Saturday, September 14, 2013

အန်ကယ်နှင့် ကျနော် ၂ နှစ်ကျော်ကျော် … (တတိယ နိဂုံးပိုင်း)

အန်ကယ်နှင့် ကျနော် ၂ နှစ်ကျော်ကျော် … (တတိယ နိဂုံးပိုင်း)
ဒေါက်တာလွဏ်းဆွေ

တရက်တွင် အန်ကယ့်ထံမှ “သမီးထိ ဓားကြည့်” ဆိုသည့် စိတ်ဓာတ်ကို ကျနော် လှစ်ကနဲ တွေ့လိုက်ရသည်။ ထိုနေ့က နအဖစစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကြောင့် သေဆုံးခဲ့ရသူတွေအကြောင်း စကားစပ်မိရင်း အန်ကယ့်သမီးကြီး မအေးမာ တောမခိုခင်က ခေတ္တဖမ်းဆီး စစ်ဆေးခံရဖူးသည့်အကြောင်းဆီ စကားလမ်းကြောင်း ပြောင်းသွားသည်။ အန်ကယ်က “သမီး အဖမ်းခံရတုန်းက စစ်ကြောရေးမှာ သမီးကို နှိပ်စက်တဲ့သူ ဘယ်သူလဲဆိုတာကို ကျနော် စုံစမ်းတာပေါ့။ ဒီအသိုင်းအ၀ိုင်းက ကိုယ့်လူတွေချည်းပဲဆိုတော့ ကြာကြာမစုံစမ်းရပါဘူး၊ သိတာပဲ။ ဒီကောင်ကတော့ ကျနော့်ကို အေးမာအဖေမှန်း မသိဘူး။ ဘယ်ရမလဲ၊ ကိုယ့်ဂွင်ထဲလည်းရောက်ရော ဒီကောင့်ကို ကောင်းကောင်း သင်ခန်းစာပေးလိုက်တာပေါ့” ဟု ပြောပြီး အန်ကယ် ကျေနပ်ပီတိဖြစ်စွာ ပြုံးနေတာကို ကျနော် မြင်လိုက်ရသည်။ ကျနော်က “အန်ကယ်က တယ်စိတ်ကြီးတာပဲ” ဟု နောက်သလိုလိုနှင့် စကားလမ်းလွှဲလိုက်ရာ အန်ကယ် မျက်နှာပြန်တည်သွားပြီး “မရဘူး၊ ကျနော့်ကို ထိလို့ရတယ်။ သမီးကို ထိရင်တော့ လုံးဝသည်းမခံဘူး” ဟု ပြောပြီး မျက်နှာရှုတည်တည်ကြီးဖြစ်ကာ စကားဝိုင်း ခေတ္တတိတ်ဆိတ်သွားခဲ့သည်။ အန်ကယ်က သမီးအပေါ် ထိုသို့ အချစ်ကြီးသော်လည်း တခါတရံ နိုင်ငံရေးအရ မအေးမာနှင့် သဘောထားမတိုက်ဆိုင်မှုကြုံရသည့် အဖြစ်အပျက်ကို ပြန်ပြောပြအခါမျိုးတွင်မူ “သမီးက အဲလို … အရမ်းခေါင်းမာတယ်။ တဇောက်ကန်း” ဟု ဆိုတတ်ပြန်ရာ ကျနော့်မှာ ထိုအခါမျိုးတွင် ရယ်ချင်သော်လည်း အောင့်ထားရပြန်လေသည်။

၉၀ ရွေးကောက်ပွဲအပြီး ဂန္ဒီခန်းမမှာ အနိုင်ရ လွှတ်တော်အမတ်တွေ စုဝေးစဉ်က အထက်မှ စေခိုင်းချက်အရ ဓာတ်ပုံသတင်းသွားယူရပုံ၊ အစိုးရဘက်မှ လွှတ်သည့် သတင်းထောက်မှန်းသိ၍ အသက်အန္တရာယ်ပင် ကြုံရလုနီးနီး ရန်အမူခံရပုံ၊ NLD ရုံးချုပ်တွင် အခမ်းအနားတခုခု ရှိသည့်အခါမျိုးတွင်လည်း အထက်မှ စေခိုင်းချက်အရ ဓာတ်ပုံသတင်း သွားယူပေးရပုံ၊ အခမ်းအနားတွင် လူအများရှေ့၌ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာမှာလည်း သတင်းထည့်တာမဟုတ်ဘဲ ဘာလို့ သတင်းလာယူတာလဲဟု စသလိုလိုနှင့် ပြောဆိုတတ်ပုံ၊ ဖောက်ခွဲမှုနှင့် ပတ်သက်သည့် န၀တ/နအဖ သတင်းစာရှင်းလင်းပွဲများတွင် “လွမ်းဏီ ခေါ် ကျော်ကျော်၏ စေခိုင်းချက်အရ” ဟု ပြောဆိုရှင်းလင်းနေသည့်အခါတိုင်း မှင်သေသေနှင့် နေရပုံတွေကို အန်ကယ် ပြောပြသည့်အခါ အနှစ် ၂၀ ကြာ အတိုက်အခံနှင့် စစ်အစိုးရအကြား အကျဉ်းအကျပ်ကြုံခဲ့ရသည့် အန်ကယ့်ဖြစ်အင်နှင့် စစ်အစိုးရမှ ဖောက်ခွဲသူဟု စွပ်စွဲသည့် မောင်လွမ်းဏီသည် အန်ကယ်၏ သားမက်ဖြစ်ကြောင်း သိသွားခဲ့ရင်ဆိုသည့် (ရင်ဘတ်ထဲ ချိန်ကိုက်ဗုံးတလုံး လွယ်ထားရသည့်) အန်ကယ့်ဒုက္ခကို ကိုယ်ချင်းစာမိရင်း ကျနော် အသက်ရှုကျပ်သလိုပင် ဖြစ်မိလေ၏။

“ဘယ်တတ်နိုင်မလဲ ဆရာရယ်၊ သမီး တောခိုသွားတာလည်း ကျနော် ခရီးက ပြန်လာမှ သိရတာ။ ကိုယ့်သမီးပဲ၊ စွန့်ပစ်လို့မှ မရတာ။ ဒီလိုပဲ မှင်သေသေနဲ့ နေရတာပေါ့။ သတင်းထောက်အလုပ်ကလည်း ဦးနေ၀င်းခေတ်ကတည်းက လုပ်လာတာဆိုတော့ ၀န်ထမ်းဘာဝ ခိုင်းတာကို တာဝန်ကျေအောင်ပဲ ဆက်လုပ်ရတာပေါ့။ တော်သေးတယ်။ သူတို့ အပြောင်းအလဲလုပ်ခါနီး ၂၀၀၈ လောက်မှ သိတာ ကျနော် ကံကောင်းတယ်။ ခင်ညွန့်လက်ထက်ဆို ကျနော် ပိုခံရမယ်။ သိသွားတာလည်း ကျနော့်ကြောင့် မဟုတ်ဘူး၊ သူတို့ဖမ်းမိတဲ့သူတယောက်ကို စစ်ရင်း ကျနော် အေးမာအဖေမှန်း သိသွားတာ။ ကျနော်ကတော့ တလျှောက်လုံး ကိုယ့်တာဝန်ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တာချည်းပဲ။ ကျနော့်ကြောင့် ဘာတခုမှ ပေါက်ကြားခဲ့တာလည်း မရှိဘူး။ ဒါပေမယ့် သိလည်းသိသွားရော ၀န်ကြီး (ဦးကျော်ဆန်းကို ဆိုလို) က သူ့ကိုပါ အမှုပတ်မှာစိုးလို့ လုံးဝ အတွေ့မခံတော့ဘူး။ တကယ်ဆို ကျနော် သူတို့အတွက် ဒီလောက်လုပ်ပေးခဲ့တာ …” ဟု ဆိုကာ လေးလေးတွဲ့တွဲ့ ပြောဆိုနေသည့် အန်ကယ်၏ သည်းထိတ်ရင်ဖိုဇာတ်လမ်း ထိုနေရာတွင် နာကြည်းသံစွက်ရင်း ရပ်တန့်သွားခဲ့လေသည်။

တကယ်ဆို အန်ကယ်နှင့် ကျနော် ပြည်တွင်းမှာ လူချင်း သိကျွမ်းခဲ့မှုမရှိခြင်းကလည်း ထူးဆန်းသည်ဟု ပြောရမည်ပင်။ အန်ကယ်လည်း စာရေးဆရာ၊ မီဒီယာလောကထဲ နှစ်ရှည်လများ ကျင်လည်ခဲ့သူ၊ ကျနော်ကလည်း မဂ္ဂဇင်းအယ်ဒီတာအဖြစ် ၁၉၉၆ မှ ၂၀၀၅ အထိ ၁၀ နှစ်နီးပါး မီဒီယာလောကမှာ ကျင်လည်ခဲ့လင့်ကစား အန်ကယ်နှင့်ကျနော် ပြည်တွင်း၌ ရေစက်မဆုံခဲ့။ ပို၍ထူးဆန်းသည်မှာ ပြည်တွင်းမှာ အန်ကယ်နှင့် ခင်မင်ရင်းနှီးသူ နံနက်ခင်းဂျာနယ် ထုတ်ဝေသူ ကိုဇန်ဇန် (စိုးမြတ်ကလျာ၏ ခင်ပွန်း) နှင့် စာရေးဆရာ အောင်ဟိဏ်း (ကျိုက်ထော်) တို့မှာ ကျနော်နှင့်လည်း ရင်းရင်းနှီးနှီး တွဲခဲ့ကြသူများဖြစ်သည်။

ပြန်စဉ်းစားကြည့်တော့ ကျနော်က ကိုဇန်ဇန်ဆီ သူ ပန်းချီဒီဇိုင်းဆရာဘ၀ ကျီတော်တိုက်ခန်းတွင် နေစဉ် ၁၉၉၆-၉၇ က မဂ္ဂဇင်းအတွက် ပန်းချီဒီဇိုင်းများ အပ်ရင်း မကြာခဏ ရောက်ဖြစ်ခဲ့ခြင်းဖြစ်ပြီး အန်ကယ်က ကိုဇန်ဇန် နံနက်ခင်းဂျာနယ် ထုတ်ဝေပြီးနောက်ပိုင်း ကျီတော်အိမ်ရာသို့ ပြောင်းရွှေ့နေထိုင်ရာမှ ဂျာနယ်တွင် စာရေးရင်း ကိုဇန်ဇန်နှင့် အတွဲမိခဲ့ခြင်းဖြစ်သည်။ ဆရာအောင်ဟိဏ်း (ကျိုက်ထော်) နှင့်မူ ကျနော်က နေညိုချိန်များတွင် သွားအတူ သောက်အတူဖြစ်ခဲ့ကြပြီး အသောက်အစားမရှိသည့် အန်ကယ်နှင့် ဆရာအောင်ဟိဏ်း (ကျိုက်ထော်) တို့က ကျနော် အရောက်အပေါက် မရှိသည့် ရုပ်ရှင်အောင်လံ၊ ရွှေအောင်လံမဂ္ဂဇင်းတိုက်များ၌ ဆုံတတ်ကြခြင်းဖြစ်သည်။ ထိုအကြောင်းများကြောင့် ရင်းနှီးသူ ဘုံမိတ်ဆွေနှစ်ဦး ရှိလင့်ကစား အန်ကယ်နှင့် ကျနော် ပြည်တွင်း၌ ရေစက်မဆုံ တေ့လွဲလွဲခဲ့ကြခြင်းဖြစ်သည်။

အခုတော့ မဲဆောက်တွင် နေထိုင်သွားသည့် ၂ နှစ်ကျော်ကျော် အချိန်လေးအတွင်း စားအတူ သွားအတူ စိတ်တူကိုယ်တူ ဖြစ်ခဲ့ရသည့်၊ သားအဖအရွယ်ဖြစ်လင့်ကစား ဆိုးတိုင်ပင်ကောင်းတိုင်ပင် ဦးလေးတယောက်လို ခင်မင်ရင်းနှီးခဲ့ရသည့်၊ မည်သည့်ကိစ္စမဆို နှစ်ကိုယ်ကြား ပွင့်လင်းရင်းနှီးစွာ ပြောဆိုဆွေးနွေးလို့ရသည့်၊ စိတ်သဘောထားပြည့်ဝသော၊ ကူညီတတ်သော (အထူးသဖြင့် ကျနော် ကျန်းမာရေးချို့တဲ့စဉ်က အစစအရာရာ ကူညီခဲ့သော)၊ အပေးအကမ်း အကျွေးအမွေး အလွန်ရက်ရောသော၊ ပျော်ပျော်နေတတ်သော အန်ကယ်က ကျနော့်ကို နှုတ်မဆက်အားဘဲ ရုတ်တရက် ထွက်ခွာသွားခဲ့လေပြီ။ လယ်ဝေးသားဖြစ်သည့် အန်ကယ်က ကျနော် မြန်မာပြည် ပြန်သွားပြီအထင်နှင့် ကျနော် ပြောပြခဲ့ဖူးသည့် အဘိုးအဘွားများ နေထိုင်ရာ လယ်ဝေးအနီးက ပျဉ်းမနားတွင် ကျနော့်ကို လာရှာသည်လားမသိ … အိပ်မက်မက်ခဲသည့် ကျနော် ထိုသို့ အိပ်မက်မက်ရသည်အထိ …။ ။

(စက်တင်ဘာ ၁၅ ရက်နေ့တွင် ၆၆ နှစ်ပြည့်မြောက်မည့် အန်ကယ်သို့ လွမ်းဆွတ်သတိရမှုဖြင့်…)

ဒေါက်တာလွဏ်းဆွေ

- အန်ကယ်နဲ့ ကျနော် ၂ နှစ်ကျော်ကျော် … (ဒုတိယပိုင်း)
- အန်ကယ်နဲ့ ကျနော် ၂ နှစ်ကျော်ကျော် … (ပထမပိုင်း)
- သတင်းစာဆရာကြီး ဦးသောင်းဝင်း (ခ) သောင်းဝင်းဗိုလ်၏ အတ္ထုပ္ပတ္တိ

2 comments:

ဗညား said...

နောက်ဆုံးပိုင်းအထိ အားပေးသွားပါတယ် ဆရာလွဏ်း

Unknown said...

ကိုယ့်ကို ကိုက်နေတဲ့ခြင်ကိုတောင် မသတ်ပဲ ပါဏာတိပါတာကံ အတော်လုံအောင် စောင့်ထိန်းနိုင်ကြပေမယ့်..
ကိုယ့်သား၊ သမီးကလေးငယ်လေး ခြင်ကိုက်ခံနေရပြီဆိုရင်တော့..
ငရဲကြီးလဲ ကြီးပါစေတော့.. ဆိုတာလို..
မိဘတွေရဲ့ ကျေနပ်စွာ ပေးဆပ်ဝံ့တဲ့ ထူးခြားတဲ့စိတ်မျိုးကို တွေ့လိုက်ရတယ်။ လေးစားမိပါတယ်။