Sunday, September 22, 2013

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၉)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

ဇူလိုင် ၁၃

“သွေးမော်ကွန်း”

ရဲရဲနီစွေး
ခွပ်ဒေါင်းသွေးနဲ့
ချောင်းလေးတခုစီးခဲ့ပြီ။ ။

(၈၈ စစ်တပ်အာဏာသိမ်းပြီးစ ငယ်လက်ရာ)

ဇူလိုင် ၁၃
“နောက်ဆုံးတော့ ဒီဘူတာ ...”

လက်နက်ကိုင်အင်အားစုတွေရဲ့ ငြိမ်းချမ်းရေးခရီးရှည်ချီတက်ပွဲကြီးလည်း နောက်ဆုံးတော့ ကားပါမစ် အဝေမတည့်လို့ စိတ်ဝမ်းကွဲကြတာရယ် ...

ဘာမှန်းညာမှန်းမသိတဲ့ အောင်ကြူကြူ ဆွေးနွေးဘက်တွေနဲ့ တွေ့ဆုံဆွေးနွေးရတာရယ်မှာ ဂိတ်ဆုံးလေပြီလား ...

ဇူလိုင် ၁၃
“အင်တိုက်အားတိုက် ကောက်ခံကြည့်ကြပါစို့လား ...”

အရေးထဲအရာပေါ်နေတဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် မန္တလေးက မြို့နယ်တွေနဲ့ မြောက်ဥက္ကလာပမှာ မဏ္ဍပ်တွေ ထိုးပြီး လက်မှတ်ကောက်ခံခွင့်တွေ ရနေတယ်ဆိုတော့ ...

မြန်မာနိုင်ငံသားတွေအတွက် အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်တဲ့ ၂၀၀၈ နာဂစ်ဥပဒေကြီး ပြင်ဆင်ရေးအတွက် မြန်မာပြည်အနှံ့ ရပ်ကွက် မြို့ရွာ အသီးသီးမှာ မဏ္ဍပ်တွေ ထိုးပြီး လက်မှတ်စုဆောင်း ကောက်ခံမယ်ဆိုရင်ကော ဦးလေးသိန်းစိန်တို့ အာဏာပိုင်တွေ ခွင့်ပြုလေမလား ...

အင်တိုက်အားတိုက် ကောက်ခံကြည့်ကြပါစို့လား ...

ဇူလိုင် ၉
“ဒေါက်တာအောင်ကျော်ဦး”

ဒီည ... တခါမှ ကြည့်ခွင့်မကြုံခဲ့သေးတဲ့ ဆရာကြီး ရွှေဒုံးဘီအောင်ရဲ့ “ဒေါက်တာအောင်ကျော်ဦး” ဇာတ်ကားကို ကံကောင်းထောက်မစွာ စကိုင်းနက်ရုပ်သံမှာ ကြည့်လိုက်ရတယ်။ မြန်မာရုပ်ရှင်တွေကို ခံတွင်းမတွေ့တာ အတော်ကြာပြီဖြစ်တဲ့ ကျနော် အကျေနပ်ကြီး ကျေနပ်သွားမိသလို ကိုရီးယားကားရောဂါ စွဲကပ်နေတဲ့ မြန်မာရုပ်ရှင်ကြည့်ပရိသတ်တွေကို ဆရာကြီး ရွှေဒုံးဘီအောင် တမလွန်ကနေ ဘယ်လိုအပြုံးမျိုးနဲ့ ကြည့်နေမှာပါလိမ့်လို့လည်း တွေးနေမိတယ်။

ဇူလိုင် ၃
“၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စဉ်းစားပေးစေချင် ...”

ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို လာမယ့် သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပမယ့်အစား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြပွဲတွေ နေရာအနှံ့ ဆင်နွှဲကြမယ်ဆိုရင် မပြီးဆုံးသေးတဲ့ ဒီမိုကရေစီခရီးအတွက် ပိုအကျိုးရှိပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးကိုလည်း အဓိပ္ပာယ်ရှိရှိ ဂုဏ်ပြုရာရောက်မယ်လို့ အလေးအနက် အကြံပြုလိုပါတယ်။

ဇူလိုင် ၃
“ဒွတ်ခ”

“ဦးလေးသိန်းစိန်တို့ကတော့ လွှတ်သင့်သူတွေကို မလွှတ် ... လွှတ်မထားသင့်တဲ့သူတွေကို လွှတ်ထား ... ဒွတ်ခပါတကား ...”

ဇူလိုင် ၂
“လမ်းဆက်ချော်နေရင်တော့”

အခုအချိန်မှာ ခေါင်းတွဲက မယောင်ရာလူးတဲ့ ဆီတွေပေပြီး လမ်းဆက်ချော်နေရင်တော့ ၂၀၁၅ အတွက် မတွေးရဲစရာ ...

“အရေးကြီးပြီ ညီနောင်အပေါင်းတို့ ... ၂၀၀၈ ကို ပြင်ဖို့ ကြိုးစားစို့”

ဇူလိုင် ၂
“ကမ်းကို ပြန်ကပ်ကြပါ့ဦးမလား”

ကျနော်တို့လူတွေလည်း ကြံ့ဖွံ့စစ်အုပ်စုနဲ့ ဦးဝီရသူ ဖွတဲ့နောက် တကောက်ကောက် လိုက်ပါကြရင်း အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကမ်းကို ပြန်ကပ်ကြပါ့ဦးမလားမသိ :((((

“ဆင်သေကောင် အနားနားဝယ် တ၀ဲလည်လည် ... လိုက်ပါလို့ သွားကြတယ် ... သောင်နဲ့ ကမ်းခြေ ကွာဝေးခဲ့ကြတယ် ... အပြန်လမ်းမရှိတဲ့ ငှက်ကျေးငယ်ဘ၀နှယ် ... :((((

ဇွန် ၂၇
“TIME မဂ္ဂဇင်းကို မဲ”

“အကြမ်းဖက်သမားကို မဖော်ထုတ်ရဲ ... TIME မဂ္ဂဇင်းကို မဲ” :)

ဧပြီ ၂၅
“သူ့ဆန်စား ရဲရ”

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ဆိုသူရဲ့ အပြောအဆို အရေးအသားတွေကို နားထောင် ဖတ်ရှုကြည့်ရတာ ပင်ကိုယ်အားဖြင့်တော့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လူကြီးလူကောင်းဆန်ဆန် တည်တည်ကြည်ကြည် ပြောဆိုနေထိုင် လုပ်ကိုင်ချင်စိတ်ရှိပုံပဲ။ ဒါပေမယ့် ဘယ်လိုပဲ ရိုးသားပွင့်လင်းချင်သော်ငြား သူ လုပ်ရတဲ့အလုပ်က “သူ့ဆန်စား ရဲရ” ဆိုသလို ကြံ့ဖွံ့စစ်အုပ်စုရဲ့ မဟုတ်မဟတ် လုပ်ဇာတ်တွေကို ရှေ့ဆုံးကနေ လိမ်လည်ဖုံးကွယ်ပြောဆိုပေးရတဲ့ အလုပ်ဆိုတော့ တခါတခါလည်း သတိလက်လွတ် အဆီအငေါ်မတည့်ဖြစ်ပြီး အစွယ်တငေါငေါ တဂီးဂီး မာန်ဖီနေတဲ့ပုံတွေ၊ အပြောတွေကို တွေ့ရတာ ကရုဏာသက်ချင်စရာ ...

ဇွန် ၂၅
“အရေးကြီးဆုံးကိစ္စ”

၂၀၁၅ ရွေးကောက်ပွဲ ၀င်နွှဲကြမယ့် အတိုက်အခံပါတီတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေ အမှန်တကယ် စုဖွဲ့ပြင်ဆင်ထားဖို့ လိုတာတွေထဲမှာ ကြံ့ဖွံ့အုပ်စုဘက်က နည်းမျိုးစုံနဲ့ အကြမ်းဖက်လာမယ့် အန္တရာယ်ကို ဘယ်လိုဘယ်ပုံ ကာကွယ်တုံ့ပြန်ကြမလဲ ဆိုတာ အရေးကြီးဆုံးကိစ္စ ဖြစ်မယ်လို့ ထင်ပါတယ်။

ဇွန် ၂၅
“မရှင်းလို့ မေးကြည့်တာပါ”

၈၈ မျိုးဆက် ပွင့်လင်းအစ်ကိုတော်ကြီးတွေက သမ္မတရုံး ဒု-၀န်ကြီးအဆင့်လောက် မကျတကျ ... အတိုက်အခံ မဟုတ်တဟုတ် အခန်းကဏ္ဍကနေ ကပြ အသုံးတော်ခံနေတာများလား ...

ဇွန် ၂၁
“ကွက်ရှုပ်ထဲ ကွက်ရွှေ့မှားရင် ...”

ကြိုးကိုင်ရင်း ကြိုးကိုင်ရင်း ကြိုးကိုင်သူတွေ ကြိုးရှုပ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်မိတဲ့ အနေအထား ရောက်သွားနိုင်သလို ရှုပ်နေတဲ့ ကြိုးတွေကို ဖြည်ဖို့ ကြိုးစားသူတွေလည်း တကြိုးမဟုတ် တကြိုးနဲ့ ငြိပြီး မှောက်လျက်လဲကျနိုင်တဲ့ အချိန်အခါပေတကား ... မျက်စိရှင်ရှင် သတိကြီးကြီးထားနိုင်မှ ...

ဇွန် ၁၉
“သူက ဟတ်လိုင်းလေ”

ကျနော့်ညီငယ် Nyi Saw Lwin (စာရေးဆရာ နေသွင်) က ဘာရယ်ကြောင့်မသိ ... သူ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ ကျနော့်ကို “သူက ဟတ်လိုင်းလေ” ဆိုပြီး မိတ်ဆက်ပေးလေ့ရှိတယ်။ တကယ်တော့ ကျနော်က စမ်းမကြည့်ခင်၊ ကိုင်မကြည့်ခင်ကတည်းက ပျော့ချင်နေသူဆိုတာကို သူမသိလို့ပါ :P ... တော်ကြာ သူ့စကားကို ဦးသန်းရွှေကြီး ကြားသွားပြီး ကျနော့်ကို နေရင်းထိုင်ရင်း လန့်နေမှာလည်း စိုးမိပါတယ်။ :)

ဇွန် ၁၉
“ဟက်ပီဘတ်ဒေး”

၂၀၁၀ မတိုင်မီက “ဘူးသီး” ကြီးတော့ “ဖရုံ” ဖြစ်သွားပြီးပြီ ... “ဖရုံ” ကနေ ဘာဆက်ဖြစ်လေမလဲ။

ဘာပဲဖြစ်ဖြစ် ... ဟက်ပီဘတ်ဒေးပါ။ :)

ဇွန် ၁၉
“ဘာတွေကို ယုံကြည်ရမလဲဟေ ... (ချစ်ကောင်း)”

ဖွဲ့စည်းပုံကို ပြင်ဖို့ လူထုအား အများကြီး လိုတယ်လို့ ပြောလိုက် ...

လွှတ်တော်ထဲမှာ ပြင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောလိုက် ...

နောက်ထပ်ကော ဘာထပ်ကြားရလေဦးမလဲ ...

ဟိုလိုလို ဒီလိုလိုနဲ့ ၂၀၁၅ ရောက်သွားတော့မလား ...

ဇွန် ၁၅
“သူခိုးစောင့်ဥပဒေ”

အပေါ်ကနေ အောက်ခြေအထိ သူခိုးတွေ ဒင်းကြမ်းဆင့်နေတဲ့ တိုင်းပြည်မှာ “သူခိုးစောင့်ဥပဒေ” ထုတ်တာကမှ ဟုတ်တုတ်တုတ် ... :P

ဇွန် ၁၄
“ဂရုဏာသက်စရာပါ”

အသိမိတ်ဆွေတွေထဲမှာ သားသမီးတွေကို လူမျိုးခြား ဘာသာခြားနဲ့ ညားမှာ ကြောက်လို့ စိုးရိမ်ကြီးပြီး လူရှေ့သူရှေ့မရှောင် တတွတ်တွတ် ကြိမ်းမောင်း မြည်တွန်တောက်တီးနေတတ်တဲ့ မိတ်ဆွေ ဘိုးတော် ဘွားတော်တချို့ ရှိတယ်။ ဒါပေမယ့် သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်လို့ ပြောရလေမလားပဲ။ အဲဒီလိုလူတွေရဲ့ သားသမီးတွေပဲ မကြာပါလေဘူး၊ လူမျိုးခြား ဘာသာခြားတွေနောက် ကောက်ကောက်ပါအောင် လိုက်ပြေးသွားကြတာ။ အဲဒီအခါကျမှပဲ နားညည်းသက်သာရော ဆိုသလို ...။

အမှန်တကယ်တော့ လူ့ဆိုက်ကိုလိုဂျီကို နားမလည်ရှာတဲ့ အဲဒီ ဘိုးတော် ဘွားတော်တွေရဲ့အဖြစ်က ဂရုဏာသက်စရာပါ။ လူ့စိတ်လူ့သဘာဝ ဆိုတာက မလုပ်နဲ့ဆိုတာကို လုပ်ချင်တယ်။ မကိုင်နဲ့ဆိုတာကို ကိုင်ကြည့်ချင်တယ်။ မကြည့်သင့်လို့ ဖုံးထားတာကိုမှ လှပ်ကြည့်ချင်တယ်တဲ့ သဘောသဘာဝရှိပေသကိုး။ ဒါကြောင့်လည်း မကြည့်သင့်လို့ ဖုံးထားတဲ့ ကိုယ်အင်္ဂါတွေ ပေါ်ပေါ်တင်တင် လှစ်ဟဆက်ဆံပြတဲ့ အဖော်အချွတ် အပြာကားတွေကို အရွယ်ရောက်သူတိုင်း ကြီးငယ်မဟူ ခိုးကြောင်ခိုးဝှက် တနည်း၊ လူအလစ်မှာ တဖုံ ခိုးခိုးကြည့်ကြပေတာပေါ့။

အဲဒီ လူ့ဆိုက်ကိုလိုဂျီ ရိုးရိုးလေးကို မေ့လျော့နေရှာတဲ့ ဘိုးတော် ဘွားတော်တွေကျတော့ လူမျိုးခြား ဘာသာခြားနဲ့ ညားမှာ ကြောက်တာကို ပါးပါးနပ်နပ် မဆုံးမတတ်ဘဲ သားသမီးတွေကို ခဏခဏ ကြိမ်းမောင်းနေလေတော့ သတိပေးသလိုဖြစ်ပြီး သားသမီးတွေခေါင်းထဲ “ဘာဖြစ်လို့ လူမျိုးခြား ဘာသာခြားနဲ့ မညားစေချင်တာပါလိမ့်” ဆိုတဲ့ အတွေးတွေ ၀င်ကုန်တော့တာပေါ့။ အဲဒီလို ၀င်ရာကနေ လူမျိုးခြား ဘာသာခြားတွေကိုမှ ပိုစိတ်ဝင်စား ပိုတိမ်းညွတ်ပြီး လိုက်ပြေးကုန်ကြတဲ့အထိ ဖြစ်ကုန်ရောဆိုပါတော့။

မြန်မာအမျိုးသမီးတွေကို လူမျိုးခြား ဘာသာခြားနဲ့ ညားမှာ စိုးရိမ်တယ်ဆိုပြီး အလုပ်မရှိ အလုပ်ရှာ ဥပဒေပြဌာန်းချင်နေရှာတဲ့ ကိုယ်တော် ၀ီရသူလည်း သင်္ကန်းဝတ်မဟုတ်ဘဲ သားသမီးရှိတဲ့ အိမ်ထောင်ဦးစီးဖြစ်လို့ကတော့ လူ့ဆိုက်ကိုလိုဂျီကို နားမလည်ရှာတဲ့ ကျနော့်မိတ်ဆွေ ဘိုးတော် ဘွားတော်တွေလိုအဖြစ်နဲ့တိုးမှာ မြင်ယောင်မိသေး။ :)

ဇွန် ၁၄
“ ဝေါင်ဝေါင်ရှေးကြပါ”

တောင်သာတပ်မတော်မှ ကတုံးပြောင်ပြောင် ထောင်ထွက် မြွေတကောင် လွှတ်ထားပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သတိနှင့် ဝေါင်ဝေါင်ရှေးကြပါ။

ဇွန် ၉
“စိတ်မသက်မသာ”

မနှစ်တုန်းက စာရေးဆရာ မောင်ဝံသဆီကို လူနာမေးသွားရင်း ဒေါ်အောင်ဆန်းစုကြည်က “အခြေခံဥပဒေကို ပြင်ဖို့ လူထုအား အများကြီး လိုတယ်” လို့ ပြောကြောင်း ပြည်သူ့ခေတ်ဂျာနယ် မျက်နှာဖုံးမှာ သတင်းတိုလေး ဖော်ပြခဲ့တာကို ဖတ်ခဲ့ရတယ်။ အဲသလို ပြောဆိုခဲ့ပေမယ့် ၂၀၁၅ ကို တဖြေးဖြေး နီးကပ်လာတဲ့ အခုအချိန်အထိ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လူထုနဲ့အတူ ဘယ်လိုဘယ်ပုံ တိုက်ပွဲဝင်မယ် ဆိုတာကို ချပြခြင်း မရှိသေးပါဘူး။ တိုက်ပွဲဝင်မယ့် အရိပ်အယောင်လည်း မမြင်ရသေးပါဘူး။ သို့ပေသော်ငြား ဒေါ်အောင်ဆန်းစုကြည် နှုတ်က ထုတ်ဖော်ပြောဆိုတဲ့ “သမ္မတ ဖြစ်ချင်တယ်” ဆိုတဲ့ စကားကိုတော့ တွင်တွင်ကြားနေရပါတယ်။ ကျနော့်စိတ်ထင် ... ပိုက်ဆံရှိမှ သားသမီးတွေကို မုန့်ဝယ်ကျွေးနိုင်မယ့် အခြေအနေမှာ ပိုက်ဆံရှာဖို့ မကြိုးပမ်းဘဲ “ငါ့နှယ်နော် ကလေးတွေကို မုန့်ဝယ်ကျွေးချင်လိုက်တာ ... မုန့်ဝယ်ကျွေးချင်လိုက်တာ” လို့ အများကြားအောင် ညည်းတွားနေတဲ့ မိခင်တယောက်ကို စိတ်မသက်မသာ မြင်ရသလို အဖြစ်မျိုးနဲ့ ဆင်ဆင်တူနေသလားလို့ ...။

ဇွန် ၁
“၀န်ချတောင်းပန်ရမှာကို မကြောက်ဖို့နဲ့ မရှက်ဖို့ ...”

မြန်မာပြည်သူလူထုကြီးဟာ စစ်အာဏာရှင် ဒေါက်တိုင်တွေအဖြစ် မွေးမြူထားသူတွေလို ရန်မူတတ်တဲ့ လူမျိုးတွေ မဟုတ်ကြပါဘူး။ စစ်ခေါင်းဆောင်တွေအနေနဲ့သာ နှစ် ၅၀ ကျော်အတွင်း မှားယွင်းခဲ့တာတွေကို ရိုးရိုးသားသား ၀န်ချတောင်းပန်ပြီး ပြည်သူတွေအပေါ် ရိုးရိုးကျိုးကျိုး အလုပ်အကျွေးပြန်ပြုချင်တဲ့ စိတ်စေတနာကို စစ်စစ်မှန်မှန် ပြသနိုင်ရင် ဘယ်ပြည်သူကမှ အပြစ်တွေကို ပုံကြီးချဲ့ပြီး ရန်မူနေမှာ မဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာလည်း မရနိုင်စရာ အကြောင်းမရှိပါဘူး။ စစ်ခေါင်းဆောင်တွေမှာသာ ပြည်သူလူထုထံ ၀န်ချတောင်းပန်ရဲတဲ့ သတ္တိနဲ့ မိမိတို့ရဲ့ နေရာမှန်ဖြစ်တဲ့ စစ်တန်းလျားကိုပြန်ပြီး ပြည်သူလူထု အားကိုးရတဲ့ တပ်မတော်ပြန်ဖြစ်အာင် လုပ်ဆောင်လိုတဲ့ စိတ်စေတနာရှိဖို့ပဲ အရေးကြီးပါတယ်။ တရားဝင် ၀န်ချတောင်းပန်ခြင်းနဲ့ ပြည်သူလူထုနဲ့ အတိုက်အခံအင်အားစုတွေရဲ့ ယုံကြည်မှုကို ရယူသင့်ကြောင်း အကြံပြုလိုပါတယ်။ အဲသလို မဟုတ်ဘဲ ကိုယ်ကလည်း မှားသေး၊ ကယ်တင်ရှင်အထာနဲ့လည်း နေချင်သေးဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသဟာကြီးက အလှမ်းဝေးမြဲ ဝေးပြီး စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတဲ့ အပြစ်တွေလည်း သေရွာပါကုန်ကြမှာပဲဖြစ်တယ်။

မေ ၃၀
“စိတ်မ၀င်စားခြင်းများနှင့် စိတ်ဝင်စားခြင်းများ”

- ဗိုလ်ခင်ညွန့် ပန်းချီပြခန်း ဖွင့်ခြင်းကို စိတ်မ၀င်စားပါ။
- လယ်သမားတွေ ကိုယ့်လယ်ကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ခွင့်ရရေးကို စိတ်ဝင်စားပါသည်။

- ဗိုလ်ချုပ်လွန်းမောင် ထမင်းဆိုင် ဖွင့်ခြင်းကို စိတ်မ၀င်စားပါ။
- အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ပြည့်ပြည့်၀၀နှင့် အပူအပင်ကင်းကင်း လုပ်ကိုင်စားသောက်ခွင့်ရရေးကို စိတ်ဝင်စားပါသည်။

- စိန်အောင်မင်း၏ သမီးနှင့် အဆိုတော် ရဲလေး မင်္ဂလာဆောင်ခြင်းကို စိတ်မ၀င်စားပါ။
- ပြည်သူတွေ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ရရှိခံစားနိုင်ရေးကို စိတ်ဝင်စားပါသည်။

- ခေတ်ပျက်သူဌေး ဦးတေဇ ဘုန်းကြီးဝတ်ခြင်းကို စိတ်မ၀င်စားပါ။
- ပြည်သူတွေ ကြံ့ဖွတ်စစ်အုပ်စု၏ အစီအစဉ်တကျ အကြမ်းဖက်ခံရမှုအန္တရာယ်များမှ လွတ်ကင်းပြီး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ရေးကို စိတ်ဝင်စားပါသည်။

မေ ၂၅
“နေ့စားဆန္ဒပြခ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထုတ်ပေးခဲ့ရလို့လေလား” :)

အမေရိကန်ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ပြောခဲ့သည်ဆိုသော “ဆန္ဒပြသူများသည် ကျပ် ၃,၀၀၀၊ ၅,၀၀၀ ယူ၍ လုပ်ဆောင်နေသည်” ဆိုသည့် စကားသည် လူထုဆန္ဒ လုံးဝမပါသော “သမ္မတကြီးအား ထောက်ခံဆန္ဒပြပွဲ” ဆိုသည့် အတုအယောင်ဆန္ဒပြပွဲများတွင် သူ (သမ္မတ ဦးသိန်းစိန်) ကိုယ်တိုင် ထုတ်ပေးခဲ့ရ၍ ပြောဆိုခြင်းပေလောဟု ဖြစ်နိုင်ခြေကို တွက်ဆမိပေ၏။

မေ ၂၄
“မီဒီယာသမားရဲ့ အလုပ်”

လူထုအကျိုးစီးပွားကို ဦးထိပ်ထားတဲ့ မီဒီယာသမားရဲ့ အလုပ်က လူချမ်းသာ နည်းရာစု စံစားနေတဲ့ သုခစည်းစိမ်တွေကို မစားရ ၀ခမန်း ရေးသားဖော်ပြ ထုတ်လွှင့်တင်ဆက်နေဖို့ထက် လူဆင်းရဲ များရာစုကြီး ခံစားနေရတဲ့ ဒုက္ခအ၀၀ကို မျက်စိပိတ် နားမကြားချင်ယောင်ဆောင်နေတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မမြင်ချင် မကြားချင်လို့ မရအောင်၊ မဖြေရှင်းဘဲ မျက်နှာလွှဲနေလို့ မရအောင် ကွက်ကွက်ကွင်းကွင်း ထပ်တလဲလဲ မီးမောင်းထိုးပြနေဖို့ပဲ ဖြစ်တယ်။

မေ ၂၁
“မုဒိတာပွားစရာပါ”

နိုင်ငံတကာအလယ်မှာ လူရာဝင်ရတဲ့ အရသာကို ဦးလေးသိန်းစိန်တို့ ခံစားခွင့်ရတာ မုဒိတာပွားစရာပါ။ အဲသလို လူရာဝင်ရတဲ့ အရသာကို ဦးလေးသိန်းစိန်တို့ နားလည်ခံစားတတ်မှပဲ ဦးလေးသိန်းစိန်တို့ကိုယ်တိုင် လူကြီးလူကောင်း ပီသအောင် ဘယ်လို ပြုမူပြောဆို နေထိုင်ရမယ် ဆိုတာကို နားလည်သဘောပါက်လာမယ်။ အမိအဖနေရာမှာရှိတဲ့ ပြည်သူလူထူကို ဂုဏ်သိက္ခာရှိတဲ့ အစိုးရတွေ ဘယ်လိုဆက်ဆံ ဦးထိပ်ပန်တယ် ဆိုတာကို ဦးလေးသိန်းစိန်နဲ့တကွ အိမ်ကျယ် စစ်ဗိုလ်ချုပ် ဂျလေပီကြီးတွေ နားလည်သဘောပေါက်လာမယ်လို့ မျှော်လင့်မိတယ်။

မေ ၂၁
“မထေမဲ့မြင် ပေါ့ပျက်ပျက် ကောက်ကျစ်ကျစ် အပြုံး”

အိုဘားမားက သူ့အမေရိကန်အကျိုးစီးပွားအတွက် ဦးလေးသိန်းစိန်လို မဲသူခိုးသမ္မတကို ဘယ်လိုပဲ ကြံဖန်ချီးမွမ်းခန်းဖွင့် လူရာသွင်းသွင်း ဘာလီကျွန်း သတင်းစာရှင်းလင်းပွဲမှာ ဦးလေးသိန်းစိန်ရဲ့ မထေမဲ့မြင် ပေါ့ပျက်ပျက် ကောက်ကျစ်ကျစ် အပြုံးကို လှစ်ကနဲ တွေ့ခဲ့ရပြီးကတည်းက ဦးလေးသိန်းစိန် ရိုးသားတယ်ဆိုတာ ????? ...

မေ ၂၀
“အောက်မေ့ပြီးရင်း အောက်မေ့”

ဖွဘုတ်ပေါ်က ဓာတ်ပုံ ဓာတ်ရှင်တွေကို မျက်စိခလုတ်တိုက်ရင်း ...

- ဦးလေးသိန်းစိန်တို့လို မဲခိုး မဲလိမ်ပြီး အာဏာဇွတ်ယူထားသူတွေ၊

- အောက်လမ်းနည်း အထက်လမ်းနည်း ဖြတ်လမ်းနည်းပေါင်းစုံနဲ့ အရှိန်အ၀ါတခုခု ရယူထားသူ ကျော်ကြားသူတွေ၊ စလီဘရစ်တီတွေ ... ကို အော်တိုအော်ရှည်တွေ ရေးခိုင်းတဲ့အကျင့်၊ သူရို့ သူရို့နဲ့ ဓာတ်ပုံ၊ ဓာတ်ရှင်တွေ တွဲရိုက်တဲ့ အကျင့်ဗီဇတွေ မပါရေးချ မပါအောင် မွေးမြူပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးတွေကို အောက်မေ့ပြီးရင်း အောက်မေ့နေမိတော့တယ်။

မေ ၁၆
“မခက်လားဗျာ”

ကြံ့ဖွဲ့စစ်အုပ်စုနဲ့ ကပ်ပါးကောင် ခရိုနီတွေရဲ့ အကျိုးစီးပွားတွေကို မထိပါးရေးအတွက် ...

- အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်နေတဲ့ လူမှုအသိုက်အမြုံတွေကို စစ်ပြေးဒုက္ခသည်တွေဖြစ်အောင် ထိုးစစ်ဆင် မောင်းထုတ်၊

- အခင်အမင်မပျက် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြတဲ့ လူမှုအသိုက်အမြုံတွေကို ဘာသာရေး၊ လူမျိုးရေးနဲ့ သပ်သျှိုသွေးခွဲပြီး ဒုက္ခသည်တွေဖြစ်အောင် အကြမ်းဖက် တွန်းပို့၊

- အကောင်းပကတိရှိနေတဲ့ လူမှုအသိုက်အမြုံ အဆောက်အအုံတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ပြိုကျပျက်စီးကြေမွကုန်အောင် ဘာသာရေး၊ လူမျိုးရေးနဲ့ သပ်သျှိုသွေးခွဲပြီး အကြမ်းဖက် ဖျက်ဆီးခိုင်း၊

... စတဲ့ မကောင်းမှုပေါင်းစုံကို မျက်လှည့်ပြ လုပ်ဆောင်နေတဲ့ ကြံဖွံ့စစ်အစိုးရကို အကောင်းမြင်စိတ်ကလေးနဲ့ ကြည့်စမ်းပါဗျာ ဆိုတော့ မခက်လားဗျာ။ :)

မေ ၁၅
“မုန်တိုင်းမျိုးစုံကို ကျော်လွှားနေရသူများ”

မြန်မာပြည်သူတွေကတော့ နာဂစ်နဲ့ ဂီရိ တို့လို သဘာဝမုန်တိုင်းတွေကို ဖြတ်သန်းရ၊ ကြံ့ဖွံ့စစ်အုပ်စု ဖန်တီးတဲ့ အကြမ်းဖက်မုန်တိုင်းတွကို ဖြတ်သန်းရ၊ ကြံ့ဖွံ့စစ်အုပ်စု ရှို့တဲ့ မီးမုန်တိုင်းတွေကို ဖြတ်သန်းရ၊ နိုင်ငံရေးဂီးဇောင်ဂျောင်းတွေ မိန့်ခြွေတဲ့ လေမုန်တိုင်းတွေ ဖြတ်သန်းရနဲ့ ... အခုလည်း လာပြန်ချေပေါ့ “မဟာစင်” ...

မေ ၁၄
“သူရဲကောင်း၏ နှလုံးသားပုံရိပ်”

စိန်ပန်းတွေသည်
ဝေလည်း နီပြီး
အနီနဲ့ပဲ ကြွေလေသည်။ ။

(ဂီတဂျာနယ်တွင် ဆင်ဆာထိခဲ့သော ကဗျာ)

မေ ၁၃
“အခေါ်အဝေါ်သစ်တခု တိုးလာတာပဲ အဖတ်တင်လိမ့်”

မြန်မာစကားမှာ လင်တရူး၊ မယားတရူးဆိုတဲ့ အခေါ်အဝေါ်ပဲ ရှိရာကနေ “သမ္မတ,တရူး” ဆိုတဲ့ အခေါ်အဝေါ်သစ်တခု တိုးလာအောင် ကဗျာနဲ့တဖုံ၊ စာနဲ့တဖုံ အလွန်အကျွံ ကျပ်ရင်း အချိန်ကုန်မခံကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အမှန်တကယ် သမ္မတ ဖြစ်ချင်ရင်၊ ဖြစ်စေချင်ကြရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ဒေါ်အောငင်ဆန်းစုကြည်၊ ၈၈ တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အထင်ကရ အတိုက်အခံခေါင်းဆောင်တွေ ဦးဆောင်မှုပေးတဲ့ (တပြည်လုံးအတိုင်းအတာဆောင်တဲ့) လွှတ်တော်ပြင်ပ တောင်းဆိုဆန္ဒဖော်ထုတ်ပွဲတွေ စတင်လုပ်ဆောင်ဖို့ လေးလေးနက်နက် အကြံပြုတိုက်တွန်းလိုပါတယ်။ သို့ကလိုမဟုတ်ဘဲ သတင်းစာရှင်းလင်းပွဲလုပ်ရင်း၊ ၀ပ်ရှော့လုပ်ရင်း လေတွေချည်းတိုက်နေရင်၊ စာ ကဗျာတွေနဲ့ပဲ နင်းကန် ကျပ်နေကြရင်တော့ ၂၀၁၅ မှာ ကိုယ်ဖြစ်စေချင်သူ အမှန်တကယ် သမ္မတဖြစ်မလာဘဲ “သမ္မတ,တရူး” ဆိုတဲ့ အခေါ်အဝေါ်သစ်တခု တိုးလာတာပဲ အဖတ်တင်လိမ့်မယ်လို့ သံချောင်းခေါက်ပါရစေ။

အားလုံ့သို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

1 comment:

patriotbm said...

အောက်လမ်းနည်း အထက်လမ်းနည်း ဖြတ်လမ်းနည်းပေါင်းစုံနဲ့ အရှိန်အ၀ါတခုခု ရယူထားသူ ကျော်ကြားသူတွေ၊ စလီဘရစ်တီတွေ ... ကို အော်တိုအော်ရှည်တွေ ရေးခိုင်းတဲ့အကျင့်၊ သူရို့ သူရို့နဲ့ ဓာတ်ပုံ၊ ဓာတ်ရှင်တွေ တွဲရိုက်တဲ့ အကျင့်ဗီဇတွေ မပါရေးချ မပါအောင် မွေးမြူပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးတွေကို အောက်မေ့ပြီးရင်း အောက်မေ့နေမိတော့တယ်။