Tuesday, August 27, 2013

သောင်းဝင်းဗိုလ်ကို ကျနော် သိတယ်

သောင်းဝင်းဗိုလ်ကို ကျနော် သိတယ်
မောင်ငြိမ်းအေး

၂၃-၈-၁၃ ရက်
မနက် ၁၁ နာရီလောက်
ဖေ့စ်ဘွတ်ခ်ရှေ့အရောက်
မဲဆောက်က ဆရာမ မမိုးက
“ဆရာ ... မအေးမာရဲ့အဖေကြီး ဆုံးသွားပြီ” တဲ့
နားထဲမှာ ပျားတွေ ပျံဝဲသလို
တ၀ီဝီနဲ့ လေတွေထွက်
မျက်လုံးတွေလည်း ပြာပျက်ပြီး
ဝမ်းအနည်းကြီးဝမ်းနည်းသွားတယ်။

မမိုး ပြောတဲ့
မအေးမာအဖေကြီး ဆိုတာ
ဆရာစိန်သံလုံး ပါ
ကျနော်တို့ ခေါ်တာက ဆရာစိန်ပေါ့
အခု ဒီဆရာစိန်
ဟိုး တိမ်တွေအပေါ်ကို သွားပြီ။

သူ
လူက ဖြူဖြူ၀၀
သန်မာဖျတ်လတ်လှတယ်။

သူ့ဘိုကေက ဆီရွှဲရွှဲ
အမြဲတမ်းလည်း ဖြီးသင်ထားလေတော့
ရွှေဘကို သတိရစေတယ်။

ဝတ်တဲ့ အ၀တ်အစားတွေက
နုနုလွင်လွင်
သဘောထားကတော့
မနုမချဉ်
အင်မတန်မှ ရင့်ကျက်တယ်။

အစားကောင်းမှ စားတတ်သလို
အစားကောင်းလည်း ချက်တတ်တယ်
သူချက်ပြီးတဲ့ အစားအစာကောင်း
သူတယောက်တည်း စားလို့တော့မကောင်း
အပေါင်းအသင်းတွေကို ဖိတ်ပြီး
အတူတူစားမှ ကောင်းလေတယ်။

သူဟာ
စစ်အစိုးရရဲ့ မြန်မာ့အလင်းသတင်းစာက
ဝါရင့်သမ္ဘာရင့်
သတင်းထောက်ချုပ်ကြီးတယောက်ပါ။

အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့
ပြည်တွင်းပြည်ပခရီးစဉ်တွေမှာ
အရိပ်လို သူအမြဲပါတယ်
ဝါဒဖြန့်သတင်းတွေ ရေးရတယ်
ဝါဒဖြန့်သတင်းမှတ်တမ်းတွေ ယူရတယ်
ဝါဒဖြန့်သတင်းဓာတ်ပုံတွေ ရိုက်ရတယ်
တကယ့်ဝန်ထမ်းကောင်းတယောက်
အံ့လောက်ဖွယ် တာဝန်ကျေပွန်ခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်တွေဆိုတာ
ဆင်အကောင်တရာ ဖမ်းပေးတာ
ကျေးဇူးတင်စရာလို့ မသိကြ
ကြွက်တကောင် လွတ်တဲ့အခါမှာတော့
ကားစင်တင်တတ်ကြတယ်
သူက ဆင်အကောင်တထောင် ဖမ်းပေးတယ်
ဒါပေမယ့်
သူ လွတ်တာက ကြွက်တကောင်မဟုတ်ဘူး
“သမီးဦး အေးမာ သူပုန်မနဲ့
သားအဖ စကားပြောကြလို့” တဲ့
အာဏာအလွဲသုံးစားလုပ်
သူ့ကို အလုပ်ဖြုတ်
အချုပ်ထောင်ထဲ ပို့လိုက်ကြတော့တယ်။

ထောင်ကအထွက်မှာတော့
အမှောင်က ထွက်လိုက်သလို
သူ့ရဲ့လက်ကျန်လူအိုဘဝ
လင်းလက်တောက်ပသွားတယ်
စစ်ဗိုလ်ချုပ်တွေကို အလုပ်အကျွေးပြုခဲ့ရ
သူ့ဘ၀ သက်တမ်းနှစ်သုံးလေးဆယ်
သူ နောင်တရလေတယ်
စစ်ဗိုလ်ချုပ်တွေလက်ထဲက
သေနတ်ကို ပုတ်ချလိုက်ရင်
သုညပဲ ကျန်တော့တယ်ဆိုတာ
သူ ကောင်းကောင်းသဘောပေါက်လာခဲ့တယ်
သမီးသူပုန်မနဲ့ လက်တွဲ
စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာရှင်စနစ်
သဲကြီးမဲကြီး တော်လှန်ပစ်မယ်
အစိမ်းရောင်တောအုပ်အလယ်က ထွက်
သောင်ရင်းမှာ ဖောင်ဖျက်ပြီး
မဲဆောက်မှာ တော်လှန်ရေးကမ္မဌာန်း
ကြမ်းကြမ်းတမ်းတမ်း
သူ စီးဖြန်းလေတော့တယ်။

ကျနော်နဲ့ ကိုလွဏ်းဆွေ
မဲဆောက်မှာ သူ အခင်မင်ဆုံးသူတွေ
လက်ဖက်ရည်အတူသောက်
ထုံထောင်းက မင်းသားကြီးဆိုင်ရောက်
အသုပ်အတူစား
ဈေးထဲက ဖိုးထူးဆိုင်ကိုသွား
ဆိုင်ကယ်သုံးစီးနဲ့ သုံးယောက်သား
မူကထဆိုင်တွေလည်းသွား
ကဗျာရွတ်ပွဲတွေမှာတော့
ဓာတ်ပုံဆရာကြီးက
သူ ဖြစ်နေပြန်ပါပေါ့။

အာရ်အက်ဖ်အေမှာတော့
စစ်ဗိုလ်ချုပ်တွေရဲ့အတွင်းရေး
ခရေစေ့တွင်းကျ
လှလှပပ သူရေးပြီး အသံလွှင့်ခဲ့
ခေတ်ရဲ့ကောင်းဆိုး
လူတွေရဲ့အကြောင်းနဲ့အကျိုး
အဖိုးတန် အတွေ့အကြုံတွေနဲ့ရော
အခုတော့ နှမြောစရာ။

“စိန်သံလုံး” တဲ့
သံကလည်း မာ
စိန်ကလည်း မာ
စိန်သံလုံး ဆိုတော့
မာမှမာပေါ့
သင်္ခါရနဲ့ကျတော့မှ
သူ ပျော့ရရှာလေတယ်။

သွားတော့ ဆရာစိန်
တိမ်တွေအပေါ်မှာ
ဆရာတာရာရှိတယ်
မင်းလူရှိတယ်
မောင်ဝံသရှိတယ်
ကျနော်တို့ကတော့
မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့အတူပေါ့။ ။

မောင်ငြိမ်းအေး

2 comments:

S.Maung Chain said...

Very active and sensitive poem for revolution.
Our revolution is not done yet.This poem is represented for all patriots.
Thank a lot Ko Nyein Aye.

generals said...

မောင်ငြိမ်းအေးဆိုတာ ရိုင်းမြစ်ကမ်းမှ မောင်းမကန်အိပ်မက် ဆိုတဲ့ဆောင်းပါးရေးတဲ့ဆရာလားခင်ဗျာ