Sunday, June 19, 2016

မွေးနေ့

မွေးနေ့
မောင်ချောနွယ်

မွေးနေ့တဲ့ ...
အောက်တိုဘာ ၁၅ ရက်နေ့မှာ တွေ့ခဲ့တယ်။

မွေးနေ့မှာ ...
ရွှေဒင်္ဂါးပန်းတွေ ရိုင်းထနေတာသာမြင်ရ။

မွေးနေ့မှာ ...
ရေခဲမုန့်နဲ့ ကိတ်မုန့်တွေ မရှိဘူး။

မွေးနေ့မှာ ...
လက်ဆောင်နဲ့ ဆုတောင်းသံတွေ မရှိဘူး။

မွေးနေ့မှာ ...
မြစ်လည်း မရှိဘူး၊
မြစ်မှာလည်း ခြေထောက်မရှိပြန်ဘူး၊
မရှိတဲ့ ခြေထောက်မှာ
ဖိနပ်ကလည်း မရှိပြန်ဘူး၊
မရှိတဲ့ဖိနပ်ဟာ ခြေထောက်ဖြစ်ပြီး
ကိုယ့်ခြေထောက်ကိုယ် ခေါင်းအုံးအိပ်တဲ့သူဟာ
မြစ်ဖြစ်နေပြန်ရဲ့။

အဲဒီဇာတ်ကားအပြီးမှာ
ဒေါက်တာမာတင်ဖိနပ်စီးထားပြီး
အင်္ကျီလုံးလုံးမပါတဲ့မွေးနေ့ဟာ
မတ်တပ်ထရပ်လိုက်ရဲ့။

မွေးနေ့များခင်ဗျား ...
ဒုက္ခဆိုတာ ဒိုင်ယာရီစာအုပ်ပါပဲ
သုခဆိုတာကတော့
အတိုအစတွေ ရတဲ့ snack ဘားတခုပါပဲ၊

ယုံကြည်ချက်ဆိုတာ
မြစ်လို မပြတ်တမ်း စီးပြီး
သစ်ပင်ပန်းမန်တွေလို ဝေဆာခြင်းပါပဲ၊

ပျော်ရွှင်ခြင်းဆိုတာ
ကစားခုန်စားနဲ့ အကြောလျှော့ခြင်းပါပဲ၊

ခံစားချက်ဆိုတာ
ဒေါသအမြဲကြီးသူ ရေတံခွန်နဲ့ စက္ကူစွန်ကလေးပါပဲ။

မွေးနေ့ခဏနားပြီး
သူ့ဇီဝကာရန်
သူ့ဇီဝရောင်ခြည်တွေကို ငုံ့ကြည့်လိုက်တဲ့အခါမှာ
သူ့ဦးခေါင်းကို ဖုံးကွယ်ဖို့
ဦးထုပ်တလုံး လိုက်ရှာတဲ့လူနဲ့တွေ့တော့
မွေးနေ့ဟာ
သူ့သေခြင်းသံချပ်ကာအင်္ကျီကို အလျင်အမြန်ဝတ်
မွေးနေ့နဲ့ စိတ်ချင်းယှဉ်ပြီး
စီးချင်းထိုးလိုက်ရာ
မွေးနေ့ရဲ့ခန္ဓာကိုယ်က ခန္ဓာကိုယ်ရဲ့အချိုရည်များ
စီးကျလာ
မိုးပျံပူဖောင်းတွေ ကောင်းကင်မှာ လွင့်လို့ ... ။ ။

မောင်ချောနွယ်

No comments: