Monday, September 18, 2017

မစ္စတာဗြောင်လိမ်ရဲ့ သတင်းစာရှင်းလင်းပွဲ

အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြည့်ရင် ရိုဟင်ဂျာတွေ မကောင်းတဲ့သတင်းသက်သက်ကိုသာ တဖက်သတ်ထုတ်ပြန်တာတွေ့ရတယ်။ ရိုဟင်ဂျာတွေခံရတဲ့သတင်း ဒုက္ခရောက်တဲ့သတင်းတခုမှ မပါဘူး။ အဲဒါကိုက မယုံစရာ ဖြစ်နေတယ်။

သူတို့သတင်းတွေမှာ ရေးထားတာတွေအတိုင်း ဆက်စပ်ကြည့်ရင် ARSA ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်က ရဲစခန်းတွေကိုတိုက်တယ်။ အဲဒါကို ရိုဟင်ဂျာ အရပ်သားတွေက ဝိုင်းဝန်းကူညီတယ်။ ARSA နဲ့ ရိုဟင်ဂျာ အရပ်သားတွေပေါင်းပြီး ရခိုင်တွေ၊ ဟိန္ဒူတွေကို တိုက်ခိုက်တယ်။ သတ်ဖြတ်တယ်။ ရိုဟင်ဂျာ အရပ်သားတွေက ကိုယ့်အိမ်ကိုယ်မီးရှို့ကြတယ်။ အနီးအနားဖြတ်လာတဲ့ တပ်မတော်စစ်ကြောင်းကို အထင်မှားအောင် တပ်မတော်စစ်ကြောင်း ရောက်လာတဲ့အချိန်မှာ ကိုယ့်အိမ်ကိုယ် အချိန်ကိုက် မီးရှို့ထွက်ပြေးတယ်လို့တောင် ဆိုလိုက်သေးတယ်။

အစိုးရစစ်တပ်ကတော့ ရိုဟင်ဂျာ အရပ်သားတွေကို ဘာမှမလုပ်ဘူးလို့ အင်တာဗျူးတွေမှာ ပြောတယ်။

ဒါပေမယ့်ခက်တာက ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရိုဟင်ဂျာတွေ ၃ သိန်း ၈ သောင်းကျော် ထွက်ပြေးလာကြတယ်။ (ကုလသမဂ္ဂ UNHCR ရဲ့ ထုတ်ပြန်ကြေညာချက်) အဲသလို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေထဲမှာ သေနတ်ကျည်ဆံ ဒဏ်ရာနဲ့ ထွက်ပြေးလာကြတဲ့သူတွေလည်း ပါတယ်။ (ကုလသမဂ္ဂ UNHCR ထုတ်ပြန်ကြေညာချက်)

အဲဒီမှာ ဇာတ်လမ်းကတော်တော် ရှေ့နောက်မညီဖြစ်လာတယ်။ အဆီအငေါ်မတည့်ဖြစ်လာတယ်။ တိုက်တော့လည်း ရိုဟင်ဂျာတွေ။ ထွက်ပြေးတော့လည်း ရိုဟင်ဂျာတွေ။ ပြေးတာကလည်း တယောက်နှစ်ယောက် သွေးရူးသွေးတန်းနဲ့ ပြေးတာမျိုးမဟုတ်။ လူ ၄ သိန်းနည်းပါးကြီးများတောင်။ ကဲ.... ဘယ်လိုကြီးလဲ။ ရိုဟင်ဂျာတွေပဲ ရူးနေကြသလား။ ပေါ်တင်ကြီးမျက်စိမှိတ်ဗြောင်ညာ တဲ့ မှူးဇော်တို့ စစ်အာဏာရှင်တွေပဲ ရူးနေကြသလား။ ဒီလောက်ဗြောင်ညာတာကို ဘာပြောပြောယုံနေကြတဲ့လူတွေပဲ ရူးနေကြသလား။

အဲဒီအချက်ကို တော်တော်လေး ဝေဖန်စရာဖြစ်လာတော့ ငြိမ်မနေနိုင်တော့ဘဲ မှူးဇော်က ထွက်ရှင်းတယ်။ စက်တင်ဘာ ၁၃ ရက်နေ့က သမ္မတအိမ်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမဟုတ်ပါဘူးဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းတယ်။ ရိုဟင်ဂျာတွေထွက်ပြေးတာဟာ တပ်မတော်ကြောင့် မဟုတ်ဘူးတဲ့။ ဘာ့ကြောင့်ရိုဟင်ဂျာတွေ ထွက်ပြေးသလဲဆိုတော့ အချက် ၃ ချက်သူကပြောတယ်။ ၁။ ARSA သူပုန်တွေက တိုက်ခိုက်ပြီးထွက်ပြေးကြတယ်တဲ့။ ၂။ ARSA သူပုန်ကိုအားပေးကူညီပြီး သူတို့နဲ့ အတူတူ တိုက်ခိုက်ကြတဲ့ သင်တန်းဆင်း ရွာသားတွေကလည်း သူတို့လုပ်ရပ်တွေပေါ်ပြီး အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးတယ်တဲ့။ ၃။ ARSA က ငါတို့တော့ချတော့မယ်ဆိုပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ရှောင်ခိုင်းလို့ ထွက်ပြေးကြတယ်တဲ့။ မှူးဇော်ဘယ်လောက်မျက်နှာပြောင်တိုက် ဗြောင်လိမ်တတ်သလဲ ဆိုတာ အဲဒီမှာ နောက်တခါ ဘွားဘွားကြီးပေါ်ပြန်တယ်။ တခါလိမ်မိရင် ဆက်ကာဆက်ကာ လိမ်ရတော့တယ်ဆိုတာ ဒါမျိုးပဲ။ ARSA သူပုန်နဲ့ ARSA သူပုန်ကိုအားပေးကူညီပြီး တိုက်ခိုက်တဲ့သူ အရေအတွက်ဟာ ဘယ်လောက်များ.... များသလဲ။ သူတို့တိုက်ပွဲသတင်းတွေမှာ ပိုပိုကြိုကြိုပြောထားတဲ့ သတင်းပဲကြည့်ပါ။ အကြမ်းဖက်တိုက်ခိုက်သူ လူအုပ်ကြီးပမာဏဆိုတာကို သူတို့သတင်းတွေထဲမှာပါတဲ့ အရေအတွက်ပဲပေါင်းကြည့်ပါ။ သောင်းဂဏန်းပြည့်ဖို့ခက်ပါတယ်။ ထားလိုက်ပါတော့ ပိုပိုကြိုကြို လွန်ရောကျွံရော ၃ သောင်းလောက်ပေးထားလိုက်ပါ။ သူတို့စိတ်ကျေနပ်သွားအောင်။ အဲဒီ ၃ သောင်းဆိုတဲ့ ဂဏန်းဟာ အခုထွက်ပြေးကြတဲ့ ၃ သိန်း ၈ သောင်းဆိုတဲ့ ကိန်းဂဏန်းနဲ့တွက်ကြည့်ရင်တော့ ကွာလွန်းလှတယ်။ အစွန်းထွက်တောင် မရှိဘူး။ အဲဒီတော့ သူပြောတဲ့ တတိယအမျိုးအစားကို ထပ်ပြီး ထည့်ပေါင်းကြည့်လိုက်ပါဦး။ ARSA က ငါတို့တော့ချတော့မယ်ဆိုပြီး သူတို့ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ရှောင်ခိုင်းသတဲ့။ ယုတ္တိမရှိပုံက ကြည့်ဦး။ ရှောင်ခိုင်းတဲ့လူက တိုက်ပွဲမဖြစ်ခင်က လွတ်လွတ်ကျွတ်ထွက်ပြေးနိုင်အောင် ကြိုမပြောဘဲ သတ်ဟယ်ဖြတ်ဟယ်ဆိုတာတွေဖြစ်ပြီးမှ ရှောင်ကြလို့ ပြောတာလား။ အဲဒီအချိန်ကျမှတော့ ARSA ကရှောင်ခိုင်းဖို့ရော လိုသေးလား။ ဒါမှမဟုတ် ARSA ကရှောင်ခိုင်းထားတာကို အဲဒီအမျိုးသမီးတွေ ကလေးတွေက မရှောင်သေးဘဲ ဟယ်... ငါတို့တော့ ငါတို့အိမ်တွေ မီးရှို့ချင်သေးလို့ တိုက်ပွဲဖြစ်ပြီးအောင် စောင့်လိုက်ဦးမယ်ဆိုပြီး စောင့်နေတာလား။ ဒါမှမဟုတ် ကလေးတွေက မီးထွန်းပွဲတော်မကြည့်ရတာကြာပြီ ကြည့်ချင်သေးတယ်ဆိုလို့များ စောင့်ကြည့် နေကြတာလား။ ARSA အဲသလို ရှောင်ခိုင်းတဲ့ လူဦးရေကလည်း ၃ သိန်းခွဲတောင် ရှိသတဲ့လား။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးလာတဲ့ သူတွေ အကြောင်းတော့ ဘာမှ မပြောဘူးဗျ။ မေ့သွားတယ် ထင်ပါရဲ့။ မေ့သွားတာတော်သေးတယ်။ တကယ်လို့များမမေ့ရင် အဲဒီရိုဟင်ဂျာတွေဟာ တပ်မတော်အပေါ်နိုင်ငံတကာ က အထင်မှားစရာဖြစ်အောင် ပဋိပက္ခဖြစ်ချိန်နဲ့ ချိန်ကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး ထွက်ပြေးပါတယ်လို့ ပြောချင်ပြောမယ့်လူ။ ဒီလောက်မျက်နှာပြောင်တိုက်တဲ့လူဟာ ဘာဖြစ်ဖြစ် ပြောမှာပဲ။ (သီတာထွေး ကိစ္စတုန်းကလည်း မှူးဇော်လိမ်ပြီးဖွတာကို လက်ပူးလက်ကြပ်မိခဲ့ကြဖူးတယ်။ တနေ့က ဒုက္ခသည် ဟိန္ဒူတွေကို မီးသွားရှို့ခိုင်းပြီး မွတ်ဆလင်တွေ ကိုယ့်အိမ်ကိုယ်မီးရှို့ကြတယ်လို့ ဓာတ်ပုံတင်ပြီး လိမ်တာလည်း မိခဲ့ဖူးတယ်။)

မှူးဇော်လိမ်နေတယ်။ စစ်အာဏာရှင်တွေလိမ်နေတယ်။ ကြီးကြီးကျယ်ကျယ်လိမ်နေတယ်။ ထပ်ကာထပ်ကာလိမ်နေတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက်စလုံးသွေးချောင်းစီးအောင် လုပ်နေတယ်။ အဲသလိုလုပ်တာဟာ သူတို့ရိုဟင်ဂျာကို တကယ်မုန်းလို့ မဟုတ်ဘူး။ (မဲလိုချင်တော့ ဝှိုက်ကတ်ထုတ်ပေးပြီးမဲပေးခိုင်းခဲ့တာကိုကြည့်။) ရခိုင်ကိုချစ်လွန်းလို့လည်း မဟုတ်ဘူး။ (လျှပ်စစ်မီးတောင် မပေးတာတခုတည်းပဲကြည့်၊ ကျန်တာပြောစရာများလွန်းလို့ သိပ်ရှည်မစိုးလို့ မပြောတော့ဘူး။)

တကယ်တန်းက ရိုဟင်ဂျာ၊ ရခိုင်အားလုံးကို ဓားစာခံအဖြစ် စတေးပြီး သူတို့ အာဏာတည်မြဲရေး လုပ်နေတာပဲ။ စစ်အာဏာရှင်စနစ် ရာသက်ပန်တည်မြဲရေးလုပ်နေတာပဲ။

၁။ ရခိုင်ထောက်ခံမှု ရအောင်လုပ်နေတာ။
၂။ ဗုဒ္ဓဘာသာထောက်ခံမှု ရအောင်လုပ်နေတာ။
၃။ ဒေါ်အောင်ဆန်းစုကြည်ကို မူဆလင် အားပေးတယ်ဆိုပြီး ဗုဒ္ဓဘာသာတွေ ထောက်ခံမှုကျအောင် လုပ်နေတာ။ (ဒီအချက်အားကောင်းအောင် မဘသနဲ့ အင်အားဖြည့်ပြီး ဝါဒဖြန့်တိုက်ခိုက်လိုက်သေးတယ်။)
၎။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မူဆလင်တွေ မတရားခံနေရတာကို သိက္ခာမဲ့စွာ မျက်နှာလွှဲခဲပစ်လုပ်နေတယ်ဆိုပြီး နိုင်ငံတကာက ရွံရှာမုန်းတီးအောင်လုပ်နေတာ။
၅။ စစ်တပ်မရှိရင် မဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ဘူးလို့ ထင်လာအောင်လုပ်နေတာ။ (အဲဒီအချက်ကို ထင်ရှားအောင် တိုင်းပြည်မတည်ငြိမ်အောင် အားဖြည့်လုပ်ဆောင်တာကတော့ ကချင်နဲ့ ရှမ်းတွေ၊ တအာန်းတွေကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ စစ်ပွဲတွေ တိုးမြှင့်တိုက်ခိုက်တယ်။ ဒါ့အပြင် စစ်တပ်လော်ဘီ သမားတွေက ဒေါ်စုလက်ထက်မှာ တိုင်းပြည် မတည်ငြိမ်ဘူးဆိုပြီး အကြီးအကျယ်ဝါဒဖြန့်ချိရေးလုပ်နေတာ တွေကိုလည်း သတိထားကြည့်ရင်တွေ့ရမယ်။)
၆။ ရွှေဝါရောင်တော်လှန်ရေးမှာတုန်းက ကမ္ဘာက လေးစားကြည်ညိုခဲ့ကြတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ကမ္ဘာက မုန်းတီးအောင်လုပ်နေတာ။ အဲသလို ကမ္ဘာကမုန်းလေ။ သူတို့ စစ်တပ်အောက်မှာ ဘုန်းတော်ကြီးတွေ ရောက်လေပဲ။

စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်ယုတ်မာတဲ့ ထောင်ချောက်ထဲမှာ ဗုဒ္ဓဘာသာဝင်တွေ၊ ရခိုင်တွေ၊ ရိုးသားတဲ့ပြည်သူတွေ တော်တော်များများ အကြီးအကျယ် ဇောက်ထိုးမိုးမျှော်ကျနေပြီ။

အခုဟာက ကျွန်ပိုင်ရှင်တွေက ကျွန်အချင်းချင်း ဓားခုတ်ပြိုင်ခိုင်းတာကို ဆုရချင်လွန်းလို့ အသေခုတ်ပြနေကြသလိုဖြစ်နေပြီ။

အမြင်မှန်ရကြပါ။ ထောက်ချောက်ထဲက ပြန်ရုန်းထွက်ခဲ့ပါ။ မအကြပါနဲ့။ မတုံးကြပါနဲ့။ လောဘ၊ ဒေါသ၊ မောဟ မီးတွေ ဖိစီးပြီး လူသတ်သမားတွေကို ဘုရားလုပ်မကိုးကွယ်ကြပါနဲ့။ ဆင်းရဲသားချင်း ခွက်စောင်းမခုတ်ကြပါနဲ့။ ဒါလောက်ရိုးရှင်းတဲ့ လှည့်ကွက်ကိုမှ မမြင်ရင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မယ်။ စစ်ကျွန်သက်တမ်း ရှည်မယ်။ ဆင်းရဲတွင်းမှာ နှစ်ပေါင်းတထောင် နစ်မွန်းသွားလိမ့်မယ်။

ဇော်ဝင်း
၈၈ ဗကသ ကျောင်းသားဟောင်း

(Zaw Win's Facebook Status မှ ကူးယူဖော်ပြသည်။)

3 comments:

Unknown said...

ကိုလွဏ်းဆွေထောက်ပြထားတာတွေမှန်တယ်ဗျ..တစ်ဖက်သတ်ရှင်းလင်းချက်တွေဖြစ်နေတော့ကမ္ဘာကလက္ခံနိုင်ဖို့မဖြစ်ဘူးပေါ့..အမှန်ကိုပြောပြချပြသင့်ပါတယ်..။

Unknown said...

ရခိုင်မောင်းတော..ဘူးသီးတောင်အစရှိတဲ့ဒေသမှာဘင်္ဂါလီတွေကအများစုနေထိုင်ကြတာဖြစ်တော့..တိုင်းရင်းသားရခိုင်နဲ့ဟိန္ဒူလူမျိုးတွေကအနှိမ်ခံရတာတွေဖြစ်လာတယ်..ကုလားတွေကလဲဒါငါတို့နယ်..ငါတို့လူမျိုးပိုင်တယ်ဆိုပီးမာန်တက်နေတာ(အစိုးရဟောင်းလက်ထက်ကလူရာတွင်းခံထားရသူတွေမို့) နောက်နယ်မြေကိုတရားဝင်အပိုင်လိုချင်လာတော့(မြှောက်ပေးသူလဲရှိမယ်)ထကြွလာတာပေါ့..ဧည့်သည်လိုမနေတတ်တော့ခုလိုဖြစ်ရပ်ဖြစ်လာတာပေါ့..နောက်ဆုံးနေစရာပျောက်ပီ..။ကုလားတွေဟာသူတို့လူများရင်အခြားမျိုးနွယ်တွေကိုအနိုင်ကျင့်တတ်တယ်..သူတို့လူနဲရင်အခြားမျိုးနွယ်တွေကြားမှာအောက်ကြို့ပီးနေတတ်ကြတယ်..တိုင်းရင်းသားတွေကလူအများစုနဲ့အနိုင်မကျင့်တတ်ကြပါဘူး.ကုလားအများကြားထဲဘာသာခြားသွားနေလို့မရဘူး..ကျန်တဲ့ဘယ်ဘာသာခြားတွေအထဲမှာမဆိုကုလာသွားနေလို့ရတယ်ပြသနာမလုပ်ဘူး.တိုင်းရင်းသားတွေစာနာသနားတတ်ပါတယ်.ရခိုင်ဒေသမှာနယ်ချဲ့သောင်းကြမ်းသူကုလားပပျောက်စေချင်တယ်..။

Unknown said...

I can feel your sense of elation Cheers to that ability to share your inner-riches got a good tips nice blog keep it up ill be looking forward to your next post. nice website I will bookmark this.
Android Spy