Thursday, June 12, 2014

မိုးသီး ဗီဇာ ငြင်းပယ်ခံရတယ်

Than Htut's Facebook Status
မြန်မာအာဏာပိုင်တွေက ဗီဇာသက်တမ်းကုန်လို့ နေထိုင်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့ ၈ လေးလုံးကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ဟာ တနင်္လာနေ့က ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကတဆင့် ဗီဇာသက်တမ်း တိုးပေးဖို့ ပြန်လျှောက်ရာမှာလည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

"ကျနော့်ကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဗီဇာသက်တမ်းတိုးပေးဖို့ ငြင်းခဲ့တယ်။ အမေရိကား သွားပြီး အဲဒီက ပြန်လျှောက်ဖို့ ပြောခဲ့တယ်" လို့ ကိုမိုးသီးက ပြောတယ်။

သူ့အနေနဲ့ အမေရိကားပြန်သွားပြီး ဗီဇာပြန်လျှောက်ဖို့ဆိုတာ လတ်တလောမှာ အတော်ခက်ခဲပြီး မဖြစ်နိုင်သေးတဲ့အကြာင်း၊ တာဝန်ရှိသူတွေနဲ့ ပြန်ညှိနှိုင်းပြီး လုပ်ကြည့်ဦးမယ်လို့ ကိုမိုးသီးက တယ်လီဖုန်းနဲ့ ဆက်သွယ်တုန်း ပြောပြတယ်။

"ကျနော်နဲ့ မိုးဟိန်းကို မြန်မာလေကြောင်းလိုင်းတွေကနေ မတင်ဆောင်ဘို့ စာထုတ်တယ်လို့လည်း အထဲက မိတ်ဆွေတွေကတဆင့် သိရတယ်" လို့ သူက ဆက်ပြောပြတယ်။

"လက်ရှိ ပြည်တွင်းနိုင်ငံရေးက မငြိမ်ဘူး၊ လူထုက အတော်ဆင်းရဲနေတယ်၊ ဒေါသတွေထွက်နေတယ်။ ဒီအတိုင်းဆက်သွားရင် မကြာမီ လူထုအုံကြွမှုကြီး ပေါ်လာနိုင်တယ်။ လူထုက သူတို့ ထွက်ပေါက် သူတို့ဖာသာ ရှာကြလိမ့်မယ်" လို့လည်း ကိုမိုးသီးက ပြောတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ ကိုမိုးသီး ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုအပေါ် အစိုးရနဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်း၊ ပါတီတွေကပါ သဘောကျမှာမဟုတ်ဘူး။ သူဟာ လူတွေ လမ်းမပေါ် ရောက်အောင် ဆူပူလှုံ့ဆော်ဖန်တီးမယ့်သူလို့ မြင်ကြဟန်တူတယ် လို့ ပြောကြတယ်။

ဒါကြောင့် အစိုးရက သူ့ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအထိ ပြည်တွင်းထဲမှာ ရှိနေတာ လိုလားဟန်မရှိဘူးလို့ ဝေဖန်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့လက အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောနှိုးဆော်မှုတွေဟာ ထောင်သောင်းချီတဲ့ လူထုပရိသတ်ကြီး လမ်းမတွေပေါ် ရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အဲဒီလို လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှု အားသာချက်အပေါ် သမ္မတဦးသိန်းစိန်အစိုးရနဲ့ အစိုးရကို အမှီသဟဲပြုနေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီနဲ့ သမ္မတအကြံပေးအဖွဲ့တွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အစိုးရလက်ကိုင်အဖွဲ့အစည်းတွေက နှစ်လိုဟန်မပြခဲ့သလို စိုးရိမ်မကင်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ မေလက စပြီး ဒီကနေ့ထိ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူတွေအကြား လက်မှတ်ထိုးကောက်ခံရာမှာ စုစုပေါင်း လက်မှတ် ၂ သန်းကျော် ရရှိနေပြီလို့ သိရတယ်။

ဒါပေမယ့် အဲဒီလက်မှတ်တွေဟာ တိုင်းရင်းသားအများစု နေထိုင်တဲ့ ပြည်နယ်ဒေသတွေနဲ့ တိုင်းအချို့ မှာ ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံမှုတွေ မရှိသေးဘူးလို့လည်း သိရတယ်။

နိုင်ငံရေးအကဲခတ်အများစုကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အစိုးရနဲ့ ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုတွေအကြား တင်းမာမှု၊ အားပြိုင်မှုနဲ့ နိုင်ငံရေးပဋိပက္ခတွေ အရှိန်မြှင့် ဖြစ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
လေကြောင်းလိုင်းမှာ ကိုမိုးသီးဇွန်တို့အား တင်ဆောင်ခြင်းမပြုရန် ညွန်ကြားချက်
(ဓာတ်ပုံ- ကိုမိုးသီးဇွန်ရဲ့ ဖေ့စ်ဘုတ်)

ကိုညို (အော်စလို)

2 comments: