Monday, September 16, 2013

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၇)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

မတ် ၁၈

“လက်ဖက်ရည်ဖိုး အမြန်လာရှင်းပေးပါရန် ...”

လောလောဆယ် တရားဥပဒေ၏ အထက်တွင် နေပြည်တော်၌ စာဖတ်နေသူကြီး ဦးသန်းရွှေ၏ ပြည်သူ့မေတ္တာခံယူသော မြေးလေး ဖိုးလပြည့် စိတ်တိုင်းကျ လက်ဖက်ရည်ထိုင်သောက်နေ၏။ တရားဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရဟု ဆိုလေသည့် ပြည်သူ့လွှတ်တော် ငှက်ကထကြီး သူရဦးရွှေမန်း လက်ဖက်ရည်ဖိုး အမြန်လာရှင်းပေးပါရန် ...”

မတ် ၁၈
“တရားဥပဒေစိုးမိုးစေချင်လျှင် ...”

မတရားခံရသည့် အမှုကိစ္စအားလုံး တရားမျှတမှု ရှိလာအောင် ဆိုင်ရာ အမှုကိစ္စတွေမှာ တာဝန်ရှိခဲ့သူတွေကို တရားဥပဒေနဲ့အညီ တဖြေးဖြေးချင်း စုံစမ်းဖော်ထုတ် အပြစ်ပေး အရေးယူလာနိုင်မှသာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးလာပြီ ဆိုတာကို ပြည်သူတွေ အယုံအကြည်ရှိလာပြီး လုံခြုံစိတ်ချစွာ နေထိုင်လာနိုင်မည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဘာမှန်းမသိသော မုန့်ဆီကြော်အတွက် စစ်အာဏာရှင်တွေ အကြိုက်လိုက် မတရားမှုတွေကို ပြစ်မှုပေါ့အောင် ယုတ္တိမတန်စွာ ဖာထေးပေးနေလျှင် တရားဥပဒေစိုးမိုးမှု ဘယ်သောအခါမှ ရှိလာမည်မဟုတ်ဘဲ အာဏာရှင်လက်ကိုင်တုတ်တွေ ပြည်သူအပေါ် နှိပ်ကွပ်ရာတွင် ပိုပြီး လက်ရဲဇက်ရဲ ရှိလာအောင် အားပေးအားမြှောက်ပြုသလိုသာ ဖြစ်ပေမည်။

မတ် ၁၈
“အရေးယူပေးပါ”

မီးလောင်ဗုံးပစ်တဲ့ကိစ္စမှာ အဓိက တာဝန်ရှိတဲ့ တရားခံတွေကို ဖော်ထုတ် အရေးယူ အပြစ်ပေးဖို့ တောင်းဆိုပါတယ်။

နောင်လာနောက်သားတွေ မေးခွန်းထုတ်စရာ နည်းမှန်လမ်းမှန် မဟုတ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုမျိုးကို လုံးဝ လုံးဝ အားမပေးပါ။

မတ် ၁၇
“၂၀၁၅ မှာ သမ္မတ ဘယ်သူဖြစ်မလဲ”

ယုတ္တိမတန်တဲ့ ရယ်စရာ အိုးနင်းခွက်နင်း ဆင်ခြေတွေနဲ့ မီးလောင်ဗုံးတရားခံတွေကို မျက်နှာပြောင်တိုက် အကာအကွယ်ပေးပြီး လုံးဝဖျက်သိမ်းသင့်တဲ့ လူထုဂုတ်သွေးစုပ် ဦးပိုင်ကုမ္ပဏီကို စီမံကိန်း ဆက်လုပ်ဖို့ တိုက်တွန်းသူကြီး ၂၀၁၅ မှာ သမ္မတဖြစ်မှာမဟုတ်ဘူးလို့ ဘယ်သူအတတ်ပြောနိုင်မလဲ။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ မှာ သမ္မတဖြစ်မယ့်သူကို လူထုက တင်မြှောက်လို့ ရမှာမှ မဟုတ်ဘဲ။ ပြည်ဖျက် ဦးလေးသန်းရွှေနဲ့ ပုလင်းတူဘူးဆို့ ဗိုလ်ချုပ်တွေ သဘောတူကြည်ဖြူမှ ရမှာမဟုတ်လား။ အဲဒါကြောင့် လူထုအကြိုက်မလိုက်ဘဲ ပြည်ဖျက် ဦးလေးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေအကြိုက် လိုက်လျောလုပ်ဆောင်သူကြီးကို သမ္မတအဖြစ် တစ်ပေးမိတာပ။ :)

မတ် ၁၇
“အမှန်တရားတွေ ဘူးပေါ်သလိုပေါ်”

ဗီဒီယိုမှတ်တမ်းတွေ ထွန်းကားလာတော့ ဘယ်သူ့မှတ်ချက်တွေကိုမှ နားယောင်စရာမလိုဘဲ ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ဆိုတာကို ပြည်သူတွေ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုပြီး သုံးသပ်ဆင်ခြင်ခွင့်ရလာတာဟာ နည်းပညာတွေရဲ့ တကယ့်ကျေးဇူးတရားပါပဲ။

မတ် ၁၇
“တခွန်းတည်းနဲ့ ပွဲပြတ်သွားတဲ့ ကြွေးကြော်သံ” :)

ဦးပိုင်-၀မ်ပေါင် အလိုမရှိ
ဦးပိုင်-၀မ်ပေါင် အလိုမရှိ
ဦးပိုင်-၀မ်ပေါင် အလိုမရှိ

မတ် ၁၇
“ဒီမိုကရေစီအကျိုး မျှော်ကိုး၍ ...”

ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ရေးခရီးကြမ်းကို ၂ နှစ်ကျော်ကြာ ဖြတ်သန်းပြီးခဲ့ချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခံယူပုံ တူညီတာလေးတခု မနေ့တနေ့က ဒေါ်အောင်ဆန်းစုကြည်ဆီက ကြားလိုက်ရတယ်။

“နိုင်ငံရေးလုပ်တယ်ဆိုတာ အမုန်းခံသင့်ရင် အမုန်းခံရမှာပဲ။ ကိုယ်မှန်တယ်ထင်တာ လုပ်လို့ရှိရင် အမုန်းခံရဲရမယ်။ အမုန်းမခံချင်ရင် နိုင်ငံရေး မလုပ်နဲ့။ အချစ်ခံချင်လို့ လုပ်တာဆိုရင် နိုင်ငံရေး မဟုတ်ဘူး” တဲ့။

ကျနော်လည်း အဲဒီလို ခံယူချက်နဲ့ပဲ ဒီမိုကရေစီအကျိုး မျှော်ကိုးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေအပေါ် ကိုယ်မြင်တဲ့အတိုင်း စိုက်လိုက်မတ်တပ် ဝေဖန်ခဲ့ပေသကိုး။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထား ဝေဖန်ထောက်ပြဖြစ်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင်ကားကြီးရဲ့ စတီယာတိုင်ကို ကိုင်ထားသူ (အတိမ်းအစောင်းခံလို့မရသူ) လို့ ယုံကြည်လို့ လွဲချော်မှုတစုံတခုမျှ မဖြစ်စေလိုတဲ့ စေတနာနဲ့ ကိုယ်မြင်တာကို မြင်တဲ့အတိုင်း၊ မှန်တယ်ထင်တာကို မှန်တယ်ထင်တဲ့အတိုင်း အမုန်းခံ ဝေဖန်ထောက်ပြရေးသားဖြစ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ရှေ့လျှောက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင်ကားကြီးရဲ့ စတီယာတိုင် ကိုင်ထားသူ (အတိမ်းအစောင်းခံလို့မရသူ) လို့ ယုံကြည်နေသေးသရွေ့ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော် ဆက်လက် ဝေဖန်ထောက်ပြရေးသားဖြစ်နေဦးမှာပါပဲ။ စတီယာတိုင် ကိုင်ထားသူ မဟုတ်တော့ဘူးလို့ ယုံကြည်လာတဲ့တနေ့ကျရင်တော့ ကျနော်လည်း လက်ညောင်းခံပြီး ဝေဖန်ရေးသားဖြစ်တော့မှာ မဟုတ်ပါဘူး။

ဒီစာစုနဲ့အတူ ၂၀၁၀ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဗွေဆော်ဦး ဝေဖန်ရေးသားဖြစ်ခဲ့တဲ့ ဆောင်းပါးလင့်ခ်လေးကို ဖော်ပြလိုက်ပါတယ်။ ဆွမ်းကြီးလောင်း အားပေးထားကြတဲ့ ကွန်မင့်များနဲ့ တွဲဖက် ဖတ်ရှုကြည့်ကြပါကုန်။ :)

http://drlunswe.blogspot.com/2010/12/blog-post_14.html

မတ် ၁၇
“အပျင်းပြေ စစ်တမ်းကောက်ယူမှု” :)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါ စေတနာနဲ့ ဝေဖန်ထောက်ပြတာကို ...

(၁) ဥာဏ်မမီသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တွန်းချတယ်လို့ မြင်သတဲ့။

(၂) မျက်စိစုံမှိတ်ချစ်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တယ်လို့ မြင်သတဲ့။

(၃) ဆင်ခြင်တုံတရား ကြီးမားသူတို့က ဒေါ်အောင်ဆန်းစုကြည်ကို လမ်းမမှားအောင် တည့်မတ်ပေးတာဖြစ်တယ်လို့ မြင်သတဲ့။

သင် ဘယ်အမျိုးအစားထဲမှာ ပါသလဲ။ (၁) လား၊ (၂) လား၊ (၃) လား ???

မတ် ၁၆
“လက်ပံတောင်းအစီရင်ခံစာကို ရှဲ့ရှဲ့”

လက်ပံတောင်းအစီရင်ခံစာ ထွက်ပြီးနောက်ပိုင်းမှာ Friend List ထဲက Friend တု Friend ယောင်တွေ တော်တော်များများ လျော့သွားတယ်။ မိတ်ဆွေတုမိတ်ဆွေယောင်တွေကို စစ်ထုတ်ပေးလိုက်တဲ့ လက်ပံတောင်းအစီရင်ခံစာကို ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ရပါတယ်။ နောက်ထပ်လည်း Friend တု Friend ယောင်တွေ စစ်ထုတ်ပေးမယ့် နိုင်ငံရေးလှိုင်းလုံးတွေကို တလုံးပြီးတလုံး ပျော်ပျော်ကြီး ကျော်ဖြတ်ရဦးမှာပလေ။ :)

မတ် ၁၆
“မေးချင်တာက ...”

ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းဒေသခံတွေ ဆန္ဒပြတာ နောက်ကွယ်က ပယောဂပါမပါ သတင်းထောက်တွေ ကိုယ့်ဘာသာစုံစမ်းကြပါ ... တဲ့။ မေးချင်တာက ...

- တရားမျှတမှုအတွက် မီးခိုးဗုံးပဲဖြစ်ဖြစ် မီးလောင်ဗုံးပဲဖြစ်ဖြစ် ရက်ရက်စက်စက် ပစ်ခတ်နှိမ်းနင်းတဲ့ တရားခံတွေကို ဖော်ထုတ်အပြစ်ပေးရေးမှာ ယုတ္တိမရှိတဲ့ ဆင်ခြေဆင်လက်တွေနဲ့ တရားခံတွေဘက်က ငါ့စကားနွားရ ကာကွယ်ပြောဆိုနေသူက ပယောဂ၀င်နေတာလား ... ????

- သူတို့ လိုလားချက်တွေကို လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်တောင်းဆိုကြတဲ့ လက်ပံတောင်းဒေသခံတွေက ပယောဂ၀င်နေတာလား ... ????

မတ် ၁၆
“အလွဲတွေနဲ့ ...”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ခဲ့တယ်” ဆိုတဲ့ စကားလေးနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း
(၁) ဘက်မှားရပ်တည်မှုနဲ့
(၂) ပြည်သူအပေါ် ငါတကောကော ဆက်ဆံလိုတဲ့ စိတ်ကြီးဝင်နေမှု
... စတဲ့ မဟာအမှားနှစ်ခုကို မမြင်သရွေ့၊ မြင်သော်လည်း မပြင်သရွေ့ ရှေ့လျှောက်လည်း အခုလို အလွဲတွေနဲ့ ဆက်ပြီး ကြုံတွေ့နေရဦးမှာပါပဲ။

မတ် ၁၅
“အကြံပြုချင်ပါတယ်”

ပြည်သူတွေ ချစ်ချစ်ခင်ခင်နဲ့ အရာအားလုံးကို ကျော်ဖြတ်သွားနိုင်တာကို မြင်ချင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရပ်တည်ချက် မှားယွင်းစွာနဲ့ အဖြေရှာနေတာတွေကို အရင်ဆုံး ပြုပြင်ဖို့ လိုမယ်လို့ အကြံပြုချင်ပါတယ်။

မတ် ၁၅
“စိတ်ကြီးဝင်မှုနဲ့ ...”

လူထုခေါင်းဆောင်ရဲ့ လုပ်ရပ်တွေ အမြော်အမြင် ကြီး/မကြီးတော့ မသေချာလှဘူး။ လူထုလက်မခံတဲ့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၁၂ မှာ ဒူးထောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်လိုက်တုန်းက ၂၃ နှစ်ကျော် တညီတညွတ်တည်း ထောက်ခံလာသူတွေကြား နှစ်ခြမ်းစကွဲတယ်။ အခုလည်း လက်ပံတောင်းအစီရင်ခံစာ တရားမျှတတာ/မမျှတတာ အသာထား ... နှစ်ခြမ်းထပ်ကွဲရပြန်ပြီ။

အဓိက အားနည်းချက်ကတော့ ဘာလုပ်လုပ် လူထုကြားကို ကျေလည်အောင် ချပြတိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ “ငါ ကောင်းတာလုပ်တာ၊ ငါ လုပ်တာ အမှန် ... ဒါကို လူထု လက်ခံရမယ်” ဆိုတဲ့ စိတ်ကြီးဝင်မှုနဲ့ လုပ်နေလို့ အခုလို အလွဲလွဲအချော်ချော် အခြမ်းခြမ်းကွဲနေရတာလို့ မြင်မိပါတယ်။

မတ် ၁၄
“မှားတဲ့ဘက်မှာ ...”

စစ်ခေါင်းဆောင်တွေနဲ့ ပြန်လည်သင့်မြတ်ချင်ဇောအားကြီးပြီး တိုင်းပြည်အကျိုးစီးပွားအတွက် မဟုတ်ဘဲ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ ဦးပိုင်ကုမ္ပဏီ အကျိုးစီးပွားဘက်က မှားယွင်းရပ်တည်ခဲ့လေတော့ ...

မတ် ၁၄
“အဆင့် ၃ ဆင့်”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာကို ဘယ်လောက်ပဲ တရားမျှတအောင် ရေးရေး စီမံကိန်း ဆက်လုပ်သင့်မသင့် ဆိုတဲ့ကိစ္စမှာ ...

- ဒေသခံလူထု လက်ခံသဘောတူလာအောင် အချိန်ယူ ရှင်းပြစည်းရုံးဖို့က ပထမအဆင့်

- ဒေသခံလူထု လက်ခံသဘောတူခဲ့ရင်တောင် မြန်မာ့စီးပွားရေးကို မတရား လက်ဝါးကြီးအုပ် ဂုတ်ခွစီးထားတဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို ဆက်လုပ်ခွင့်မပြုဖို့က ဒုတိယအဆင့်

- တိုင်းပြည်အကျိုးအတွက် ဆက်လုပ်ခွင့်ပြုမယ်ဆိုရင် သတ္တုတွင်းဝန်ကြီးဌာနကိုသာ လွှဲယူလုပ်ကိုင်ခွင့်ပြုသင့်သည်က တတိယအဆင့် ... လို့ မြင်ပါတယ်။

မတ် ၁၃
“ပြည်သူလူထု ဆိုတာ ကြည့်မှန်တချပ်လိုပါပဲ”

ပြည်သူလူထု ဆိုတာ ကြည့်မှန်တချပ်လိုပါပဲ။ ပြည်သူလူထုအကျိုးကို လုပ်နေပါတယ်ဆိုတဲ့ ဘယ်သူမဆို ပြည်သူလူထုရှေ့မှာ သွားရပ်တဲ့အခါ ကိုယ်လုပ်ထားတဲ့ လုပ်ရပ် မှန်ကန်ရင် မှန်ကန်သလို ပြည်သူလူထုက လက်ခုပ်သြဘာပေး ကြိုဆိုကြမှာပဲ။ မှားရင် မှားသလို ဆန္ဒပြ အော်ဟစ်ခံရမှာပဲ။ ပြည်သူလူထုဆိုတာ မြှောက်ပေးတိုင်း ကတဲ့လူတွေ မဟုတ်ဘူးဆိုတာ ၈၈ တုန်းက တွေ့ခဲ့ကြပြီးပြီပဲ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ (ဖုန်းမော်နေ့) မှာ ဆန္ဒပြအော်ဟစ်ခံရတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘာတွေမှားနေပြီလဲ ဆိုတာကို အပြန်ပြန်အလှန်လှန် သုံးသပ်ကြည့်ကြဖိုပဲ လိုတယ်လို့ ထင်ပါတယ်။ မဟုတ်ဘဲ ဆန္ဒပြတဲ့ ပြည်သူလူထုကို ညစ်တွန်းတွန်း အပြစ်ဖို့နေကြမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်သာ ပိုအရှက်ကွဲဖို့ ရှိတယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။

မတ် ၁၃
“လူတချို့က ကိုယ်တိုင်ထိမှ သိမှ “အားဘားဘား” လို့ အော်ပြီး နာတတ်ကြလို့ပါ။”

လက်ပံတောင်းအစီရင်ခံစာ တရားမျှတပါတယ် ဆိုတဲ့ ပေါ့ပေါ့တွေး ပေါ့ပေါ့ရေး၊ ပေါ့ပေါ့လေး နေကြသူတွေကို လက်ပံတောင်းဒေသခံတွေနဲ့အတူ သူတို့ နေ၊ သူတို့ စား၊ သူတို့ သောက်၊ သူတို့ ရောဂါဘယ ခံစားနေကြရသလို အတူသွားနေကြည့်ကြဖို့ပဲ အကြံပြုရတော့မယ် ထင်ပါရဲ့။ လူတချို့က ကိုယ်တိုင်ထိမှ သိမှ “အားဘားဘား” လို့ အော်ပြီး နာတတ်ကြလို့ပါ။

မတ် ၁၃
“ဘုတောရတော့မည်လော”

ဒေါ်အောင်ဆန်းစုကြည် ဘာမှားနေလဲ ဆိုတာကိုတော့ ကိုတတ်ပ မတတ်ပတို့ အဖြေမထုတ်ကြ ... ဆန္ဒပြလူထုကိုသာ အပြစ်တင်ချင်ကြ ... ခက်သားလားခင်ဗျ။ ငကန်းသေ ငစွေ ပေါ်လာပါလိမ့်မယ် လို့သာ ဘုတောရတော့မည်လော။

မတ် ၁၃
“ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် စစ်လက်ခုပ်ထဲက ရေ”

သြော် ... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူထုခေါင်းရှောင်ဖြစ်ရုံမက “စစ်လက်ခုပ်ထဲက ရေ” ပါ ဖြစ်သွားမှတော့ နိုင်ငံရေးအရကော သူ့ဆီက ဘာများ မျှော်လင့်နေကြဦးမလဲလေ။

မတ် ၁၂
“ဦးပိုင်က ဒေါ်အောင်ဆန်းစုကြည်ကိုပါ ၀ယ်သွားပြီနဲ့ တူပါတယ်။”

တကယ်ဆိုရင် စစ်တပ်ဆိုတာ ၀န်ထမ်းအဖွဲ့အစည်းပဲ။ နိုင်ငံတော်ဘဏ္ဍာကို အမျာဆုံး ဖြုန်းတီးဖို့လည်း ဗိုလ်ကျခွဲတမ်းယူထားပြီးသားပဲ။ ဒါကြောင့် စစ်တပ်က ပိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဆိုတာ လုံးဝမရှိသင့်တဲ့အရာပဲ။ စစ်တပ်ဟာ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ် ဗိုလ်ကျလုပ်ပိုင်ခွင့် ရှိမှမရှိတာပဲ။ ဒါကို စီမံကိန်းဆက်လုပ်ဖို့ အကြံပြုတယ်ဆိုတာ လုံးဝမရှိသင့် (လုံးဝဖျက်သိမ်းသင့်) တဲ့ စစ်တပ်ပိုင်ကုမ္ပဏီကို ကော်မရှင်က တဖက်လှည့်နဲ့ အသိအမှတ်ပြုပေးလိုက်တာပဲ။ တကယ်ဆိုရင် ဆက်လုပ်ကိုင်ဖို့ ဒေသခံတွေက သဘောတူခွင့်ပြုတယ်ဆိုရင်တောင် ဦးပိုင်ကုမ္ပဏီကို အပြီးအပိုင် ဖျက်သိမ်းခိုင်းပြီး သတ္ထုတွင်းဝန်ကြီးဌာနကပဲ လွှဲပြောင်းယူပြီး လုပ်ကိုင်ဖို့ အကြံပြုရဲတဲ့သတ္တိ ကော်မရှင်မှာ ရှိသင့်တာပေါ့။ ကြည့်ရတာ ဦးပိုင်က ဒေါ်အောင်ဆန်းစုကြည်ကိုပါ ၀ယ်သွားပြီနဲ့ တူပါတယ်လေ။

မတ် ၁၂
“ဘာ့ကြောင့်”

- လက်ပံတောင်းကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေ တင်ပြရုံပဲဆိုပြီး စီမံကိန်း ဆက်လုပ်ဖို့ အကြံပြုချက်တွေ ဘာ့ကြောင့် ထည့်သွင်း ဖော်ပြရတာလဲ။

- အဲသလို အကြံပြုချက်တွေ ထည့်သွင်းကြေးဆိုရင် သံဃာတွေကို ဒဏ်ရာအကြီးအကျယ် ရစေခဲ့တဲ့ သပိတ်စခန်း ဖြိုခွင်းရေး အဓိက တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ကျတော့ အကြံပြုချက်တွေ ဘာ့ကြောင့် ထည့်သွင်း မဖော်ပြတာပါလဲ။

မတ် ၁၂
“ရပ်တည်ချက် မှားရင် ...”

၈၈ တွေ သွားဖြေရှင်းတုန်းကတော့ လက်ပံတောင်းဒေသခံတွေက “အခေါင်း” မီးရှို့ ဆန္ဒပြကြတယ်။

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် သွားမယ်တဲ့။

ဘာတွေဖြစ်လေမလဲ။

(ဒေါ်အောင်ဆန်းစုကြည် မရောက်ခင်မှာ လက်ပံတောင်းဒေသခံတွေ အစီရင်ခံစာ ဖတ်ပြီး “ဦးပိုင်နဲ့ ၀မ်ပေါင်” ကိုတော့ ဒေါသမီးနဲ့ ရှို့ပြီးလောက်ပြီထင်ရဲ့)။

မတ် ၁၁
“ပြောင်းလဲတာလား ... ပြောင်အောင်လှဲတော့မှာလား”

မြေခွေးစစ်အုပ်စုက ကင်းပေါက်ချင်လို့ မကျွေးစဖူး တကောင် ချကျွေးတာကို မိုးမမြင်လေမမြင် ၀ါးတီးဖွင့် အရသာတွေ့ပြီး “ပြောင်းလဲနေပြီ ... ပြောင်းလဲနေပြီ” လို့ အော်နေကြသူတွေအနေနဲ့ မြေခွေးစစ်အုပ်စု ကင်းပေါက်သွားပြီး ပြောင်အောင်လှဲကျင်းခံရတဲ့အချိန်ကျရင်လည်း “အောင်မြတ်လေး ... ပြောင်အောင်လှဲနေပြီခင်ဗျ ... ပြောင်အောင်လှဲနေပြီခင်ဗျ” လို့ အော်ဟစ် အကူအညီတောင်းဖို့ မမေ့ကြဖို့ ကြိုတင်သတိလေးပေးခွင့်ပြုပါခင်ဗျ (သတိဟူသည် ပိုသည်မရှိလို့ ဆိုတယ်မဟုတ်လားခင်ဗျာ)။

မတ် ၁၁
“တည့်တည့်ပဲ တွေးကြည့်ရရင် ...”

သတင်းတပုဒ်မှာ “ပြုပြင်ပြောင်းလဲခွင့်ကို လက်လွှတ်ရင် သမိုင်းတရားခံ ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး” လို့ ဖတ်ရတော့ ဖြန့်ထွက်လည်း မတွေး၊ ဖောက်ထွက်လည်း မတွေး၊ ဒိုင်ဗင်ပစ်ပြီးတော့လည်း မတွေးဘဲ တည့်တည့်ပဲ တွေးကြည့်ရရင် ၂၀၀၈ အခြေခံဥပဒေအောက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ပါတီလို ဒူးမထောက်သူများ သမိုင်းတရားခံ ဖြစ်လိမ့်မယ်လို့ ဆိုလိုရာရောက်လေမလား ????

မတ် ၁၁
“ထိုးကြဦးမလား ၀ီလျံဟေးလ်”

NLD မှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးပြီမို့ အရင်ဗဟိုဦးစီးစနစ် အကျင့်စရိုက်မပျောက်တဲ့ ဗဟိုကော်မတီဝင်တွေကို ဒဏ်တပ်ကြေးဆိုရင် ၁၅ ဦးထဲမှာ အများဆုံး ဒဏ်ကြေးထိမယ့် ဗဟိုကော်မတီဝင် ၃ ဦး ဘယ်သူဖြစ်မလဲ ဆိုတာကို အများဆန္ဒကို တိတ်တဆိတ် စနည်းနာပြီး ၀ီလျံဟေးလ်က လောင်းကြေးဖွင့်လှစ်လိုက်ပါပြီတဲ့ခင်ဗျာ။

(၁) ဒေါ်အောင်ဆန်းစုကြည်
(၂) ဦးဥာဏ်ဝင်း
(၃) ဦးဟန်သာမြင့် ...

- ၁၀ လေး ၁ လေး တဲ့။

ကဲ ... ထိုးကြဦးမလား:)

မတ် ၁၀
“တခန်းရပ်ပြဇာတ်နဲ့ နိဂုံးချုပ်ကုန်မှာတောင် စိုးရိမ်ရ”

“၈ ပူးတွေလည်း ဗိုလ်ခင်ညွန့် ခေတ်ကောင်းစဉ်က တိုင်းခန်းလှည့် လျှောက်ပတ်စားသောက်တဲ့ စတိုင်လ်မျိုးနဲ့ ပွင့်လင်းမွေ့လျော်နေကြတာ ၂၀၁၅ မတိုင်မီ ပေါတောတောကြီးတွေဖြစ်ပြီး တခန်းရပ်ပြဇာတ်နဲ့ နိဂုံးချုပ်ကုန်မှာတောင် စိုးရိမ်ရတယ်။”

မတ် ၁၀
“ဦးဆောင်ပါတီ” လား ... “မရှိသုံးပါတီ” လား

NLD ပါတီကို အရင်တုန်းကတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် (ဘာမှတော့ မဟုတ်ခဲ့ပါဘူး) နိုင်ငံရေးအရ “ဦးဆောင်ပါတီ” အဖြစ် ပြည်သူတွေ တညီတညွတ်တည်း ထောက်ခံခဲ့ကြတယ်။

- ၉၀ ရလဒ်ကို အလွယ်တကူ စွန့်လွှတ်ပြီးနောက်ပိုင်း ...

- ၂၀၀၈ ကို လွှတ်တော်ပြင်ပက ပြင်ဖို့ နည်းနည်းလေးသော်မှ အားထုတ်ကြိုးစားကြည့်ခြင်းအလျဉ်းမရှိဘဲ၊ မဲဆန္ဒရှင် ပြည်သူလူထုကိုလည်း ကျေလည်အောင် ချမပြ ရှင်းမပြဘဲ ၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းပုံအောက် တဦးတယောက်ရဲ့ အာဏာရှင်ဆန်ဆန် ဆွဲခေါ်မှုနဲ့ ဒူးထောက် အခစားဝင်လိုက်ချိန် နောက်ပိုင်းမှာတော့ ...

နိုင်ငံရေးစိတ်ဝင်စားတဲ့ ပြည်သူတွေရဲ့ စိတ်ရင်းအမှန်ထဲမှာ NLD ပါတီကို “မရှိသုံးပါတီ” အဖြစ်နဲ့ပဲ သဘောထားတော့တာတွေ တဖြေးဖြေး ပိုများလာတယ်လို့ ထင်ပါတယ်။ အခြေအနေမှန် သိချင်ရင် လူထုအလွှာအသီးသီးထဲ လျှို့ဝှက်စနစ်နဲ့ စနစ်တကျ Poll ကောက်ကြည့်စေချင်တယ်။

မတ် ၆
“မြန်မာ့တပ်မတော် အသုံးစရိတ်တောင်းပုံက ...”

မြန်မာ့တပ်မတော် အသုံးစရိတ်တောင်းပုံက ဘယ်လိုဖြစ်နေလဲဆိုတော့ ၀င်ငွေရှိတဲ့အလုပ်လည်း ဘာတခုမှမလုပ်၊ အိမ်ကိုလည်း မကူညီ မကာကွယ်တဲ့ သားဆိုးသားမိုက်တယောက်က အိမ်ရှိလူကုန်ကို ဒုက္ခမျိုးစုံပေး နှိပ်စက်သောင်းကျန်းတဲ့အပြင် မိခင်ချွေးခံအိတ်ထဲက ရှိစုမဲ့စုငွေလေးကိုပါ ဘိန်းရှူဖို့ အတင်းအဓမ္မ ဓားပြပြီး နှိုက်ယူသလိုပါပဲ။ ဒီနိုင်ငံမှ မမွဲ ဘယ်နိုင်ငံ မွဲမလဲလေ။

http://www.rfa.org/burmese/news/army-budget-billion-2400-03062013234545.html

ဖေဖော်ဝါရီ ၂၈
“ပြည်တွင်းပြည်ပမှ ဒီမိုကရေစီအရေခြုံ သူခိုးအကြီးစားများ
(တော်လှန်ရေးအရေခြုံ လုပ်စားကြီးများ) သို့ မေတ္တာရပ်ခံချက်”

ယခုအခါ မြန်မာပြည်တွင်း၌ ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများအတွက် အာဏာရှင်စစ်အုပ်စုကို မကြောက်မရွံ့ ဦးဆောင်တိုက်ပွဲဝင်နေကြသည့် လူထုလှုပ်ရှားမှုခေါင်းဆောင်များ တယောက်ပြီး တယောက် ပေါ်ထွက်လာလျက်ရှိပါသည်။ ပြည်တွင်းပြည်ပမှ ဒီမိုကရေစီအရေခြုံ သူခိုးအကြီးစား (တော်လှန်ရေးအရေခြုံ လုပ်စားကြီး) များအနေနှင့် ပြည်တွင်း၌ ဖြစ်ပေါ်နေသော လူထုတိုက်ပွဲများ အမှန်တကယ် အောင်မြင်စေလိုပါလျှင် ပြည်တွင်း၌ ရဲရဲတောက် တိုက်ပွဲဝင်နေသူများထံသို့သာ ထိရောက်သည့် အကူအညီများ ပေးကြစေလိုပြီး ရိုးသားတက်ကြွသည့် ခေါင်းဆောင်များကို (၁) အူကြောင်ကျားသင်တန်းများ ခေါ်ပေး၍ ဆရာလုပ် ဖျက်ဆီးခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း (၂) ဖြစ်ပေါ်နေသည့် လူထုတိုက်ပွဲများ ပျကစီးရာပျက်စီးကြောင်း ခေါင်းနဲ့ကိုယ် ခွဲခြားသည့် လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ရပ်တန်းကရပ်ကြပါရန် ပထမအဆင့်အနေဖြင့် မေတ္တာရပ်ခံ ပြောကြားလိုက်ရပါသည်။

ဖေဖော်ဝါရီ ၂၆
“ချစ်လုံးလုံး မုန်းလျားလျား”

“ချစ်လုံးလုံး မုန်းလျားလျား” ဆိုတဲ့ ဆိုရိုးစကားနဲ့ ညီတဲ့ အစွန်းရောက်မှုတွေလို့ပဲ ပြောရမလား ... ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အစွန်းရောက် အရေးအသားတွေကို ဖတ်ရဖန်များလာတော့ ပြုံးစိစိ ဖြစ်မိတာတွေ ရှိသလို ဆံစများပင် ထောင်ချင်လာသလို ဖြစ်မိတာလည်းရှိရဲ့။

အခုအထိ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ဘာပြောပြော အပြစ်မမြင် ချစ်ခင်နေကြဆဲ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်တွေက “အမေစု” “မေမေစု” “မေစု” “ချစ်မေ” “ချစ်စု” ဆိုပြီး အမြတ်တနိုး ချွဲနွဲ့ခေါ်ဝေါ် ရေးသားနေကြတာတွေကို ဖတ်မိတော့ ပြုံးချင်ချင် ဖြစ်မိတာလေးတွေ ကြုံရသလို အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အချစ်ကြီးချစ် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပြီး အခုအချိန်မှာ သူတို့ချစ်သလို မျှော်လင့်သလို ဖြစ်မလာလို့ ဒေါမနဿဖြစ်နေကြတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်တွေကတော့ နာမည်အရင်းတွေနဲ့ကို “ဒီမိန်းမကြီး” “ဒီအဖွားကြီး” “စကမက” “ဖသမက” လို့ ပယ်ပယ်နယ်နယ် ပြစ်ပြစ်နှစ်နှစ် ကစ်နေကြတာကို ဖတ်ရှုရပြန်တော့ ဆံစများပင် ထောင်ချင်လာသလို ဖြစ်မိတာလည်းရှိပါရဲ့။

ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ နိုင်ငံရေးလုပ်ရပ်ကို ရောထွေးချဉ်းကပ်ခဲ့ကြလို့ အဲသလို အစွန်းရောက် ခေါ်ဝေါ်ရေးသားမှုတွေ ဖြစ်တည်လာသလားလို့ ကျနော် တွေးနေမိတယ်။ ကျနော့်အနေနဲ့ကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ စပြီး ရေးသားစဉ်ကရော၊ မရေးခင်ကရော၊ အခုအထိရော ဒေါ်အောင်ဆန်စုကြည်အပေါ် အချစ်/အမုန်းစိတ် ကင်းစွာနဲ့ ချဉ်းကပ်ဝေဖန်ခဲ့တာဖြစ်လို့ အရင်ကလည်း “ဒေါ်အောင်ဆန်းစုကြည်” လို့ ခေါ်ဝေါ်ရေးသားခဲ့သလို အခုလည်း “ဒေါ်အောင်ဆန်းစုကြည်” လို့ပဲ ခေါ်ဝေါ်ရေးသားနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူသားတယောက်အနေနဲ့ပဲ ရှုမြင်ချဉ်းကပ် ဝေဖန်ရေးသားပါတယ်။

အားလုံ့သို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

1 comment:

philosophermgmyathar said...

ကိုလွမ်းဆွေကို ကျနော်လေးစားမိတာ
အဲဒါပဲ၊ သူက လူကိုလူလိုပဲမြင်တယ်၊
မူ ကိုဝေဖန်တာဖြစ်တဲ့အတွက်လူနံ
မည်ကိုဒေါ်အောင်ဆန်းစုကြည်ပဲတ
လျှောက်လုံးခေါ်ပြီးရေးခဲ့တာတွေချည်း
ပဲတွေ့တယ်၊ ဧရာဝတီကအောင်ဇော်
ကတော့ပြည်ပကထောက်ပံ့ကြေးလဲ
ဖြတ်ရော၊ အိမ်မြှောင်အမြှီးဖြတ်ခံရသ
လိုဖျတ်ဖျတ်လူး ပြီးဒေါ်အောင်ဆန်းစု
ကြည်ကနေ "ဒေါ်စုကြည်" တန်းကနဲ
ပြောင်းခေါ်တာ၊ စစ်အစိုးရလေသံလို
တခါတည်းပြောင်းတော့တာပဲ၊နောက် မြန်မာအိတ်စ်ပရက်ကအပုပ်ချတဲ့
အဖျင်းလိုလိုသတင်းလိုလိုတွေကိုလည်း သူ့ဘလောက်ဒ်မှာအဟပ်ခံရတဲ့ပုံစံနဲ့ခပ်တည်တည်ပဲတင်ပြီးအပုပ်ချခဲ့သေးတယ်၊ဒီတော့ အောင်ဇော်မဲဆောက်ရောက်လာတဲ့ရည်ရွယ်ချက်ကနိုင်ငံရေးလုပ်စားဖို့ သက်သက်ဆိုတာထင်ရှားသွားတာပေါ့၊ ကိုလွမ်းဆွေကတော့နိုင်ငံရေးယုံကြည်ချက်၊ ရည်ရွယ်ချက်ရှိတယ်လို့မြင်တယ်၊လူနဲ့ မူကို ပြတ်ပြတ်သားသားခွဲမြင်တယ်၊ ဧရာဝတီသတင်းဌာနနဲ့ဘလောက်ဒ်ကအောင်ဇော်လိုနိုင်ငံရေးလုပ်စားတဲ့မဟုတ်တော့လဲ မူကိုပဲဝေဖန်တာ၊ရှုတ်ချတာလုပ်တဲ့အတွက် ကိုလွမ်းဆွေ.၂၀၁၃ ကုန်ရင်ပြည်တွင်းပြန်မယ်၊လုပ်စရာတွေကိုဆက်လုပ်မယ်ဆိုတာကျနော်ကြိုဆိုပါတယ်ဗျား၊ ကျနော်လည်းကိုလွမ်းဆွေရဲ့ဆောင်းပါးတွေမပြတ်ဖတ်ပြီး ဟစ်တိုင်ကနေ ပြတ်ပြတ်သားသားကိုလွမ်းဆွေနံမည်နဲ့ ဝေဖန်ဘူးတာပဲ၊ ဒါပေမဲ့ကိုလွမ်းဆွေကို ကျနော်ကလဲ ကိုလွမ်းဆွေလိုပဲ မူကို ဝေဖန်တာဖြစ်လို့ လူနံမည်ကိုတော့ ကိုလွမ်းဆွေလို့ပဲရေးသားခဲ့မိကြောင်းပါဗျား၊ ကိုလွမ်းဆွေကြီးတိုင်းပြည်အတွက်တတ်နိုင်တဲ့ဖက်နေအကျိုးပြုနိုင်ပါစေ လို့... ( ဖီလော်ဆိုဖာမောင်မြသာ )ကျနော့်မှာလဲ ကလောင်ခွဲလေးရှိပါတယ်၊ မောင်လူဝေး နဲ့ စစ်ကိုနိုင်၈၈၈၈ ပါ ဗျား..