Monday, March 6, 2017

ကျနော်နဲ့ ရပ်ကွက်ဘုရင်မ(၂)

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်တုန်းက ဆူးလေလမ်းပေါ် ရောက်နေတာကြောင့်ရယ်၊ မွန်းတည့်ချိန် အိုက်စပ်စပ်ဖြစ်နေလို့ အဲကွန်းလေးနဲ့ ခဏတဖြုတ် ဇိမ်ခံချင်တာကြောင့်ရယ်၊ မိတ်ဆွေတယောက်နဲ့ တွေ့ဖို့ အချိန်စောနေသေးတာကြောင့်ရယ်၊ မိုးဖွဲဖွဲလေးကျလာတဲ့အတွက် မိုးခိုချင်တာကြောင့်ရယ် ... စတဲ့ အကြောင်းတွေကြောင့် ရောက်နေတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ ရုပ်ရှင်ရုံအောက်ကို ကျနော် ပြေးဝင်ခဲ့မိတယ်။

ဇာတ်ကားနာမည်ကို မော့ပြီး ဖတ်ကြည့်လိုက်တော့ 'ရပ်ကွက်ဘုရင်မ(၂)' တဲ့။ (၂) ဆိုတော့ (၁) ရှိဦးမယ့်သဘော။ သို့ပေမယ့် ကျနော် ရုံအောက်ပြေးဝင်ဖြစ်ခဲ့တဲ့အကြောင်းက အထက်မှာ ပြောခဲ့သလိုဆိုတော့ (၂) မကလို့ (၃) (၄) ဆိုလည်း ကျနော့်အတွက် ပြသနာမရှိ။ လက်မှတ်ဖြတ်ဖို့ အလျင်အမြန် ဆုံးဖြတ်ပြီး လက်မှတ်အရောင်းကောင်တာဆီ ကျနော် လျှောက်သွားတယ်။ လက်မှတ်ခနှုန်းထားတွေ ကြည့်ပြီး နှမြောသလိုဖြစ်မိတာနဲ့ ၁၈၀၀ ကျပ်တန်း လက်မှတ်ပဲ ကျနော် ဖြတ်လိုက်တယ်။

ဗီနိုင်းပိုစတာကို ကြည့်လိုက်တော့ ဇာတ်ကားထဲမှာ ဒီကနေ့ နာမည်ကြီးနေတဲ့ မင်းသမီး ကြီး ငယ် လတ် အတော်များများ၊ မင်းသား ရာဇာနေ၀င်းနဲ့ ဟာသသရုပ်ဆောင်တွေ တွေ့ရတယ်။ ရုပ်ပုံတွေကို အကဲခတ်ရင်း ဟာသကားပဲဖြစ်မယ်လို့ သုံးသပ်မိပြီး အပျင်းပြေ ၀င်ဟားပစ်လိုက်မယ် ဆိုတဲ့စိတ်နဲ့ ရုံထဲဝင်လာခဲ့တယ်။

ဇာတ်ကားပြတော့ ရုံထဲမှာ တ၀ါးဝါး တဟားဟား ရယ်သံတွေ အမှန်တကယ်ပဲ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ကျနော့်ဆီကတော့ မဟုတ်ပါ။ ကျနော့်လို ဘယ်သူတွေ လိုက်ပြီးမရယ်ကြသလဲ အမှောင်ထဲမှာမို့ ကျနော် မသိ။ ကျနော် သိတာ ကြည့်ရင်း ကြည့်ရင်း ရုံထဲဝင်လာမိတဲ့ ကျနော့်ကိုယ်ကျနော် စိတ်ပျက်လာတာပဲ သိတယ်။ သည်းခံပြီး ဆက်ကြည့်တယ်။ မရ။ သည်းခံနိုင်စွမ်းဘက်ထရီ တဖြေးဖြေး ဒေါင်းလာတယ်။ ဖုန်းကို ဖွင့်ပြီး နာရီကို ကြည့်တော့ ဇာတ်ကားပြတာ နာရီဝက်လောက်ပဲ ကြာသေးတယ်။ အဲကွန်း အေးလား မအေးလား ကျနော် မသိတော့၊ ပိုက်ဆံ ၁၈၀၀ ကျပ် နှမြောရကောင်းမှန်း ကျနော် မသိတော့။ ရုံအပြင် ပြန်ထွက်ဖို့ ကျနော် ဆုံးဖြတ်လိုက်တယ်။ အမှောင်ထဲမှာ အိတ်ဆွဲရင်း စမ်းတ၀ါးဝါး ကျနော် လျှောက်လာခဲ့တယ်။

အပေါက်ဝ ရောက်တော့ ရုံဝန်ထမ်း ကျားတယောက်က ''အစ်ကို သန့်စင်ခန်း သွားချင်လို့လား'' လို့ မေးတယ်။ ''မဟုတ်ဘူး၊ ဆက်မကြည့်ချင်တော့လို့ ပြန်မလို့'' လို့ ကျနော် တုံးတိတိ ပြန်ဖြေလိုက်တယ်။ သူ ကျနော့်ကို ကြောင်ပြီး ကြည့်နေတယ်။ ကျနော် လှေကားထိပ်ကနေ သူ့ကို တချက်ပြန်ကြည့်လိုက်တယ်။ သူ ကြည့်နေပုံက ဒီလူ ရုံထဲမှာ ဗုံးထောင်ပြီးတော့များ ဆင်းသွားတာလား ဆိုတဲ့ သံသယအကြည့်။ ကျနော် ဂရုမစိုက်။ အောက်ကို ဆင်းလာခဲ့တယ်။

ရုံအောက်ထပ်ရောက်တော့ မိုးတိတ်နေတာနဲ့ ဗိုလ်ချုပ်လမ်းဘက်ကို လျှောက်၊ စောင့်ကြည့်ဂျာနယ်တစောင် ၀ယ်ပြီး ၃၄ လမ်းထိပ်က လပြည့်ဝန်း လက်ဖက်ရည်ဆိုင်မှာ ချိန်းထားတဲ့မိတ်ဆွေ လာတဲ့အထိ သွားထိုင်နေလိုက်တော့တယ်။

(https://www.facebook.com/lun.swe မှ ...)

No comments: