Saturday, July 24, 2010

မဟော်သဓာ၊ ရှင်မဟာရဋ္ဌသာရနှင့် ကိုသီလ

မဟော်သဓာ၊ ရှင်မဟာရဋ္ဌသာရနှင့် ကိုသီလ
ကမာပုလဲ

ပြောရဦးမယ်။ ပြောရဦးမယ်ဆိုတာက ကျောင်းဆရာလေး ကိုသီလရဲ့ အကြောင်းပါ။ ဘယ်လိုအကြောင်းများ ပါလဲလို့ဆိုတော့ … ဖြစ်ပုံက ဒီလို …။

ရှေ့မှာ တင်ပြခဲ့ပြီးသလို ကျောင်းဆရာလေး ကိုသီလဟာ သူတပါးနိုင်ငံက နယ်စပ်မြို့ကလေးမှာ တရားမ၀င် ကျောင်းဆရာလေးတယောက်ဖြစ်တယ်။ အလယ်တန်း (ခုနှစ်တန်းနဲ့ ရှစ်တန်း) ကို အင်္ဂလိပ်စာပြရတယ်။ အဲ ... ဒီနှစ် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှာတော့ ကိုသီလခမျာ အင်္ဂလိပ်စာအပြင် မြန်မာစာပါ ပြပေးရတော့တယ်။ ကျောင်းကလေးရဲ့ လိုအပ်ချက်အရကိုး။ အဲဒီမှာ ကိုသီလရဲ့ ဇာတ်လမ်း အကြောင်းက စတော့တာပါပဲ။ ဖြစ် တာက ရှစ်တန်းကို မြန်မာစာသင်တဲ့ အချိန်မှာဖြစ်တာ။

ဇာတ်လမ်းကို မပြောခင် တင်ကြိုပြောထားချင်တာက ကိုသီလစာသင်တဲ့ ကျောင်းကလေးမှာ အလယ်တန်း မြန်မာစာသင်ရိုးကို ပြည်တွင်းကသင်ရိုးအတိုင်းပဲသင်တယ်။ ဆိုတော့ ရှစ်တန်းဆိုရင် မဟော်သဓာဇာတ်တော် ကြီးကို သင်ရတာပေါ့ဗျာ။ အဲ ... ကဗျာဆိုလည်း ရှင်မဟာရဋ္ဌသာရ ဆုံးမစာကနေ စတယ်။ ဒီတော့ ကိုသီလ မြန်မာရာဇ၀င်ထဲက မြန်မာစာအရေးသားကို လေ့လာဖို့ နေ့စဉ်နဲ့အမျှ သူ့ကိုယ်သူ တိုင်းစလစ်(ပ်) လုပ်ရတော့ တာပေါ့ဗျာ။ ဘယ်ခုနှစ်၊ ဘယ်ခေတ်ဘယ်ကာလဆိုတာ အတိအကျမသိတဲ့ ဟိုးရှေးရှေးတုန်းက ဆိုတာကြီး ထဲကို ကလေးတွေကို လိုက်မပို့ခင် ကိုသီလခမျာ သူကိုယ်တိုင် အရင်သွားသွားနေရတယ်။ ဗာရာဏသီဆိုတဲ့ တိုင်းပြည်ကြီးမှာလည်း ဘာမင်းအုပ်ချုပ်မှန်းမသိရတဲ့ နန်းတော်ထဲမှာ ဘာဘုရင်မှန်းမသိတဲ့သူဆီမှာ ၀င် ရောက်ခစားရတာလည်း အမောပေါ့။

အဲဒီလိုနဲ့ ကိုသီလလည်း အတိတ်က ကိစ္စတွေကို သိသလိုလို၊ မသိသလိုလိုနဲ့ တတ်ယောင်ကား ဆိုပါတော့ လေ။ ကလေးတွေကို မျှဝေဖို့ နေ့တဓူဝ ပြင်ဆင်နေရတော့တယ်။ ကိုသီလမှာ အခြေခံ စိတ်ထားလေးတခု တော့ အခိုင်အမာရှိတယ်။ သူ တကယ်မသိတာကို ကလေးတွေကို ဖြီးဖြန်းမပြောတာပဲ။ အဲဒီတော့ ခက်ဆစ် တွေ၊ အဘိဓာန်တွေနဲ့ ကိုသီလဟာ နေ့စဉ်နဲ့အမျှ ရေနဲ့ငါးလို ဖြစ်လာတယ်။ ကိုယ့်ထက်သိမယ့် ခေါင်းသုံးလုံးရှိ တဲ့လူဆိုလို့လည်း အနားမှာ အဘတယောက်ပဲရှိတော့ သူ့ကို မေးရတယ်။ ဒီလိုနဲ့ ကိုသီလရဲ့ မြန်မာစာ စာ သင်ခန်းလေးဟာ ရင်တထိတ်ထိတ်နဲ့ ပုံမှန်လည်ပတ်နေတော့တယ်။ ကိုသီလကလည်း စာတိုပေစ ရေးတတ် သူဆိုတော့ ကလေးတွေကလည်း သူတို့ဆရာကို အားကိုးတကြီးရှိပါပေတယ်။ ဒီတော့ ကိုသီလကလည်း ပွဲမ ၀င်ခင် အပြင်က အရင်ကျင်းပဆိုသလို ပိုလို့သာ ကြိုးစားပြင်ဆင်ရတော့တာပေါ့ဗျာ။

တနေ့ ကိုသီလ ရှစ်တန်းကျောင်းသူ ကျောင်းသားတွေကို မြန်မာကဗျာ စသင်တယ်။ စစချင်းမှာကိုပဲ ရှင်မဟာ ရဋ္ဌသာရနဲ့ တိုးတော့တာပါပဲ။ ရှင်မဟာရဋ္ဌသာရဟာ သာမန်လူဝတ်ကြောင်မဟုတ်ဘူး၊ ထေကြီးဝါကြီး ရဟန်း တပါးဖြစ်တယ်။ သဒ္ဒါတို့၊ သင်္ဂြိုလ်တို့ ဆိုတာကိုလည်း ကြောင် ငါးကြော်စားသလို ကြွပ်ကြွပ်ဝါးနိုင်တယ်။ ဗုဒ္ဓ စာပေကျမ်းဂန်ဆိုလည်း ထုံးလိုချေ၊ ရေလိုနှောက်ပြီးသားဖြစ်တယ်။ ဒါ့ကြောင့် သူ့ဆုံးမစာဟာ ဘယ်လောက် တန်ဖိုးများနိုင်တယ်ဆိုတာ နှိုင်းယှဉ်ဖို့ရာ မစွမ်းနိုင်အောင်ရှိလှတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ကိုသီ လက ကလေးတွေကို ကဗျာအကြောင်း မဆွေးနွေးခင် ပျိုးခန်းဝင်တယ်ပေါ့။ ပြီးမှ ကဗျာကို သင်တယ် …။

‘တယောက်စကား၊ တယောက်နားမှာ
မခါးရအောင်၊ သတိဆောင်၍
မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။’

... ဆိုတဲ့ အပိုဒ်ကျတော့ ကိုသီလ အတော့်ကို အာသွက်နေတော့ တာပဲ။ သိပ်လည်းမခက်၊ ခက်ဆစ်တွေ၊ ရှေး သုံးစကားတွေရဲ့ နှိပ်စက်ခြင်းလည်းကင်းတော့ ကိုသီလ အဲဒီအပိုဒ်ကိုပဲ ကျေကျေလည်လည် ရှင်းပြနေတော့ တယ်။ ဒီမှာ ကလေးမတယောက်က ကွန်ပလိန်းတက်တော့တာပဲ။

ဆရာ စကားက နားနဲ့ နားထောင်တာ၊ ပျားသကာသို့ ချိုလှစေဆိုတော့ နားမှာ လျှာပါလို့လား ဆရာတဲ့။ ကိုသီ လ အတော့်ကို အကြိုက်တွေ့သွားတယ်။ ဒါ ကိုသီလရဲ့ အိမ်ကွင်းရောက်ပြီလေ … ဒီတော့ ...

“ဒီလိုရှိတယ် သမီး။ ကဗျာမှာ တင်စားချက်ဆိုတာရှိတယ်။ ရသဆိုတာ ရှိတယ်။ အလင်္ကာဆိုတာရှိတယ်။ ဥပ မာ ဖိုးလမင်းကြီးကို ရွှေလင်ပန်းလို့ ခိုင်းနှိုင်းဖွဲ့ဆိုတာမျိုး၊ ဖန်မီးအိမ်နဲ့ နှိုင်းတုတင်စားတာမျိုး သဘောပေါက်ရဲ့ လား” အိုကေ ….။

“အဲဒီတော့ လိမ္မာရေးခြားရှိတဲ့ လူဟာ စကားပြောတဲ့အခါ သူတပါး နားခံသာအောင်၊ နားထောင်ကောင်း အောင် စကားကို ချိုချိုသာသာ ပြောရမယ်။ ဒါမှ ယဉ်ကျေးမှုမြင့်မားတဲ့ အဖိုးတန် အမျိုးကောင်း သားသမီးတွေ ဖြစ်မယ်။ ဒါမှ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးသား၊ ကိုယ့်နိုင်ငံဟာ ရေစင်ဖြန်းတဲ့ ပန်းကြာဝတ်မှုန်လို အများအလယ် မှာ တင့်တယ်လန်းဆန်းနေလိမ့်မယ် … ဘာညာဆိုပြီး ကိုသီလ အာသွက်နေတာပေါ့ဗျာ။ ကလေးတွေက လည်း မျက်လုံးလေးတွေဝိုင်းပြီး ကျေနပ်စွာ နားထောင်မှတ်ယူနေကြတယ်ပေါ့။

အဲ … တနေ့ … အဲဒီ တနေ့မှာ ပြဿနာက စတော့တာပါပဲ။

ရှစ်တန်းစာသင်ခန်းမှာပါပဲ။ ကိုသီလရဲ့ မြန်မာစာအချိန်မှာဖြစ်တယ်။ အဲဒီနေ့က ကိုသီလ ကလေးတွေကို မ ဟော်သဓာ ဇာတ်တော်ကြီးကို သင်ရတယ်။ မဟော်သဓာ ဖွားတော်မူခန်း သင်ပြီးလို့ ဇရပ်ဆောက်ခန်းကို ဆက်သင်ရမှာဖြစ်တယ်။ ဒီတော့ ကိုသီလ ဇရပ်ဆောက်ခန်းကို သင်တယ်။ မဟော်သဓာနဲ့ သူ့ဖွားဖက်တော် ဘော်ဒါတထောင်တို့ဟာ သူတို့လွပ်လပ်စွာ ဆော့ကစားဖို့ ဇရပ်တဆောင် ဆောက်မယ်။ တယောက်ကို တ ကျပ်စီစုပြီး အသပြာ တထောင်တန် ဇရပ်ကြီးပေါ့။ အဲ ... ဇရပ်ဆိုတာ အဘိဓာန်ထဲမှာ ဘာပြောထားသလဲဆို တော့ ဇရပ်ဆိုတာတဲ့ ရပ်နီး၊ ရပ်ဝေးခရီးသည်တွေ ယာယီနားနေ နေထိုင်ဖို့ အခမဲ့ တည်းခိုနိုင်တဲ့ နေရာတဲ့။ ခု ဟာက မဟော်သဓာနဲ့ သူ့ဘော်ဒါတထောင်က သူတို့ဆော့ဖို့ ခုအခေါ် မိုးလုံလေလုံ အားကစားကွင်းပေါ့ဗျာ၊ ဒါ ကို ဆောက်မှာ။ ဒါကို ရှေးယဉ်ကျေးမှုအသုံးအရ ဇရပ်လို့ပဲ ရောကြိတ်လိုက်ပုံရပါတယ်။
ထားပါလေ … ဇရပ်ဆောက်ခန်းအကြောင်း ဆက်ရအောင်ပါ။

ဒါနဲ့ မဟော်သဓာနဲ့ သူ့ဘော်ဒါတထောင်အတွက် အသပြာ တထောင်တန် ဇရပ်ကြီးဆောက်လုပ်ဖို့ (အသပြာ တထောင်ဆိုတာ ဒီခေတ်ငွေတန်ဖိုးနဲ့ဆိုရင် ဒေါ်လာ မီလျံနဲ့ကို ချီနိုင်မယ်ထင်ပါတယ်။ ဟိုး ရှေးရှေးတုန်းက ဆို တာကိုး) နာမည်ကျော် ဗိသုကာပညာရှင်ကြီးကို ငှားတယ်။ ဗိသုကာပညာရှင်ကြီးကလည်း လက်ခံလိုက်ပြီး ဇ ရပ်ဆောက်မယ့် နေရာကို ငုတ်တွေ၊ ချိုင့်ခွက်တွေ၊ ကမူတွေကို ရှင်းလင်းညီညာ ပြန့်ပြူးစေပြီး တံမျဉ်းကြိုး (လက်သမားသုံး အတိုင်းအတာကြိုး) ချတယ်။ ဒီမှာ လက်သမားဆရာကြီးနဲ့ မဟော်သဓာ ကွိုင်တက်တော့ တာပါပဲ။ မဟော်သဓာက လက်သမားဆရာကြီးချတဲ့ တံမျဉ်းကြိုးကို မကြိုက်ဘူး။ ဒါနဲ့ မဟော်သဓာက …

“ဆရာကြီး၊ ဤသို့ မခင်းလင့်၊ အသစ်ပြင်၍ ခင်းဦးလော့” ဟုဆိုတယ်။ ဒီအခါမှာ ဆရာကြီးက ...

“အရှင့်သား ... ဤတံမျဉ်းကြိုးအခင်းကား ကျွန်ုပ်တတ်သမျှ ပညာစွမ်းဖြင့် စီရင်အပ်သော အခင်းပင်ဖြစ်သည်။ ဤထက်လွန်၍ ဆန်းကြယ်လျောက်ပတ်သော အရာကို ကျွန်ုပ် မတတ်ပြီ´ဟု ရိုးရိုးသားသား ပြန်ပြောရှာပါ တယ်။ ဒီမှာ မဟော်သဓာက ဆက်ပြီး …

“ဆရာကြီး ဤမျှလောက်သော ဗိသုကာအတတ်ဖြင့် ငါတို့ဥစ္စာတထောင်ကို ယူလျက် ဇရပ်ကို ဆောက်အံ့ဟု ၀န်ခံလေ၏။ အဘယ်သို့ သင်ဖြစ်အံ့နည်း” ဟုဆိုပြီး “တံမျဉ်းကြိုးကို ယူချေ။ ငါ ခင်း၍ ပေးအံ့” ဟုဆိုပြီး ၀ိသ ကြုံ (၀ိသုကြုံ) နတ်သား ခင်းသကဲ့သို့ မဟော်သဓာက တံမျဉ်းကြိုးကို ခင်းပြတယ်။

ဒါပါပဲ ကိုသီလ အတော့်ကို အကျပ်ရိုက်သွားတယ်။ ကလေးတွေကလည်း မျက်လုံးကလေးတွေ ကလယ်က လယ်နဲ့ ကိုသီလ ဘာပြောမလဲ နားထောင်နေတယ်။ ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာက မအေးသေးဘူး။ ပူပူနွေး နွေးပဲရှိသေးတယ်။ ဘယ့်နှယ် ဘုရားလောင်း မဟော်သဓာက ကိုယ့်အဖေအရွယ်၊ ကိုယ့်အဖိုးအရွယ် ဗိသုကာ ပညာရှင်ကြီးကို ပညာမာနတက်ပြီး ပြောဆိုသုံးနှုန်းလိုက်တဲ့ စကားတွေက ရင့်သီးလွန်းနေတယ်။

“ဆရာတော့ ဘုရားလောင်းမဟော်သဓာဟာ ခုလို ပြောမယ်လို့မထင်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားတွေ၊ ဘု ရားလောင်းတွေဆိုတာ မေတ္တာဝါဒီတွေ မဟုတ်လား။ ဆရာ့အထင် ကိုယ့်ဘုရားလောင်းကို အမွှမ်းတင်ချင် လွန်း အားကြီးပြီး စာကို အလွန်အကျူး ဖွဲ့နွဲ့ရေးသားမိတယ်ထင်တာပဲ။ ဥပမာကွာ ဆရာကြီးရယ် တံမျဉ်းကြိုး ကို ဒီလိုလေး ချရင်မကောင်းဘူးလား ဆိုတာမျိုး ပျားသကာလို ချိုသာအောင် ပြောပါလိမ့်မယ် … နော်”

ဒီအချိန်မှာ ခပ်နောက်နောက် ကျောင်းသားတယောက်က …

“ဆရာ ဟိုးရှေးရှေးတုန်းကဆိုတော့ ယဉ်ကျေးမှုသင်တန်းတွေ ဘာတွေ မရှိဘူးထင်တယ်နော်”

တခန်းလုံး ပွဲကျသွားတယ်။ ပွဲမကျနိုင်သူက ကိုသီလ။ မဖြစ်ဘူး။ စာရေးသူ မင်းဘူး(မင်းပူး)ဆရာတော် ဦးသြ ဘာသဆိုတာကလည်း နာမည်ကျော် ထေကြီးဝါကြီး ရဟန်းကြီး၊ မဖြစ်ဘူး။ ကိုသီလ နောင်နှစ်မှာ အဖွဲ့အစည်း ရဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး မြန်မာစာသင်ရိုးကို ပြောင်းမှဖြစ်တော့မယ်။ ဘယ့်နှယ် ဇာတ်လိုက်ကို အလွန် အကျူး ညွှန်းရင်းက ဇာတ်လိုက်ခမျာ ဗီလိန်ဖြစ်ရတယ်လို့ ...။

အင်္ဂလိပ်စာရေးဆရာကြီး ဆာအက်ဒွင်အန်းရဲ့ ‘လိုက်အော့ဖ်အေးရှ’ ကဗျာရှည်ကြီးကို ဘာသာပြန်ထားတဲ့ `အာရှတိုက်ရဲ့အလင်းရောင်´ ကဗျာရှည်ကို ဖတ်ခဲ့ရဖူးပါတယ်။ ကဗျာက သိဒ္ဓတ္ထဘုရားအကြောင်းကို ဖွဲ့တာပါ ပဲ။ ကဗျာထဲက ...

“ကမ္ဘာ့ဒုက္ခတွေ ထိုင်ရှုနေရတာထက်စာရင်
တိရိစ္ဆာန်တကောင်ကောင် ဝေဒနာလျော့တာက မြတ်တယ်”

ခြေထောက်နာနေတဲ့ သိုးကလေးကို သိဒ္ဓတ္ထက ရင်ခွင်ထဲမှာ ပွေ့ပိုက်ပြီး သိုးတွေရဲ့ အိမ်အပြန်ခရီးကို လိုက်ပို့ တာပါ။

ကိုသီလ စဉ်းစားတယ် ပညာရှင်ချင်းတူတယ်။ အာရှနဲ့ ဥရောပတော့ ကွဲတယ်။ ဘုရားနဲ့ ဘုရားလောင်းကို အနု ပညာအရ ချဉ်းကပ်ပုံချင်း မတူပါလားလို့ပေါ့။ ကိုသီလ မောတွေးတွေးရင်း အိပ်ပျော်သွားပါတယ်။ အိပ်မက်ထဲ မှာတော့ …

ဆရာတော် မင်းဘူးဦးသြဘာသက ကိုသီလကို သူ့ကျောင်းသင်္ခမ်းရဲ့ အလယ်က ကျွန်းတိုင်ကြီးမှာ ကြိုးနဲ့ တုပ် ချည်ပြီးသကာလ ရေစိမ်ထားတဲ့ နှစ်လုံးပူးကြိမ်လုံးနဲ့ လှိမ့်ကာ လှိမ့်ကာ အားရပါးရ ရိုက်နှက်ဆုံးမနေပါတော့ တယ် …။ ။

ကမာပုလဲ
၂၃၊ ၀၇၊ ၂၀၁၀

No comments: