Tuesday, March 5, 2013

ပြုံးသူမှာ မျက်ရည်စတွေနဲ့ …

ဂျင်ဂလိ

ဘုန်းမီးနေလတောက်ပစဉ်က မြန်မာပြည်တနံတလျား လျှောက်ပတ်စားသောက်လေ့ရှိတဲ့ ပတ်တယောင် မင်းသားလေး ဗိုလ်ခင်ညွန့်ကို ကုလားထိုင်ပေါ်က ကန်ထုတ်လိုက်စဉ် ပူပူနွေးနွေးကာလက အဖြစ်အပျက်ကလေးတခုအကြောင်း ဂျင်ဂလိ ဖောက်သည်ချချင်ပါတယ်။ ဗိုလ်ခင်ညွန့် ၁၆ နှစ်ကျော်ကြာ တီဗွီမင်းသားကြီး ဖြစ်ခဲ့ချိန်မှာ သူကောက်ကျစ် နှိပ်စက်ခဲ့လို့ ဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေ တပြည်လုံးမှာ မရေမတွက်နိုင်လောက်အောင် ရှိခဲ့သလို သူနဲ့ ပလဲနံပသင့်ပြီး သူ့ပေးစာ ကမ်းစာ စားရလို့ ပြောင်ပြောင်ယောင်ယာင် ဖြစ်ခဲ့တဲ့ လက်တဆုပ်စာ လူတန်းစားလည်း ရှိခဲ့တယ်။ အဲဒီအထဲမှာ ဌာနဆိုင်ရာတွေက ဖော်လံဖားတတ်တဲ့ အရာရှိတွေလည်း ပါတယ်။ အဲဒီလူတွေအတွက်တော့ ဗိုလ်ခင်ညွန့်ဟာ ဘုရားတဆူ ဂူတလုံးပေါ့ခင်ဗျာ။

တရက်မှာ ဌာနဆိုင်ရာတွေဆီကို နအဖအစစ်အစိုးရက သူတို့လုပ်လေ့လုပ်ထရှိတဲ့အတိုင်း ခိုးကြောင်ခိုးဝှက် အမိန့်တခု ထုတ်ပြန်လာသတဲ့။ ဌာနဆိုင်ရာအတွင်းမှာရှိတဲ့ ဗိုလ်ခင်ညွန့်ဓာတ်ပုံတွေကို ဘယ်နှစ်ရက်အတွင်း အပြီးဖြုတ်ဆိုတဲ့ အမိန့်ဖြစ်သတဲ့။ အမိန့်အတိုင်းပဲ ဌာနတိုင်းမှာ ဗိုလ်ခင်ညွန့် ဓာတ်ပုံတွေကို အမြန်ဖြုတ်ချပြီး ချောင်ထဲမှာ သွားဖွက်ကြရသတဲ့ (ဂျင်ဂလိ မန္တလေးတောင်ပေါ် တက်ခဲ့တုန်းကတော့ ဗိုလ်ခင်ညွန့် ဓာတ်ပုံတွေကို ဖြုတ်ချပြီး ဘုရားရင်ပြင်တော် သံမံတလင်းပေါ်မှာ ပုံထားတာကို သံဝေဂရဖွယ် တွေ့ခဲ့ရတယ်)။ အဲဒီမှာ ဗိုလ်ခင်ညွန့်ကို ဖော်လံဖားပြီး သူနဲ့ ပလဲနံပသင့်ခဲ့တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနက အကြီးတန်းရာထူးနဲ့ အမျိုးသမီးတဦးဟာ သူမအခန်းထဲက ဖြုတ်ချထားတဲ့ ဗိုလ်ခင်ညွန့်ဓာတ်ပုံကို ကိုင်ပြီးကြည့်ကာ လွမ်းတသသနဲ့ မျက်ရည်စတွေ ဖြိုင်ဖြိုင်ကျနေသတဲ့။ ပါးစပ်ကနေပြီးတော့လည်း ဗိုလ်ခင်ညွန့် သူ့အပေါ် ကျေဇူးကြီးမားခဲ့ပုံတွေကို တီးတိုးရေရွတ်နေသတဲ့။

အဲဒါကို သူမအခန်းက ပီအေကောင်မလေးက အတိုင်းသား ကြားနေသတဲ့။ အဲဒီအချိန်မှာပဲ ဓာတ်ပုံတွေ ဖြုတ်ပြီးမပြီး လှည့်လည်စစ်ဆေးတဲ့ ဌာနဆိုင်ရာလူကြီး ဗိုလ်ချုပ်တယောက်က သူမအခန်းထဲကို ရုတ်တရက် ၀င်လာတာနဲ့ သူမလည်း မျက်ရည်သုတ်ချိန်မရလိုက်ဘဲ ကမန်းကတန်း ပြုံးနေလိုက်သတဲ့။ အဲဒါကို တွေ့သွားတဲ့ ဗိုလ်ချုပ်ဆိုသူက သူမကို ‘ဒေါ် --- ဘာဖြစ်လို့ မျက်ရည်တွေကျပြီး ပြုံးနေရတာလဲ’ လို့ မေးသတဲ့။ အဲဒီမှာ သူမဟာ ကြံရာမရ ဖြစ်သွားပြီး ဓာတ်ပုံကို ဘေးချကာ ပျာပျာသလဲ ပြန်ဖြေလိုက်သတဲ့။ သူမရဲ့ အဖြေကို ကြားလိုက်ရတဲ့ ပီအေမလေးခင်မျာ ကြောင်စီစီ ဖြစ်သွားသတဲ့။ သူမ ပြန်ဖြေလိုက်ပုံက ‘ဟို … ဟို … သူ မရှိတော့လို့ ၀မ်းသာတာရယ်၊ သူ့ကြောင့် ဒုက္ခရောက်ခဲ့တဲ့ သူတွေအတွက် ၀မ်းနည်းမိတာရယ်ကြောင့်ပါ ဗိုလ်ချုပ်’ တဲ့။ အလျှောက်ကောင်းတော့ အထောင်းသက်သာ ဆိုတာ ဒါမျိုးထင်ပါရဲ့။ ‘တတ်လည်း တတ်နိုင်တဲ့ ဖော်လံဖားတွေ ပါလားနော်’ လို့ပဲ ဂျင်ဂလိ သြချမိတော့တယ်။

ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

6 comments:

mrmonn said...

i love it.

Unknown said...

အဆိုး နဲ့ အကောင်းဒွန်တွဲနေတဲ့ လောကကြီးထဲမှာ တစ်ပွက်စာအချိန်ကလေးအတွင်းး လူ့ ဘဝရဲ့ လူသားဆန်စွာ ပြုမူနေထိုင်ဖို့ သာ အရေးကြီးဆုံး နဲ့ အရိုးအရှင်း ပါ

kyawthusukyi said...

I like !

အားလုံးကိုချေမှူန်းမယ် said...

ဘာမှမမြဲပါဘူး

လက်ရှိ အာဏာရှိနေသူတွေ လဲ သဘောပေါက်ပါ။

သာကူး တွေ များနေတယ်။

အရောင်ပြောင်းတွေ များတယ်။

ကိုယ်ချင်းစာ တရား လက်ကိုင်ထားပါ

အားလုံးကိုချေမှူန်းမယ် said...

သေရင် ကိုယ့်နောက်ဘာမှ မပါဘူး

ရခဲ့ လှတဲ့ လူဘဝ က နေ အရှုံးနဲ့ မပြန်ကြပါနဲ့

genius said...

ဦးသိန်းစိန်အစိုး၇က ဆင်းကဒ်ကို နိုင်ငံတကာဈေးနှုန်း ထက် ၃ ဆ ဈေးလောက်နဲ.ေ၇ာင်းမယ်.အေ၇းကို နိုင်ငံတွင်း
ဆင်းကဒ် အေ၇ာင်း ၃ လလောက်ပိတ်ပြီး (ဒူးပေါ်လက်တင်) စဉ်းစားနေတာ ပြည်သူတွေအနိုင်ကျင်.
တာပါ ။ နိုင်ငံတကာ မှာ ဆင်းကဒ် နိုင်ငံတကာဈေးနှုန်း
၃၀၀၀ ကျပ် လောက်၇ှိတာပါ ၊ လာအို ၊ ကမ္ဘောဒီးယား ၊
သီ၇ိလင်္ကာ က ဆင်းကဒ် နိုင်ငံတကာဈေးနှုန်း၃၀၀၀ ကျပ်
နဲ.ပြည်သူတွေကိုေ၇ာင်းပေးနိုင်တဲ. သမတ ၊၀န်ကြီးချုပ် တို.ကို သမ္မတကြီးဦးသိန်းစိန်
အနေနဲ. သွားပြီးဒူးထောက် ၊ဂါ၇၀ပြု ဆ၇ာ တင်ဖို. လိုနေပါပြီ ။