Wednesday, September 18, 2013

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၈)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

မေ ၁၁

“အကြမ်းဖက်မှုတုံ့ပြန်ရေး ကွန်ရက်တွေ ဖွဲ့စည်းပြီး ...”

အစိုးရကိုယ်တိုင်နဲ့ စစ်တပ်ကျောထောက်နောက်ခံရှိသူတွေက အကြမ်းဖက်ကွန်ရက်တွေ စနစ်တကျ ဖွဲ့စည်းပြီး ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်လုပ်ရပ်တွေ အညှာအတာကင်းကင်း ကျူးလွန်ကာ နိုင်ငံရေးအာရုံပြောင်းအောင် လုပ်ဆောင်နေတာကို ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပရုံလောက်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လက်ကမ်းကြော်ငြာ ဝေငှရုံလောက်နဲ့ တားဆီးနိုင်မယ်မထင်။ တတိုင်းပြည်လုံးအတိုင်းအတာဆောင်တဲ့ အကြမ်းဖက်မှုတုံ့ပြန်ရေး ကွန်ရက်တွေ ဖွဲ့စည်းပြီး နိုးနိုးကြားကြား တက်ညီလက်ညီ တုံ့ပြန်နိုင်အောင် လုပ်ဆောင်ကြမှသာ တားဆီးနိုင်မယ်လို့ ယူဆမိပါတယ်။

မေ ၁၁
“လယ်ပြင်မှာ ဆင်သွားသလို ...”

အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အကြမ်းဖက်သမားတွေ၊ ဘာသာရေးအစွန်းရောက်တွေကို ပြတ်ပြတ်သားသား နှိမ်နင်းခဲ့တယ်။

ဦးလေးသိန်းစိန်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အကြမ်းဖက်သမားတွေ၊ ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြတ်ပြတ်သားသား လက်ပိုက်ကြည့်နေခဲ့တယ်။

နှိုင်းယှဉ်ကြည့်ရင် ဘယ်အစိုးရက အကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုနေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလွန်းပါတယ်။

မေ ၁၁
“မြောင်းထဲသို့ ...”

လူထုခေါင်းဆောင် ဆိုသည့် ဂုဏ်ပုဒ်ကို မည်သူတဦးတယောက်ကမျှ မြောင်းထဲသို့ တွန်းပို့၍ မရနိုင်ပါ။ လူထုခေါင်းဆောင်ဆိုသူ ကိုယ်တိုင်၏ အပြောမှား အဆိုမှား၊ ထင်ယောင်မှုအမှား၊ မျှော်လင့်ချက်အမှား ရပ်တည်ချက်အမှား၊ ကာကွယ်မှုအမှားနှင့် လူထုကို ဦးဆောင်မှုမပေးရဲခြင်းများကသာ မြောင်းထဲသို့ တွန်းပို့နိုင်ပါသည်။

မေ ၈
“သတိ ... သတိ”

မြန်မာနိုင်ငံသားအားလုံး ... အားလုံး

အာဏာရှင်စနစ် အကြွင်းအကျန်
ပြန်လည်ရှင်သန်ထမြောက်မလာအောင်
အမြစ်ပါမကျန် ဆွဲနုတ်ပစ်နိုင်ရေး
တွေးတောလုပ်ဆောင်ကြပါ။

အခုအချိန်မှာ
သူ့ထက်အရေးကြီးတဲ့အရာတောင်
သူ့လောက် အရေးမကြီးပါ။

အရေးမကြီးတဲ့ နေရာတွေမှာ
သွေးရဲပြ၊ လက်မောင်းကြွက်သား ညှစ်ပြနေလို့
ဒီမိုကရေစီစစ်စစ် မရနိုင်ပါ။

မယောင်ရာ ဆီလူးရင်း
အချိန်ကုန်မခံကြပါနှင့် ။ ။

မေ ၈
“ဖွတ်ပီသသော ဖွတ်များ”

ကြံ့ဖွတ်ခေါင်းဆောင်တွေများ ... ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ထွင်ပြီး မပြောလိုက်နဲ့ ... ပြောလိုက်တာနဲ့ သူတို့စကားတွေက ပြည်သူကြားမှာ ဟာဒယရွှင်ဆေး ဖြစ်ကုန်တော့တာပဲ။ လမ်းတခြမ်းခင်း အောင်သိန်းလင်း၊ လျှပ်စစ်မီး ပိုလျှံတဲ့ ဇော်မင်း၊ ဖယောင်းတိုင် ကိုကိုလှိုင်၊ တနပ်စား မြင့်လှိုင်၊ ဘူးလက် လှဆွေ တို့ ဟာဒယရွှင်ဆေး တိုက်ကျွေးအပြီးမှာ .... အခုလည်း ဖွတ်ဥက္ကဌ ဦးရွှေမန်းရဲ့ မဟာ့မဟာအတွေးအမြင်ကို ဖတ်လိုက်ရတော့ “ဖွတ်ပီသသော ဖွတ်” တွေဆိုတာ သက်သေပြစရာ မလိုအောင် ရှင်းလင်းသွားခဲ့လေရဲ့။

“ဆူပူမှုများသည် အလုပ်မရှိခြင်းကြောင့်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ပြော” တဲ့ :)

မေ ၎
“မနှိုင်းအပ်ရာ”

ကျေးဇူးပြု၍ အောက်ပါပုဂ္ဂိုလ်ကျော်ကြီးများရဲ့ နာမည်ကို ခုတုံးလုပ်ပြီး မိမိတို့ ရေသားသည့် စာစုများတွင် မိမိချီးမွမ်းခန်းဖွင့်လိုသူများကို “မြန်မာပြည်ရဲ့ ဘာညာသာရကာ ကျေးငှက်” ဆိုပြီး အူတက်ပြီး သေအောင် အလွန်အကျူး ထပ်တူမပြုကြပါနှင့် ...

တကယ်တော့ ...

မဟတ္တမဂန္ဒီက မဟတ္တမဂန္ဒီပါပဲ
မာတင်လူသာကင်းက မာတင်လူသာကင်းပါပဲ
နယ်လ်ဆင်မင်ဒဲလားက နယ်လ်ဆင်မင်ဒဲလားပါပဲ
မီးခေးလ်ဂေါ်ဘာချော့ဗ်က မီးခေးလ်ဂေါ်ဘာချော့ဗ်ပါပဲ
...................................... ပါပဲ
............................ ပါပဲ
................ ပါပဲ

မေ ၎
“ရာသီပြောင်းချိန်”

အခုနောက်ပိုင်း “သမ္မတကြီးကို ယုံတယ်” အစား “လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းကို အထူးကျေးဇူးတင်တယ်” ဆိုတဲ့စကား ခေတ်စားလာပြန်တယ်။ :)

ဧပြီ ၂၆
“အရပ်ထဲက ပြောကြပါတယ် ...”

တိုင်းရေးပြည်ရေးအခြေအနေက ... အရွယ်လွန်အချစ်နဲ့ လမ်းမတော်ဖိုးတုတ်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တဲ့ ဂုဏ်သရေရှိ ကြီးဒေါ်က အခုအခါမှာ လမ်းမတော်ဖိုးတုတ်ဘက် ခပ်ပါပါမို့ ထောင်က ထွက်လာတဲ့ အစ်ကိုကြီးတွေအုပ်စုကို အားကိုးမလားဆိုတော့လည်း အစ်ကိုကြီးတွေက “အိတ်” အတွက် “ပူး” နေကြတယ်ဆိုလား ... “ပူး” ပြီး “အိပ်” နေကြတယ်ဆိုလား ... အရပ်ထဲမှာ ... ... ...

ဧပြီ ၂၆
“ပိုဆိုးတဲ့ ရုပ်သေးသမ္မတ”

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ဖို့လောက်ပဲ အခြေခံဥပဒေပြင်ပေးပြီး ကျန်တဲ့ ၂၀၀၈ အခြေခံဥပဒေတွေက ဒုံရင်းအတိုင်းပဲ ဆိုရင်တော့ ...

ကာ/လုံ အောက်မှာ ထူးမခြားနား ၂၀၀၈ အခြေခံဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည် မတော်တဆ သမ္မတဖြစ်လာခဲ့ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်ထက် ပိုဆိုးတဲ့ ရုပ်သေးသမ္မတ ဒါမှမဟုတ် စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ပေးရမယ့် အာဏာရှင်သမ္မတပဲ ဖြစ်ဖို့ရှိပါလိမ့်မယ်။

ဧပြီ ၂၅
“ကိုယ့်အားကိုယ်ကိုး ပြင်ဆင်ကြရုံမှတပါး ...”

စစ်တပ်နဲ့ ရဲ ဆိုတာက ကြံ့ဖွံ့စစ်အုပ်စုရဲ့ လက်ကိုင်တုတ်ဖြစ်ပြီး တရားဥပဒေစိုးမိုရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဆိုတာက အရူးပေါတာကြီး လုံးလုံးဖြစ်နေပြီမို့ မြန်မာနိုင်ငံသားတိုင်း ကြံ့ဖွံ့စစ်အုပ်စုရဲ့ စနစ်တကျ အကြမ်းဖက်မှုတွေကို ခုခံတုံ့ပြန်ဖို့ ကိုယ့်အားကိုယ်ကိုး ပြင်ဆင်ကြရုံမှတပါး အခြားမရှိတော့ပြီလို့ ထင်ပါတယ်။ မဟုတ်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကြံ့ဖွံ့ရဲ့ ပြိုင်ဖက်ပါတီဝင်တွေ အတုံးအရုံး ပိုးစိုးပက်စက် ဖြစ်ကြဦးမှာ မြင်ယောင် ...။

ဧပြီ ၂၃
“ဆု”

ရွေးချယ်မှု မှန်ကန်တဲ့ “ဆု” ချီးမြှင့်မှုဟာ ဆုချီးမြှင့်ခံရသူနဲ့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုရော ပေးအပ်တဲ့ ဆုရဲ့တန်ဖိုးကိုပါ ပိုမိုမြင့်တက်စေသလို (ဥပမာ - တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု) ၊ ရွေးချယ်မှု မမှန်ကန်တဲ့ ဆုချီးမြှင့်မှုကတော့ ဆုချီးမြှင့်ခံရသူနဲ့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုရော ပေးအပ်တဲ့ ဆုရဲ့တန်ဖိုးကိုပါ ပိုမိုကျဆင်းထိခိုက်စေပါတယ် (ဥပမာ - မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ICG ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု)။

အထူးသဖြင့် ပေးအပ်တဲ့ ဆုအမျိုးအစားအလိုက် ဆုရှင်ရွေးချယ်မှု မှန်ကန်ခြင်း မမှန်ကန်ခြင်း ဆိုတာနဲ့ တပါတည်း ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာဟာလည်း တွဲကပ်ပါလာမှာ ဖြစ်ပါတယ်။

ပေးသူနဲ့ ယူသူ ကြည်ဖြူလို့ ဆုချီးမြှင့်ပွဲတွေ အထမြောက်နေတာကို ပရိသတ်က ကန့်ကွက်ပိုင်ခွင့် မရှိပေမယ့် “ဆု” အမျိုးအစားနဲ့ “ဆုရှင်” ထိုက်တန်၏ မတန်၏ ဆိုတာကိုတော့ ပရိသတ်တဦးအနေနဲ့ မှတ်ချက်ပေးပိုင်ခွင့်ရှိတာမို့ မှတ်ချက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

ဧပြီ ၂၀
“၂၀၁၅ ရွေးကောက်ပွဲမရောက်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကျန်းမာရေး
အထူးတလည် ချို့ယွင်းသွားမှာကို အထူးပဲ စိုးရိမ်နေမိ”

လူတယောက်ကို ရူးသွပ်စေတဲ့ အကြောင်းတရားတွေထဲမှာ ထိုသူကို အလွန်အကျူး မြှောက်ပင့်ခြင်း (ခေတ်ပေါ်စကားနဲ့ဆိုရင် “ကျပ်ခြင်း” ပေါ့ဗျာ) ဟာလည်း အဓိက အကြောင်းတရားတခုအနေနဲ့ ပါဝင်ပါတယ်။

ကျနော့်အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနားမှာရှိတဲ့ အမြှောက်တပ်က လူတွေရယ်၊ ဂျပန်က မိတ်ဆွေကြီး ကိုထွန်းဝေတို့လို အွန်လိုင်းကနေ ရိုးရိုးသားသား ဖိဖိစီးစီး ပုံမှန်ကျပ်ပေးနေသူတွေရယ်၊ အမေစုချစ်သူအယောင်ဆောင် ကြံဖွတ်ငကျပ်တွေရယ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမရောက်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကျန်းမာရေး အထူးတလည် ချို့ယွင်းသွားမှာကို အထူးပဲ စိုးရိမ်နေမိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုတလော “၂၀၁၅ မှာ သမ္မတဖြစ်ချင်တယ်” ဆိုတာကြီးကိုပဲ ဒေါ်အောင်ဆန်းစုကြည် နှုတ်က ခပ်စိပ်စိပ် ပြောဆိုတာ ကြားလာရလို့ပါ။ ကျနော် အပါအ၀င် မြန်မာပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြပြီးသားပါ။ အဲဒီတော့ သမ္မတဖြစ်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်သူအားလုံးရော ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင် အမြန်ဆုံး တိုက်ပွဲဝင်ကြဖို့ပဲ လိုပါတယ်။ အဲသလိုမဟုတ်ပဲ “ဖြစ်ချင်တယ် ... ဖြစ်ချင်တယ်” ဆိုတာကြီးကိုပဲ ပြောတဲ့သူက ထပ်ကာထပ်ကာ ပြော၊ ကျပ်တဲ့သူတွေကလည်း ၀ိုင်းကျပ်ရင်း အချိန်ကုန်နေကြရင်ဖြင့် .... အင်း ...။

ဧပြီ ၂၀
“ရုပ်သေးသမ္မတ ဦးသိန်းစိန်အတွက် မွေးနေ့ဆုတောင်း”

သမ္မတ ဦးသိန်းစိန်၏ ၆၈ နှစ်ပြည့် မွေးနေ့မှသည် သမ္မတရာထူး သက်တမ်းကုန်ဆုံးချိန်အထိ စစ်ခေါင်းဆောင်ဟောင်းများ ကြိုးဆွဲရာ ကနေရသော ရှက်ဖွယ် ရုပ်သေးသမ္မတအဖြစ်မှ ရုန်းထွက်လွတ်မြောက်နိုင်ပါစေ။

ရုပ်သေးသမ္မတမှသည် ပြည်သူများ၊ လက်ရှိ တပ်မတော်ခေါင်းဆောင်များနှင့် လက်တွဲ၍ တိုင်းရင်းသားပြည်သူပေါင်းစုံ လိုလားတောင့်တသော ...

- စစ်မှန်သည့် ဖက်ဒရယ်အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး၊
- ဦးပိုင်ကုမ္ပဏီ ဖျက်သိမ်းရေး၊
- ကာလုံဖျက်သိမ်းရေး၊
- တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ပြုနေသည့် စစ်ခေါင်းဆောင်ဟောင်းများ၊ ခရိုနီများ၊ ဘာသာရေး-လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားအောင် ဖန်တီး လှုံ့ဆော် အားပေး အကြမ်းဖက်သူများကို ရဲရဲဝံ့ဝံ့ ဖော်ထုတ် အရေးယူ အပြစ်ပေးရဲသော ပြည်သူ့သမ္မတဖြစ်အောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်နိုင်ပါစေ။

ဧပြီ ၁၉
“ဘပြောင်တို့ ကြာရခြင်းအကြောင်း”

အမေရိကန်မှာ အကြမ်းဖက်တရာခံကို အပူတပြင်း ရှာဖွေပြီး ချက်ချင်းလို ဖမ်းမိပေမယ့် မြန်မာပြည်မှာ ဘပြောင်တို့ အကြမ်းဖက်တရာခံကို လချီကြာ ဖမ်းမမိသေးတာက သူ့ကိုယ်သူ ပြန်ဖမ်းရမှာရယ်၊ သူ့ကို ကြိုးဆွဲထားသူတွေနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဖမ်းရမှာရယ် ဖြစ်နေလို့ ဖမ်းရင်ကောင်းမလား၊ မျက်နှာပြောင်တိုက်နေရင် ကောင်းမလား၊ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌကြီးကို တိုင်ပင်ရင်ကောင်းမလား ချီတုံချတုံဖြစ်ရင်း ကြာနေတာပါတဲ့ကွယ်။ :P

ဧပြီ ၁၈
“လူထုအကျိုးစီးပွားအတွက်လို့ ထင်မြင်ပါသလား”

တရားဥပဒေစိုးမိုးမှု လုံးဝ လုံးဝမရှိတဲ့ နိုင်ငံထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာကြပါလို့ ဖိတ်ခေါ်ပေးနေခြင်းဟာ မြန်မာပြည်သူလူထုအကျိုးစီးပွားအတွက်လို့ အသင် ထင်မြင်ပါသလား

ဧပြီ ၁၈
“ငိုအားထက် ရယ်အားသန်”

အိမ်နီးနားချင်းတွေ ဆိုတာကတော့ တအိမ်တည်း အတူနေသူတွေလောက် အဲဒီအိမ်ရဲ့ အတွင်းရေးကို ဘယ်ဂဃနဏ ကြည့်နိုင် သိနိုင်မလဲလေ။ အဲဂလို မမြင် မသိကြလေတော့ သူတို့အကျိုးစီးပွားဖြစ်ရေး ကွက်ကွက်ကလေးပဲကြည့်ပြီး ရက်စက်မှန်းမသိရက်စက်နေမြဲဖြစ်တဲ့ အိမ်ကြီးရှင်ကို မောင်အရင်လို မှုတ်တော့ဘူးဆိုပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုကြီး ချီးမြှင့်ဖို့ အမည်စာရင်း တင်လိုတင်၊ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကြီး ချီးမြှင့်လိုချီးမြှင့်ပေါ့။

အင်း ... တအိမ်တည်း အတူနေသူတွေကတော့ လိမ်ဆွဲခံထားရတဲ့ ပေါင်ကလေးတွေကို ပွတ်ရင်း ပွတ်ရင်း ငိုအားထက် ရယ်အားသန်ကြလေသတည်းပေါ့။

ဧပြီ ၁၇
“ပြည်သူတွေ မေ၀၀ါးစေဖို့အရေး ...”

ဒေါ်အောင်ဆန်းစုကြည်က လက်လွတ်မခံသင့်တဲ့ အပြောင်းအလဲ ... တဲ့။

ဆရာကြီး ဟံသာဝတီဦးဝင်းတင်က အပြောင်းအလဲတော့ အပြောင်းအလဲပဲ။ ဒါပေမယ့် ဟန်ပြအပြောင်းအလဲ ... တဲ့။

ပြည်သူတွေကကော ဘယ်လိုအပြောင်းအလဲလို့ ရှုမြင်ကြပါလိမ့် ????

ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့ ကျနော့်အနေနဲ့က “အပြောင်းအလဲတော့ အပြောင်းအလဲပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလိမ်ခံလို့ခံနေရမှန်းမသိတဲ့ အပြောင်းအလဲ” လို့ ရှုမြင်မိပါတယ်။

ကျနော့်ဆန္ဒကတော့ ပြည်သူတွေ မေ၀၀ါးစေဖို့အရေး တပါတီထဲက ပုဂ္ဂိုလ်ကျော်နှစ်ဦးဖြစ်တဲ့ ဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး အမြန်ဆုံး ခေါင်းချင်းဆိုင်ပြီး အကျေအလည် ဆွေးနွေးကြစေလိုပါတယ်။

ဧပြီ ၁၇
“နှစ်သစ်ကူးဆုတောင်း”

မင်္ဂလာနှစ်သစ်မှာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကြံဖွံ့စစ်အုပ်စု (ကြံ့ဖွံ့စစ်အစိုးရ+ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်များ) ၏ ယုတ်မာကောက်ကျစ်သော စနစ်တကျ အကြမ်းဖက် ရက်စက်ခံရမှု အန္တရာယ်မှ လွတ်ကင်းပြီး အေးချမ်းသာယာရှိကြပါစေ။

ဧပြီ ၁၃
“အမှန်တကယ်ပဲ မသိတာလား၊ ရူးချင်ယောင်ဆောင်နေတာလား ...”

“မီးလောင်ဗုံးတရားခံတွေကို ဖော်ထုတ်အရေးယူပေးပါ” လို့ တောင်းဆိုတာဟာ မီးလောင်ဗုံးနဲ့ ပစ်ဖို့ စေခိုင်းခံရတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေထက် အဲဒီရဲတွေကို အမိန့်ပေး စေခိုင်းတဲ့ အထက်ပုဂ္ဂိုလ်အဆင့်ဆင့်ကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုတာဖြစ်တယ် ဆိုတာကို စိုးမိုးငြိမ်း ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ်ပဲ မသိတာလား၊ ရူးချင်ယောင်ဆောင်နေတာလား ဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ သိနိုင်လိမ့်မယ်ထင်တယ်။ ရူးချင်ယောင်ဆောင်နေတာဆိုရင်တော့ ... ????

ဧပြီ ၁၂
“ရင်လေးဖွယ်”

လက်ပံတောင်း မီးလောင်ဗုံး တရားခံ ဖော်ထုတ်ရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ယုတ္တိယုတ္တာမဲ့ အပြောအဆိုတွေနဲ့ အကာအကွယ်ပေးနေပုံက သားဆိုးတွေကို အဆင်အခြင်မဲ့စွာ အလိုလိုက်နေတဲ့ မိခင်တယောက်နဲ့ တူနေပါတယ်။ အနာဂတ် မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး ကိစ္စအ၀၀ကို ဆောင်ရွက်ရာမှာ အကျိုးထက် အဆိုးကိုသာ ပိုတိုးစေဖို့ တွန်းအားပေးတဲ့ လုပ်ရပ်ဖြစ်နေတယ်လို့ မြင်မိပါတယ်။

ဧပြီ ၇
“ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်နိုင်ရေး ဘာတွေ အဓိက လုပ်သင့်သလဲ”

BBC လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ “ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်နိုင်ရေး ဘာတွေ အဓိက လုပ်သင့်သလဲ” ဆိုတဲ့ မေးခွန်း တွေ့ရတယ်။

“အဓိက” လို့ ဆိုထားတဲ့အတွက် တိုတိုတုတ်တုတ် ဖြေရရင် ...

မြန်မာနိုင်ငံအတွက်တော့ အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရကိုယ်တိုင်က နိုင်ငံရေးလှည့်ကွက်အတွက် ဘာသာရေးအဓိကရုဏ်း ဖြစ်အောင် စနစ်တကျ အကွက်ချ မဖန်တီးဖို့ အဓိက လိုတာပါ။ ရှေ့မှာလည်း သာဓကတွေ အများကြီး ရှိခဲ့ပြီမို့ပါ။ ကျန်တဲ့ အကြောင်းတရားတွေကြောင့် ဘာသာရေးအဓိကရုဏ်း ဖြစ်ရင် အဖြေရှာ ညှိနှိုင်းလို့ ရနိုင်ပေမယ့် အစိုးရကိုယ်တိုင် ကလိန်ကကျစ်ကျ ဖန်တီးနေရင်တော့ လူထုအားနဲ့ အဲဒီအစိုးရမင်းဆိုးမင်းညစ်တွေကို ဖယ်ရှားနိုင်မှသာ အဖြေရှာလို့ ရနိုင်မှာဖြစ်ပါတယ်။

ဧပြီ ၃
“အထူးသတိပြု ဆင်ခြင်စရာ ...”

အဘယ်အာဏာရှင်မဆို သူတို့လိုအပ်တဲ့အချိန်မှာ လူတချို့ကို မြှောက်စား မွေးမြူ အသုံးချ ပစားပေးတတ်ကြပြီး သူတို့ကို အမှုပတ်တော့မယ့်အချိန် (သူတို့ နိုင်ငံရေးကျဉ်းထဲကျပ်ထဲကျရောက်ချိန်) မှာ သူတို့မွေးထားတဲ့သူတွေကိုပဲ ပြန်ပြီးချကျွေးတတ်လေတာ နိုင်ငံရေးမှာ အထုးသတိပြု ဆင်ခြင်စရာ ...

ဧပြီ ၂
“ကဲ ... ဘာလုပ်ကြမလဲ”

အစီအစဉ်တကျ အကြမ်းဖက်မှုတွေကို ကြည့်ရင် အဖြေကတော့ ရှင်းသွားပါပြီ။

ငါတို့ပေးတဲ့ ဒီမိုကရေစီလောက်ပဲ မင်းတို့ အေးအေးဆေးဆေး ယူ။

ပိုလိုချင်ရင် အခုလို ကျီးလန့်စာစားအဖြစ်မျိုးနဲ့ နေရမယ် ဆိုတဲ့ သဘောပဲ။

ကဲ ... ဘာလုပ်ကြမလဲ။

သူတို့ပေးတဲ့ ဒီမိုကရေစီလောက်နဲ့ မတင်းတိမ်နိုင်ဘူး ဆိုရင်တော့ အကြမ်းဖက် ကြံ့ဖွံ့စစ်အုပ်စု (ဦးသိန်းစိန်အစိုးရ+ကန့်လန့်ကာနောက်ကွယ်က စစ်ခေါင်းဆောင်များ) ရဲ့ ကလိန်ကကျစ်ကျ အကြမ်းဖက်ပြမှုကို လူထုအားနဲ့ ကာကွယ်တားဆီးဖယ်ရှားရုံမှတပါး ....

မတ် ၃၁
“ဖတ်စာသစ်”

“ရေပတ်လည် ၀ိုင်းလျက်ရှိတဲ့ ကုန်းမြေကိုတော့ ... ပထ၀ီထဲ ဖတ်ဖူးတာ ကျွန်းဟုခေါ်သည်၊” (ဆို - လွှမ်းမိုး)

“ဒုက္ခသည်စခန်း ပတ်လည်ဝိုင်းလျက်ရှိသည့် နိုင်ငံကို ညမာနိုင်ဂံ (မြန်မာနိုင်ငံ) ဟု ခေါ်သည်။” (ဖတ်စာသစ်)

မတ် ၂၇
“ကိုယ်ပျောက်ဝိဇ္ဇာတွေလား”

ငဒို့ ဘပြောင်ကြီးကိုလည်း “လုံခြုံရေး ညံ့လှချည်လားဗျ” လို့ မငေါက်ငမ်းချင်တော့ပါဘူးလေ။ အကြမ်းဖက်သမားတွေက ကိုယ်ပျောက်ဝိဇ္ဇာတွေလားမှ မသိတာ။ :)

မတ် ၂၇
“ယဉ်ယဉ်လေး ရူး”

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်လာမလား ... ၂၀၁၅ မှာ သမ္မတဖြစ်လာမလားတာ့ တပ်အပ်သေချာ မပြောတတ် ... စိုးရိမ်မိတာတခုက ကြံ့ဖွံ့စစ်အုပ်စု အရူးကွက်နင်းသမျှ မီရာ အစ ဆွဲပြီး လိုက်ကနေရရှာတဲ့ ဒေါ်အောင်ဆန်းစုကြည် မကြာမတင်မှာ “ယဉ်ယဉ်လေး ရူး” သီချင်းကို ကီသွင်းပြီး အပီဗျင်းမှာကိုပဲ။

မတ် ၂၃
“ဦးသိန်းစိန်အစိုးရဟာ အကြမ်းဖက်အစိုးရလား ...
အကြမ်းဖက်ပုဂ္ဂိုလ်တွေရဲ့ ပြန်ပေးဆွဲခြင်းခံထားရတဲ့ အစိုးရလား”

ဦးသိန်းစိန်အစိုးရဟာ တောင်ကုတ် အကြမ်းဖက်သတ်ဖြတ်သူတွေနဲ့ မိတ္ထီလာ အကြမ်းဖက်သတ်ဖြတ်သူတွေကို ဖော်ထုတ်အရေးယူ အပြစ်ပေးမှုတွေ လုပ်ဆောင်မပေးနိုင်ဘူးဆိုရင် အဲဒီအကြမ်းဖက်မှုတွေဟာ ဦးသိန်းစိန်အစိုးရကိုယ်တိုင် ကျူးလွန်ခိုင်းတဲ့ အကြမ်းဖက်မှုတွေအဖြစ် သတ်မှတ်ယူဆရမှာ ဖြစ်ပါတယ်။ သို့တည်းမဟုတ် ဦးသိန်းစိန်အစိုးရဟာ အကြမ်းဖက်ပုဂ္ဂိုလ်တွေရဲ့ ပြန်ပေးဆွဲခြင်းခံထားရတဲ့ အစိုးရပဲ ဖြစ်လိမ့်မယ်။

မတ် ၂၃
“နိုင်ငံတော်အဆင့် ကောက်ကျစ်ယုတ်မာမှုတွေ ...”

ကိုယ့်အခွင့်အရေးကိုယ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုတဲ့ လက်ပံတောင်း သံဃာတွေနဲ့ ဒေသခံတွေကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးလောင်ဗုံးနဲ့ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ပြီး မိတ္ထီလာမှာ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြသူတွေကျတော့ အချိန်မီ နှိမ်နင်းဖို့ လက်နှေးနေတဲ့ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတော်အဆင့် ကောက်ကျစ်ယုတ်မာမှုတွေလို့ပဲ ကောက်ချက်ချရမှာပါ။

မတ် ၂၃
“လူထုအားနဲ့ မဖော်ထုတ် မဖြိုဖျက်နိုင်သရွေ့ ...”

- လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်သေးရင် ဖြစ်အောင် မီးမွှေးဖို့၊

- လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ဖွယ်ရှိရင် ပြဿနာကို ပိုကြီးထွားအောင် မီးထိုးပေးဖို့၊

- လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်လာရင် ပိုပြီး ဆိုးသထက် ဆိုးအောင် အစပျိုး သတ်ဖြတ် လုယက် အကြမ်းဖက်တာတွေ လုပ်ဆောင်ဖို့အတွက် နိုင်ငံတော်အဆင့် စနစ်တကျ လေ့ကျင့်ပျိုးထောင်ထားတဲ့၊ မြင်သာထင်သာမရှိတဲ့ အကြမ်းဖက်အဖွဲ့တွေ ရှိနေပြီဆိုတာ တောင်ကုတ်ပြဿနာ၊ ရခိုင်အရေးအခင်းနဲ့ မိတ္ထီလာအရေးအခင်းတွေက အထင်အရှား သက်သေပြနေပါပြီ။

ဒီလို နိုင်ငံတော်အဆင့် အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ကို ကောက်ကျစ်တဲ့ အကြံအစည်နဲ့ နောက်ကွယ်က လေ့ကျင့်ခိုင်းစေနေတဲ့ ပုဂ္ဂိုလ်တွေကို လူထုအားနဲ့ မဖော်ထုတ် မဖြိုဖျက်နိုင်သရွေ့ ဒီမိုကရေစီတည်ဆောက်ရေးဟာ အရူးဇာတ်ခင်းပြီး ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီအတွက် အကြမ်းဖက်ပုဂ္ဂိုလ်တွေနဲ့ နောက်ကွယ်က ခိုင်းစေနေသူတွေကို ဒီမိုကရေစီလိုလားတဲ့ ပြည်သူအားလုံးနဲ့ နိုင်ငံရေးအင်အားစုအားလုံး ညီညီညွတ်ညွတ် လက်တွဲပြီး သတိရှိရှိ အသိရှိရှိနဲ့ နိုးနိုကြားကြား ဖော်ထုတ်တိုက်ဖျက်ကြပါစို့ ...။

မတ် ၂၁
“ဘယ်လို ၀ိုင်းဝန်းကယ်တင်ကြမလဲ”

မိတ္ထီလာမှာ ရန်ဖြစ်တာထက် သေဒဏ်ပေးခံလိုက်ရတဲ့ လက်ပံတောင်းတောင်တွေ သေဒဏ်ကနေ ကွင်းလုံးကျွတ် လွတ်အောင် မြန်မာပြည်သူတွေ ဘယ်လို ၀ိုင်းဝန်းကယ်တင်ကြမလဲ ဆိုတာကိုပဲ လုံးဝ လုံးဝ စိတ်ဝင်စားတယ်။

အားလုံ့သို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

2 comments:

Unknown said...

I appreciate all your daily dated,sentences and your comments which veil the truth,and it's shows that "This so called Reforms to Democracy way (Government), is bull shit to the Whole World,including Obama, and Europe Governments and Japanese ,that even,this adopted Government of EX Regime,is still ,they or themselves,who are following the old dirty ways till now.

patriotbm said...

ဒေါ်အောင်ဆန်းစုကြည်က လက်လွတ်မခံသင့်တဲ့ အပြောင်းအလဲ ... တဲ့။

ဆရာကြီး ဟံသာဝတီဦးဝင်းတင်က အပြောင်းအလဲတော့ အပြောင်းအလဲပဲ။ ဒါပေမယ့် ဟန်ပြအပြောင်းအလဲ ... တဲ့။

ပြည်သူတွေကကော ဘယ်လိုအပြောင်းအလဲလို့ ရှုမြင်ကြပါလိမ့် ????

ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့ ကျနော့်အနေနဲ့က “အပြောင်းအလဲတော့ အပြောင်းအလဲပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလိမ်ခံလို့ခံနေရမှန်းမသိတဲ့ အပြောင်းအလဲ” လို့ ရှုမြင်မိပါတယ်။