Monday, September 9, 2013

အန်ကယ်နဲ့ ကျနော် ၂ နှစ်ကျော်ကျော် …

အန်ကယ်နဲ့ ကျနော် ၂ နှစ်ကျော်ကျော် …
ဒေါက်တာလွဏ်းဆွေ

အိပ်မက်မက်တတ်ခဲသည့် ကျနော် စက်တင်ဘာ ၇ ရက်နေ့ နံနက်အစောပိုင်းက မက်တောင့်မက်ခဲ အိပ်မက်တခု မြင်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ကျနော် တွေ့ခဲ့ရသူမှာ မကြာသေးမီ သြဂုတ်လ ၂၃ ရက်နေ့က ကျနော်တို့အား နှုတ်မဆက်ဘဲ ရုတ်တရက် ခွဲခွာသွားခဲ့သည့်၊ ကျနော်က “အန်ကယ်” ဟု ရင်းရင်းနှီးနှီး လေးလေးစားစား ခေါ်ပြောလေ့ရှိသည့် သတင်းစာဆရာကြီး ဦးသောင်းဝင်း ခေါ် ဆရာသောင်းဝင်းဗိုလ် ဖြစ်နေသည်။ ကွယ်လွန်ပြီး ၁၅ ရက်မြောက်နေ့တွင် အန်ကယ် ကျနော့်ကို အိပ်မက်လာပေးခြင်းဖြစ်သည်ဟု ပြောနိုင်မည်ထင်သည်။

ထူးဆန်းသည်က အန်ကယ့်ကို အိပ်မက်ထဲမှာ ကျနော် မြင်ခဲ့ရသည့် နေရာနှင့် အန်ကယ် ၀တ်ဆင်ထားသည့် အင်္ကျီဖြစ်သည်။ အန်ကယ့်ကို ကျနော် မြင်တွေ့ရသည့် နေရာက ကျနော် အလည်အပတ် မရောက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပျဉ်းမနားမြို့ရှိ ကျနော်၏ (ဖခင်ဘက်မှ) အဘိုးအဘွာများ နေထိုင်ခဲ့ရာ ရှေးဟောင်း တထပ်တိုက်အိုကြီး (ငြိမ်းချမ်းရေးစာပေတိုက်ဟောင်း) ၏ ရှေ့တွင်ဖြစ်သည်။

၃ ခန်းတွဲ တိုက်အိုကြီး၏ ညာဘက်အစွန်ခန်းရှေ့တွင် ကျနော် ထွက်ရပ်နေတုန်း ဆိုင်ကယ်တစီး “၀ူး” ဆို ထိုးဆိုက်သံ ကြားရသည့်အတွက် ကျနော် ဘယ်ပြန်လှည့်အကြည့်တွင် အန်ကယ်က ကျနော့်ကို ကျောပေးလျက် အလယ်ခန်း သံဘာဂျာတံခါးနား မျက်နှာကို ကပ်၍ တိုက်ထဲသို့ ချောင်းကြည့်နေသည်ကို မြင်ရ၏။ ကျနော် အတိုင်းမသိ ပျော်ရွှင်သွားပြီး “အန်ကယ် … ကျနော် ဒီမှာ အန်ကယ်” ဟု ၀မ်းသာအားရ အော်ပြောလိုက်သည်။ သို့သော် ကျနော့်အသံကို အန်ကယ် ကြားပုံမပေါ်။ လှည့်မကြည့်။ သံဘာဂျာတံခါးမှနေ၍ တိုက်ထဲသို့ ချောင်းကြည့်မြဲကြည့်နေ၏။ အန်ကယ့်ဒီဇိုင်းက ကျနော် ယခု အိမ်နေရင်း ၀တ်ဆင်လေ့ရှိသည့် ကော်လာပါ အရောင်လွင့် လက်တိုအင်္ကျီ အစိမ်းကွက်လေးရယ်၊ သူ အိမ်နေရင်း ၀တ်ဆင်လေ့ရှိသည့် အကွက်စိတ်စိတ် ပုဆိုးဟောင်းလေးရယ် ဖြစ်သည်။ ယခုလို ခပ်နွမ်းနွမ်း ဒီဇိုင်းမျိုးနှင့် အန်ကယ့်ကို အပြင်မှာ မတွေ့ရဖူး၍လည်း ကျနော့်မျက်စိထဲ အမြင်ဆန်းနေသည်။ ကျနော် ထပ်၍ အော်ပြောသော်လည်း အန်ကယ် မကြား။ ခဏအကြာတွင် အန်ကယ်က စေ့ထားသည့် သံဘာဂျာတံခါးကို အလယ်မှ ဆွဲမဖွင့်ဘဲ ဒီအတိုင်း တိုးဝင်ပျောက်ကွယ်သွားသည်ကို ကျနော် ရပ်ကြည့်ကာ အံ့သြမှင်တက်မိနေ၏။ ထိုသို့ မှင်တက်မိနေစဉ် အခိုက်အတန့်မှာပင် ကျနော့်ရှေ့မှ အန်ကယ် ရိပ်ကနဲ ပြန်ဖြတ်သွားပြီး ၀ူးကနဲ ဆိုင်ကယ်မောင်းထွက်သွားသံ ကြားလိုက်ရ၏။ ထို့နောက် အိပ်ရာမှ ရုတ်တရက် နိုးထလာခဲ့သည့် ကျနော် ပြန်အိပ်မရဘဲ နဖူးပေါ် လက်တင်ရင်း အန်ကယ့်အကြောင်းတွေ စဉ်းစားခန်းဝင်နေမိတော့၏။ အပြင်ဘက်တွင်ကား နံနက်စောစော အမှောင်ထုက တအိအိ ပိကျနေဆဲ …။

*******

အန်ကယ်နှင့် ကျနော် ရေစက်ဆုံခဲ့ပုံတွေက ကျနော့်အနေနှင့် အိပ်မက်တခု မြင်မက်မည်ဆိုလျှင်လည်း မက်လောက်စရာ အကြောင်းတရားတွေ ရှိခဲ့သည်မို့ အိပ်မက်မက်ခဲ့ခြင်းအပေါ် ကျနော် ထူးပြီး အံ့သြတာမျိုးမဖြစ်မိ။

အန်ကယ် မဲဆောက်သို့ ရောက်ကာစ ၂၀၁၁ ခုနှစ် နှစ်လယ်လောက်ကဖြစ်သည်။ ထိုစဉ်က ကျနော် တလကြာ တုပ်ကွေးမိပြီး အစားပျက် အသောက်ပျက်နှင့် ခပ်မျော့မျော့ဖြစ်နေချိန်ဖြစ်သည်။ အန်ကယ် ရောက်လာပြီဟု အန်ကယ့်သမီး မအေးမာ ဖုန်းဆက်၍ ကျနော် နုံးချိချိအနေအထားနှင့်ပင် ကဗျာဆရာမောင်လွမ်းဏီ+မအေးမာ (VOA သတင်းထောက်) တို့၏ နေအိမ်သို့ ဆိုင်ကယ်စုတ်လေးကို ကြိုးစားမောင်းနှင်ကာ အရောက်လာခဲ့၏။ အန်ကယ့်ကို တွေ့တွေ့ချင်း ကျနော့်မျက်စိထဲ ဖျတ်ကနဲ ပြေးမြင်မိသည်က ကွယ်လွန်သူ KNU အထွေထွေအတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာလားဖန်း၏ မျက်နှာ …။ သို့သော် အန်ကယ်က ဆရာမန်းရှာထက် ပို၍ ဂိုင်းကောင်းကောင်း ထောင်ထောင်မောင်မောင်း တောင့်တောင့်တင်းတင်းမို့ ဆရာမန်းရှာ၏ အစ်ကိုကြီးဟု မသိသူများကို မိတ်ဆက်ပေးလျှင် ယုံကြမည်ပင်ဟု ကျနော့်စိတ်ထဲတွေးရင်း ပြုံးနေမိသည်။

ထိုနေ့က တုပ်ကွေးမိ၍ မသောက်တာ ရက်အနည်းငယ်ကြာပြီဖြစ်သည့် ကျနော် ဆရာမောင်လွမ်းဏီတို့၏ နေညိုချိန် ဗီအိုင်ပီဝိုင်းတွင် စတိသဘော ၀င်မော့ပြီးမှ အန်ကယ်ရှိရာ အိမ်မဘက်ခန်းသို့ ကူးပြီး စကားစမြည်ပြောရင်း အန်ကယ့်ကို နှုတ်ဆက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အန်ကယ်က ပြည်တွင်းမှာကတည်းက ကျနော့်နာမည်နှင့် ဘလော့ကို မည်သို့မည်ပုံ ရင်းနှီးခဲ့ရကြောင်း ပြောပြရင်း လူချင်း စတင် နီးစပ်သွားခဲ့သည်။ ထို့နောက် ၂ ရက်ခန့်အကြာတွင် ယမကာမှီဝဲခြင်းအမှုကို ကျနော့်အကြောင်းနှင့်ကျနော် ဆိုင်းမဆင့်ဗုံမဆင့် လုံးဝ ရပ်နားလိုက်တော့သည်။ တုံးတိ ရပ်နားလိုက်၍လားမသိ၊ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို အချိန်အတော်ကြာကြာ ကျနော် ခံစားလိုက်ရသည်။ ထိုသို့ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အန်ကယ်နဲ့ စတွေ့ချိန်လောက်မှစ၍ အန်ကယ် ကွယ်လွန်ချိန်အထိ ကျနော် အရက် လုံးဝ မသောက်ဖြစ်တော့ခြင်းသည်လည်း နောင်တွင် အန်ကယ်နဲ့ ကျနော် စကားစပ်မိတိုင်း အမှတ်တရ ပြောဆိုစရာ အကြောင်းအရာလေးတခု ဖြစ်ခဲ့ရလေသည်။

အန်ကယ်နှင့် စတင်သိကျွမ်းပြီးနောက်ပိုင်း ၂၀၁၂ စက်တင်ဘာလဆန်းအထိ မဲဆောက်တွင် ရှိနေခဲ့သည့် ဆရာနေမျိုးအေး (မဲဆောက် CDC ကျောင်းမှ ဒု-ကျောင်းအုပ်၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ အယ်ဒီတာဟောင်း)၊ ကျနော်နှင့် အန်ကယ်တို့ သုံးဦးသား ထုံထောင်းထဲရှိ မင်းသားကြီးနှင့် မြတ်လက်ဖက်ရည်ဆိုင်တို့တွင် တပတ်လျှင် ဆရာနေမျိုးအေး ကျောင်းအားသည့် စနေ၊ တနင်္ဂနွေ နှစ်ရက် အနည်းဆုံး ဆုံဖြစ်ခဲ့ကြသည်။ တခါတခါ ဆရာနေမျိုးအေးက ကျောင်းဖွင့်ရက်တွင်ပင် “ခင်ဗျားတို့ ရောက်နေကြပြီလား” ဟု ဖုန်းလှမ်းထိုးပြီး သူ၏ ဆိုင်ကယ်အမဲလေးကို ခပ်သွက်သွက် မောင်းနှင်လာကာ အချိန်ရသလောက်ကလေး လေလာကန်တတ်သေးသည်။

ကျနော်နှင့် အန်ကယ်ကတော့ နံနက်ဆို ဖုန်းဆက်ချိန်းဆိုပြီး မင်းသားကြီး၊ မြတ် လက်ဖက်ရည်ဆိုင်နှင့် အန်ကယ့်အိမ် … စသည့် တနေရာရာမှာ ဆုံဖြစ်မြဲဆိုပါတော့။ တချို့ရက်များတွင် ကျနော် အိပ်ရာမနိုးမီ သို့တည်းမဟုတ် အိပ်ရာထဲ ပျင်းကြောဆွဲနေချိန်တွင် အန်ကယ့်ထံမှ ဖုန်းဝင်လာတတ်၏။ ဖုန်းကို နားအနီး ကပ်လိုက်သည်နှင့် “နိုးပြီလား” ဆိုသည့် ခပ်သြသြ အသံလုံးကြီးကြီးနှင့် မေးမြန်းသံကို ကြားရတတ်မြဲ။ ကျနော်က “ဟုတ်ကဲ့ အန်ကယ်” ဟု ပြန်ပြောသည်နှင့် အန်ကယ့်ထံမှ ပြန်ကြားရလေ့ရှိသည့် အသံများက “နိုးရင် အိမ်မှာ လာစား … ပဲပြုတ်နဲ့ ထမင်းကြော်ထားတယ်” “နိုးရင် အိမ်မှာ လာစား … နံပြားနဲ့ မလိုင် ၀ယ်ထားတယ်” “နိုးရင် အိမ်မှာ လာစား … မုန့်ဟင်းခါး ချက်ထားတယ်” “နိုးရင် အိမ်မှာ လာစား … ၀က်နံရိုးဟင်း ချက်ထားတယ်” “နိုးရင် အိမ်မှာ လာစား … ၀က်သားကြံမဆိုင် ချက်ထားတယ်” “နိုးရင် အိမ်မှာ လာစား … ဆရာကြိုက်တဲ့ ၀က်သားအာလူးဟင်း ချက်ထားတယ်” “နိုးရင် အိမ်မှာ လာစား … ဆရာကြိုက်တဲ့ ဘဲဥ ခရမ်းချဉ်သီးနဲ့ ချက်ခိုင်းထားတယ်” “နိုးရင် အိမ်မှာ လာစား … … ဆရာကြိုက်တဲ့ အာလူးကက်သလိပ် မဌေးကို လုပ်ခိုင်းထားတယ်” စသည် စသည်ဖြင့် တခါတမျိုး မရိုးနိုင်လောက်အောင်ပင် …။

အန်ကယ် ဖုန်းမခေါ်သည့် နံနက်ခင်းများတွင်လည်း ကိုယ်လက်သန့်စင်ပြီးသည်နှင့် ကျနော်က “အန်ကယ် … ကျနော် မင်းသားကြီးကို ထွက်လာပြီ” ဟုဆိုလျှင် အန်ကယ်က “ကောင်းပြီ အခု လာခဲ့မယ်” ဟု မဆိုင်းမတွ ပြောဆိုမြဲ၊ များမကြာမီ မင်းသားကြီးဆိုင်သို့ ဆိုင်ကယ်မောင်းလာကာ စမတ်ကျကျ ၀တ်စားဆင်ယင်မှုနှင့် ရောက်လာတတ်မြဲ၊ ကျနော်နှင့် ရောက်တတ်ရာရာတွေ ပြောဆိုဆွေးနွေးတတ်မြဲ …။

ရံဖန်ရံခါ ညနေခင်းများတွင် ဂရေ့စ်၊ ကွမ်တုံ၊ ပေါ့အိုင်းစာသောက်ဆိုင်နှင့် ကြက်ပေါင်းဆိုင်ဟု ကျနော်နှင့် အန်ကယ်တို့ ခေါ်ဝေါ်သည့် မဲဆောက် တရုတ်ဘုံကျောင်းနှင့် မနီးမဝေးမှ အမည်မသိ ထိုင်းစားသောက်ဆိုင်တို့တွင်လည်း အန်ကယ်က ကျွေးလိုက်၊ ကျနော်က ကျွေးလိုက်နှင့် နှစ်ဦးသား တပတ်တခါလောက် ဆုံဖြစ်တတ်ကြသေးသည် (အန်ကယ် ပိုက်ဆံ အတင်းထုတ်ရှင်းသည်က များပါသည်)။ ဆရာနေမျိုးအေး ရှိစဉ်ကလည်း အန်ကယ်က သူ၏ အပတ်စဉ် အာရ်အက်ဖ်အေ အသံလွှင့်ဆောင်းပါးအတွက် စာမူခရောက်တိုင်း ကျနော်တို့နှစ်ဦးထံ “ဒီနေ့ ၀မ်းနှုတ်ထားကြ၊ ညနေ ဆုံမယ် ဟဲ ဟဲ” ဟု ဖုန်းဆက် သတိပေးတတ်ပြီး တရုတ်အစားအစာများ ရောင်းချသည့် ဂရေ့စ်နှင့် ကွမ်တုံစားသောက်ဆိုင်တို့တွင် တလှည့်စီ ကျွေးမွေးတတ်မြဲဖြစ်သည်။ ဒီကြားထဲ ကပ္ပီဘန့်မှ ဈာန်ဆရာလေး၏ နေအိမ်နှင့် ဖိုးထူးလက်ဖက်ရည်ဆိုင်တို့တွင်လည်း လေကန်ရင်း ဝေဖန်ရင်း တိုက်ပွဲဝင်ရင်း ရံဖန်ရံခါ အချိန်ဖြုန်းတတ်ကြသေးသည်။

လူချင်းဆုံသည်နှင့် အန်ကယ်နှင့် ကျနော့်တို့အကြား မြန်မာ့အရေး၊ ကမ္ဘာ့အရေး၊ မဲဆောက်အရေး၊ အန်ကယ် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်တွင်းမှ စစ်အုပ်စုဗီအိုင်ပီလောက၊ အန်ကယ်နှင့်ကျနော် ကျင်လည်ခဲ့သည့် မီဒီယာလောက၊ အန်ကယ် သိကျွမ်းခဲ့သည့် ဂီတလောက၊ ရုပ်ရှင်လောက၊ အားကစားလောက၊ ခရိုနီလောကနှင့် အခြားအခြားသော လောကသားတွေအကြောင်း တနေ့တမျိုး မရိုးနိုင်လောက်အောင် ပြောမကုန် ဆွေးနွေးမကုန်၊ အန်ကယ့်ဆီက သိချင်တာတွေ မေးမကုန်အောင် ရှိခဲ့လေသည်။

အန်ကယ်က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်မှသည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကန့်လန့်ကာနောက်ကွယ် ၀င်ရောက်ခါနီးအချိန်အထိ နှစ်ပေါင်း ၄၀ နီးပါး လူကြီးခရီးစဉ်အတော်များများကို အနီးကပ် လိုက်ပါ သတင်းယူပေးခဲ့ရသူ ၀ါရင့်ဓာတ်ပုံသတင်းထောက်ကြီး ဖြစ်သည့်အားလျော်စွာ အန်ကယ်နှင့် ဆုံဖြစ်သည့်အခါ စစ်အာဏာရှင် ဗီအိုင်ပီပုဂ္ဂိုလ်တွေအကြောင်း တစွန်းတစ ကြားရတတ်၏။ သို့သော် ထိုသို့ ကြားရတတ်သည်မှာ အန်ကယ်က စိတ်လိုလက်ရ စတင်ပြောပြခြင်းမျိုးထက် ကျနော်တို့က ကိုယ်သိချင်သည့် စစ်ဗီအိုင်ပီပုဂ္ဂိုလ်တွေအကြောင်းကို မေးနိုင်လွန်း၍ ပြောပြခြင်းမျိုးသာဖြစ်၏။ ပြောပြသည့်အခါတွင်လည်း အန်ကယ်က စစ်ဗီအိုင်ပီပုဂ္ဂိုလ်တွေအကြောင်း အတိုက်အခံအသိုင်းအ၀ိုင်း သဘောကျ မျက်နှာလိုမျက်နှာရလုပ်ပြီး အားနည်းချက် ပိုပိုသာသာ အားသားချက် လျှိုလျှိုသာသာ ပြောပြခြင်းမျိုးမဟုတ်ဘဲ သူနဲ့ ပတ်သက်ဆက်ဆံကြုံတွေ့ခဲ့ရပုံများကိုသာ သတင်းသမားပီပီ အပိုဆာဒါးမပါ ဖောက်သည်ချခြင်းမျိုးဖြစ်၏။

အထူးသဖြင့် အန်ကယ်သည် ပုဒ်မ ၁၇ (၁) (မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ) ဖြင့် ထောင်ဒဏ် ၃ နှစ် စီရင်ချက်ချမှတ်ခံရသည့် (ABSDF တပ်ဖွဲ့ဝင် သမီးဖြစ်သူနှင့် ဆက်သွယ်မှုပုဒ်မဖြင့် ရာထူးမှ ထုတ်ပယ်ခံရကာ အရေးယူအပြစ်ပေးခံရသည့်) ၂၀၀၈ ခုနှစ် ဇူလိုင်လ ၇ ရက်မတိုင်မီအချိန်အထိ ထိုစဉ်က မြန်မာပြည်သူလူထု ပို့သသည့်မေတ္တာကို အကြီးအကျယ် ခံယူတော်မူနေသော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အနီးအပါးတွင် နှစ်ရှည်လများ သတင်းတာဝန်များနှင့် လူကြီးခရီးစဉ်တာဝန်များကို နေ့ညမဟူ ထမ်းဆောင်ခဲ့သူဖြစ်သည်။ သို့သော် ၀န်ကြီး ဦးကျော်ဆန်းနှင့် ဆက်စပ်ပတ်သက်ခဲ့သည်များကို ပြောပြရာတွင်လည်း …။

(ဆက်လက်ဖတ်ရှုပါရန်)

ဒေါက်တာလွဏ်းဆွေ

2 comments:

ဗညား said...

အားပေးနေပါတယ် ဆရာလွဏ်း

S.Maung Chain said...

I think this dream mean to follow his way and you have to continue your activity in the country again.Carry on Dr Lwan.
Cause we are not done everythings yet.Don't for get you are the one for our revolution.
Take care your health and take care our peoples.
Thank a lot and god bless u to syay lone life.