Sunday, September 18, 2011

လွတ်ငြိမ်းချမ်းသာနှင့် လွတ်ငြိမ်းသက်သာ

လွတ်ငြိမ်းချမ်းသာနှင့် လွတ်ငြိမ်းသက်သာ
စိန်သံလုံး

ရှေးမင်းကောင်းမင်းမြတ်တွေကတော့ ထူးခြားမှု၊ မင်္ဂလာရှိမှုနဲ့ သာသနာနဲ့ဆိုင်တဲ့ အခြေအနေတွေမှာ တိုင်း သူပြည်သားတွေကို ငဲ့ညှာထောက်ထားတဲ့အနေနဲ့၊ စာနာမှုပြုတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာတွေကို သတ်မှတ်ခွင့်ပြုလေ့ရှိတယ်။ ဒီကနေ့နဲ့ မနေ့က တိုင်းပြည်ကို ဇွတ်အုပ်ချုပ်ပြီး အဆီစား အသားမြိုနေတဲ့ လူ တွေကတော့ ငဲ့ညှာမှု၊ စာနာမှုကင်းနေတာ ကမ္ဘာကတောင်သိနေကြလေရဲ့။ ကုလသမဂ္ဂကြီးနဲ့ ဒီမိုကရေစီနိုင် ငံတွေက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုနေကြတာ ကြာပါပြီ။ ခုချိန်ထိ အစိုးရလို့ အမည်ခံထားတဲ့ လူကြီးမင်းတွေကတော့ အင်းမလှုပ်၊ အဲမလှုပ် ငုတ်တုတ်ပဲမ ဟုတ်လား။ ဦးနု ရေးတဲ့ စာအုပ်လို အော်လိုက်ချင်ပါရဲ့ … “ရက်စက်ပါပေ့ကွယ်” …။

ခုနက အဆီစားပြီး အသားမြိုနေတဲ့ လူတွေဆိုတဲ့ အသုံးအနှုန်းကို မှတ်မိမှာပါ။ မြန်မာပြည်ရဲ့ သယံဇာတတွေ ကို ပြည်ပနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထုတ်ရောင်းပြီး စာရင်းမရှိအင်းမရှိ လုပ်ချင်တိုင်းလုပ်နေကြတာ ကို ပြောတာပါ။ ကျွန်း၊ သစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆန်ရေစပါး၊ သားငါးပုစွန်၊ ကျောက်သံပတ္တမြားတွေကို ထုတ်ရောင်းလို့ ကုန်သလောက်ရှိတော့ အခုတလော ပူညံပူညံဖြစ်နေတဲ့ ကချင်ပြည်နယ် မေခ-မေလိခက ဧ ရာဝတီမြစ်ဆုံစီမံကိန်းဆိုတဲ့ ပြည်ဖျက်စီမံကိန်းကြီး ဖန်းတီးလိုက်ကြတာပဲ။ ဘယ်သူ ကန့်ကွက် ကန့်ကွက် ဆက်လုပ်မယ်တဲ့။ ဟုတ်တာပေါ့လေ၊ ဆက်မလုပ်လို့မှ မရတော့တာ။ အဲဒီစီမံကိန်းအတွက် ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ ငနဲနဲ့ အတွင်းရေးမှူး (၁) ဆိုတဲ့ သတ္တ၀ါတွေက တရုတ်ကြီးဆီက ဒေါ်လာသန်းချီပြီး ကိုယ်ကျိုးကြိုပွိုင့် ရိုက်ပြီးသားလေ။ တရုတ်ပြည် နန်နင်းမြို့မှာ အခြေချဖို့တောင် စီစဉ်ပြီးပြီဆိုတာ နီးစပ်သူများ သိကြပါတယ်။ အစိုးရသစ်အဖွဲ့ထဲမှာလည်း အရေးပါတဲ့ နေရာရထားတဲ့ အဲဒီအတွင်းရေးမှူး (၁) ကို ထိဖို့တော့ မလွယ်ဘူး နော်။ သဘောထားတင်းမာတဲ့ လူလို့လည်း နာမည်ကြီးပါတယ်။ သူ့သားက ပွဲစားအဖွဲ့ထဲမှာ ပါနေတယ်။ ပွဲ စားခ ၁၀ ရာခိုင်နှုန်းရမှာနော်။

ကဲ ကဲ … ထားပါတော့ ထားပါတော့။ ပြောရမယ်ဆိုရင် မောရတာနဲ့ မကာမိတာအမှန်ပါ။ ပြည်သူလူထုတွေ တော်လှန်မှု၊ ဆန္ဒပြမှု၊ ဆန့်ကျင်မှု၊ သဘောထားချင်း မတူညီမှုတွေနဲ့ ပတ်သက်ပြီး အပြစ်ရှာ ယိုးမယ်ဖွဲ့လို့ တ ခြားပြစ်မှုပုဒ်မတွေနဲ့ မတရားအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခုချိန်ထိလွှတ်မပေးတာကတော့ လူ့အခွင့်အရေးချိုးဖောက်လိုက်တာပါပဲ။ လူကြားကောင်းအောင် လူ့အခွင့်အရေးအဖွဲ့တွေ ဘာတွေ ဖွဲ့မနေနဲ့၊ အလကားပါပဲ။ အစိုးရကိုယ်တိုင်က သူခိုးဓားပြလိုစိတ်ဓာတ်နဲ့ လက်နက်အားကိုးပြီး အနိုင်ကျင့်နေတာ ခုချိန် ထိဆို နှစ်ပေါင်း (၅၀) နီးပါး ရှိနေပြီလေ။

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ခြွင်းချက်မရှိပါဘူး။ သတ်မှတ်ချက် ခွဲခြားမှု မရှိရပါဘူး။ ၁၉၅၆ ခုနှစ် ဆဋ္ဌသင်္ဂါ ယနာတင်ပွဲ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖူးတယ်။ တော်လှန်ရေးကောင်စီခေတ် ၁၉၆၃ ခုနှစ် တပ်မှူးများညီလာခံအပြီး ၁-၄-၁၉၆၃ နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ တောတွင်းက ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်။ မြေပေါ်မြေအောက် တန်းတူညီမျှ အခွင့်အရေးပေးခဲ့ဖူးပါတယ်။ ပြီး ခဲ့တဲ့ ၁၇-၅-၂၀၁၁ က ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာကတော့ တနှစ်ပဲလျှော့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့်လို့ မ ခေါ်ပါဘူး။ အထွေထွေဆိုတဲ့ စကားရပ်မပါလို့ ပြည့်စုံညီညွတ်ခြင်းမရှိပါဘူး။ မဆလအစိုးရခေတ်မှာ ၂/၈၀ အ မိန့်ထုတ်ပြီးတော့ သံဃမဟာနယကအဖွဲ့ ဖွဲ့စည်းမှုအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ၂၅-၅-၁၉၈၀ မှာ အ ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

န၀တခေတ်မှာတော့ ၂၀-၇-၁၉၈၉ နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ သေဒဏ်ကနေ ကျွန်းဒဏ်ကို ပြောင်းပေးတာလောက်ပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ လွတ်ငြိမ်းချမ်းသာဆိုတာမရှိတော့ဘဲ ခံဝန်နဲ့ လက်မှတ် ထိုးပြီး ချုပ်ကိုင်ထားတဲ့ ၄၀၁/က နဲ့ လွတ်ငြိမ်းသက်သာတွေပဲ ရှိခဲ့တာပါ။

- ၂၀-၇-၁၉၈၉ မှာ လူဦးရေ (၂၈,၄၅၃) ဦး
- ၂၄-၄-၁၉၉၂ မှာ (၂,၃၉၃) ဦး (အဲဒီ ၂၄-၄-၁၉၉၂ ခုနှစ်မှာ လွတ်ငြိမ်းသက်သာ စခဲ့တာပါ)
- ၁-၁-၁၉၉၃ မှာ (၁,၇၀၈) ဦး
- ၂၅-၃-၁၉၉၅ မှာတော့ တပ်မတော်ရွှေရတုအထိမ်းအမှတ်အဖြစ် သေဒဏ်ကျသူတွေကို ထောင်ဒဏ်ပြောင်း ပေးခဲ့တဲ့ လွတ်ငြိမ်းသက်သာက (၂၃,၉၀၁) ဦး
- ၁-၁၂-၁၉၉၇ မှာ (၄,၃၆၇) ဦး
- ၁၈-၁၁-၂၀၀၄ မှာ (၃,၉၃၇) ဦး
- ၂၅-၁၁-၂၀၀၄ မှာ (၅,၃၁၁) ဦး
- ၁၀-၁၂-၂၀၀၄ မှာ (၅,၀၇၀) ဦး
- ၃-၁-၂၀၀၅ မှာ (၅,၅၈၈) ဦး
- ၃-၇-၂၀၀၅ မှာ (၄၁၀) ဦး
- ၂-၁-၂၀၀၇ မှာ (၂,၈၃၁) ဦး
- ၁၅-၁၁-၂၀၀၇ မှာ (၈,၅၅၂) ဦး
- ၂၃-၉-၂၀၀၈ မှာ (၉,၀၀၂) ဦး
- ၂၀-၂-၂၀၀၉ မှာ (၆,၃၁၃) ဦး
- ၁၇-၉-၂၀၀၉ မှာ (၇,၁၁၄) ဦး
- ၁၇-၅-၂၀၁၁ မှာ သမ္မတ ဦးသိန်းစိန်က အကျဉ်းထောင် ၄၃ ခုနဲ့ အလုပ်စခန်း ၁၀၀ ကျော်က အကျဉ်းသား (၁၄,၆၀၀) ဦးကို လွတ်ငြိမ်းချမ်းသာဆိုတဲ့ နာမည်နဲ့လွှတ်ပေးခဲ့ပေမယ့် လွတ်ရက်နီးတဲ့ နိုင်ငံရေးအကျဉ်းသား (၅၀) လောက်ပဲ ရှိခဲ့ပါတယ်။ အဲဒါကိုကြည့်ရင် စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်လို့ စစ်မှန်တဲ့ ဒီမိုကရေ စီအစိုးရလို့ ခေါ်လို့မရသေးတာကတော့ သေချာပါတယ်။

ဇာတ်သဘင်တွေထဲမှာ ကြည့်ရလေ့ရှိတဲ့ ပုဏ္ဏားတွေကို မှတ်မိမှာပါ။ အဲဒီပုဏ္ဏားတွေရဲ့ ယုတ်မာမှု၊ တကိုယ် ကောင်းဆန်မှု၊ ရက်စက်မှု၊ ကိုယ်ကျိုးကြည့်မှုတွေကို ရွံမုန်းခဲ့ကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတွေကိုယ်စား နောက်ကွယ်က ကြိုးကိုင်နေတဲ့ ပုဏ္ဏာကြီးတွေ အပါအ၀င် လူရှေ့ထွက်ပြီး ကြိမ်းမောင်းခြိမ်းခြောက်နေတဲ့ လျှပ်စစ် (၁) ၀န်ကြီး အပါအ၀င် ပုဏ္ဏားလေးတွေကို မိုက်ရိုင်းခြင်းတွေ ရပ်တန်းက ရပ်ကြပါတော့လို့ သတိ ပေးပါရစေ။ နို့မဟုတ်ရင်တော့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ (ဇွတ်ဖန်တီးထားတဲ့) ပြည်သူ့ ကိုယ်စားလှယ်အဖြစ်ကနေ (သူတို့ဖွဲ့စည်းပုံအခြေခံဥပဒေအရ) ဖယ်ရှားခွင့်ရှိတယ်ဆိုတာ သတိထားကြပါလို့ သတိပေးလိုက်တာပါ။ ခုချိန်မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုနဲ့ ညီညွတ်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဧရာဝတီ တော်လှန်ရေးကလည်း အရှိန်အဟုန်မြင့်လာပြီဆိုတာ လူတိုင်းသိနေကြပြီမို့ အထွေအထူး မပြောလိုတော့ပါ ဘူး။ ပြည်သူလူထုကို မလေးမစားနဲ့ ထင်ရာလုပ်ချင်တိုင်း လုပ်လို့ရတဲ့ခေတ်ကတော့ ကုန်ခဲ့ပါပြီ။ ဘိုဘိုဟန်ရဲ့ သီချင်းလို အော်ဆိုလိုက်ချင်ပါတယ် … “စဉ်းစားကြ အရမ်းမလုပ်နဲ့” …။ ။

စိန်သံလုံး

No comments: