုပ် ဒါမှမဟုတ် သူတို့ဆီက အကူအညီ၊ အကြံဉာဏ်လေးများ တစုံတရာ ရနိုင်ရင် ပိုပြီး အဆင်ပြေပြေ ခရီးတွင်တွင် လုပ်နိုင်ကိုင်နိုင်မယ်လို့ ယူဆမိလို့သာ သိလိုစိတ်ပြင်းပြခြင်းဖြစ်ပါတယ် (ဘာတခုမှ မလုပ်ဖြစ်ခဲ့ရင်လည်း အနိမ့်ဆုံးအဆင့် ကိုယ်နဲ့ တူတဲ့သူတွေနဲ့ ကြုံကြိုက်လို့ အရက်အတူတူသောက်ဖြစ်ရင် စကားများ၊ အငြင်းပွားခြင်းတွေနဲ့ အချိန်မကုန်ရဘဲ လေပေးဖြောင့်ဖြောင့် ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အရသာရှိရှိ တွဲသောက်လို့ ရတာပေါ့ဗျာ)။ :)

အားလုံးသို့ လေးစားစွာဖြင့် …

ဒေါက်တာလွဏ်းဆွေ
ညနေ ၄း၄၀ နာရီ
၂၆ ဧပြီ ၂၀၁၆

No comments: