Sunday, September 14, 2014

အနာဂတ်သာသနာမှာ မရှိအပ်တဲ့ သာသနာရေးဝန်ကြီးဌာန

ရဲမြင့်ကျော်

သမ္မတဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အသွင်ကူးပြောင်းရေးဖြစ်စဉ် (transition) အထိ မရောက်သေးဘဲ၊ ဖြေလျှော့ရေးဖြစ်စဉ် (liberalization) အဆင့်သာ ရှိသေးတယ်လို့ ပညာရှင် အများစုက ကောက်ချက်ချပါတယ်။ အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့ အစိုးရပိုင်း တာဝန်ရှိသူအချို့ရော၊ အတိုက်အခံအင်အားစုတွေကပါ ဒီသဘောထားမျိုး ပြောဆိုတာ တွေ့ရပါတယ်။

လက်ရှိ အစိုးရဟာ နိုင်ငံရေး စီးပွားရေး ဖြေလျှော့မှုတွေ လုပ်လာပေမယ့်၊ တကယ့် အသွင်ကူးပြောင်းရေး ကတော့ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်ကျမှသာ ဖြစ်နိုင်လိမ့်မယ်။ အထူးသဖြင့် အုပ်ချုပ်ရေးအဖွဲ့ထဲ အနို်င်ရရှိတဲ့ပါတီက လူအတော်များများ နေရာယူလာနို်င်မှသာ ပြောင်းလဲမှု ရှိမယ်။ တောင်အာဖရိကမှာ လူဖြူ ဒီကလပ် အစိုးရကနေ လူမည်းအတိုက်အခံ မင်ဒဲလားအစိုးရကို လွှဲပေးနိုင်တဲ့အခါမျိုးကျမှသာ အသွင်ကူးပြောင်းမှု အစစ်အမှန်လာခဲ့တယ်။ အသွင်ကူးပြောင်းရေးဟာ လူအသစ် မူအသစ်တွေနဲ့မှ ပိုပြီးအသက်ဝင်လာနိုင်စရာရှိတယ်လို့ မြင်ကြပါတယ်။

လက်ရှိ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့် ပလေယာဟောင်းတွေနဲ့ပဲ ကွင်းသစ်မှာ ကစားဖို့ လုပ်နေတဲ့အတွက် အခက်အခဲတွေ ရှိနေတာ၊ အရွေ့မဖြစ်တာ မြင်ရပါတယ်။ စနစ်ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ မလိုအပ်တဲ့ ဌာနတွေ ဖြုတ်ပစ်ရတာ၊ လိုအပ်တဲ့ ဌာနသစ်နဲ့ လူအသစ်တွေ ဖန်တီးရတာမျိုးတွေ မဖြစ်မနေ လုပ်ရပါတယ်။ အဲဒီအခါ ဌာနဟောင်းတွေနဲ့ လူဟောင်းတွေအပေါ်ထားတဲ့ သံယောဇဉ်တွေကို နာကျဉ်ခံခက်နဲ့ ဖြတ်ရတာတွေ ရှိလာပါတယ်။ ဝေဖန်တုံ့ပြန်မှုတွေ တိုက်ခိုက်မှုတွေကို ကျော်လွှားရပါတယ်။ ဥပမာ၊ ဈေးကွက်စီးပွားရေးစနစ်နဲ့ အလုပ်မဖြစ်တဲ့ ကုန်သွယ်လယ်ယာဌာနတို့ သမ၀ါယမ၀န်ကြီးဌာနတို့ကို ရပ်ဆိုင်းပစ်ရမှာဖြစ်သလို၊ နိုင်ငံပိုင်လုပ်ငန်းတွေကို လက်သိပ်ထိုး မဖြေရှင်းဘဲ၊ တရားနည်းလမ်းကျကျ ပွင့်လင်းမြင်မှုရှိစွာနဲ့ ပုဂလိကလက်ထဲ လွှဲပြောင်းရမှာ ဖြစ်ပါတယ်။

တရားဝင်မှုရယူခြင်းနဲ့ သာသနာခြစားမှု

အလားတူပဲ အခုဆွေးနွေးလိုတဲ့ သာသနာရေးဝန်ကြီးးဌာနကိစ္စဟာလည်း ဒီမိုကရေစီစနစ်နဲ့သွားမယ်ဆိုရင် ဌာနပိုတစ်ခုဖြစ်တဲ့အတွက် မဖြစ်မနေ ဖျက်သိမ်းပစ်ဖို့ လိုအပ်နေပါတယ်။ သာသနာရေးဝန်ကြီးဌာနဆိုတာ ခေတ်မီဒီမိုကရေစီနိုင်ငံတိုင်းမှာ မထားရှိတဲ့ ဌာနပါ။ အီရန်၊ ဆော်ဒီ၊ ပါကစ္စတန် တို့လို နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းပြီး အစိုးရက ဘာသာရေးအကြောင်းပြ လူထုကို ထိန်းချုပ်ဖို့ ဘာသာရေးဝန်ကြီးဌာနတွေ ထားရှိပါတယ်။ တကယ်တော့ ဘာသာရေးဝန်ကြီးဌာန သို့မဟုတ် သာသနာရေးဝန်ကြီးဌာနဟာ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားအတွက် ဘယ်လိုမှ အပ်စပ်စီလျော်မှုမရှိတဲ့ ဌာနပိုတစ်ခုမျှပါပဲ။

လူထုထောက်ခံမှုမရှိတဲ့ ပဒေသရာဇ်အုပ်ချုပ်ရေးနဲ့ အာဏာရှင်စနစ်တွေမှာတော့ အုပ်ချုပ်သူတိုင်းက သူတို့ရဲ့ တရားဝင်မှု (legitimacy) ကို ဘုန်းတော်ကြီးတွေနဲ့ သာသာနာပိုင်တွေဆီက ရယူကြပါတယ်။ ရှားလမုန်းဘုရင်ဟာ ပုပ်ရဟန်းမင်း လီယို (၃) ရဲ့ သရဖူဆောင်းပေးမှုရယူပြီး ရောမအင်ပါယာရှင် ဖြစ်လာခဲ့သလို၊ အလယ်ခေတ်ကာလ ဥရောပမင်းတွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် ခရစ်ယာန် ကျောင်းတော်တွေဆီမှာ တရားဝင်မှုယူခဲ့ရပါတယ်။ အရှေ့တိုင်းမှာလည်း အဖမင်းကြီးကို ခြေခွဲသတ်ခဲ့တဲ့ အဇာတသတ် ဟာ ပထမသင်္ဂါယာနာ ဒါယကာလုပ်ပြီး သမိုင်းမှာ တရားဝင်မှုယူခဲ့တယ်။ နယ်မြေများစွာက လူသိန်းသန်းများစွာကို ရမ်းရမ်းကားကား သတ်ဖြတ်ခဲ့တဲ့ အသောကမင်းဟာ တတိယသင်္ဂါယနာတင် သာသနဒါယကာ ဧကရာဇ်မင်းမြတ်ဖြစ်လာပြီး ဗုဒ္ဓသာသနာကို လွန်စွာမှ ချီးမြှောက်တော်မူပါတယ်။

အလားတူပဲ မြန်မာသမိုင်းတလျှောက် အာဏာ အမြှော်အမြင်ရှိတဲ့ မင်းတွေဟာ သူတို့တရားဝင်မှုအတွက် သာသနာလွန်စွာ ပြုကြပါတယ်။ နောင်တော် စုက္ကတေးကို စီးချင်းထိုးအနိုင်ယူခဲ့တဲ့ နော်ရထာမင်းစောဟာ နန်းစံသက် ၉ နှစ်မြောက်မှာ ရှင်အရဟံနဲ့ တွေ့ပြီး သာသနာပြုလုပ်ငန်း စတင်ခဲ့ပါတယ်။ နောက်ဆုံး ကုန်းဘောင်ဆက်အထိ မြန်မာမင်းအဆက်ဆက်ဟာ ဘုရားတည်၊ ကျောင်းဆောက် ဘွဲ့တံဆိပ်ကပ်တာတွေကို ဂရုစိုက်လုပ်ခဲ့တယ်။ ရှင်ဘုရင်က အလိုမကျတဲ့ ဆရာတော်တွေကိုတော့ အဓမ္မ၀ါဒီသတ်မှတ်ပြီး အောက်ပြည်အောက်ရွာ နှင်ထုတ်ခဲ့တယ်။ လွတ်လပ်ရေးရပြီးခေတ်မှာလည်း ၀န်ကြီးချုပ်ဦးနုက ပါလီမန်ဒီမိုကရေစီလုပ်ငန်းတွေမှာထက် ဆဋ္ဌသံင်္ဂါယနာတင်ရေးကို အာရုံကျ လုံ့လပြုနေတာကြောင့်် စစ်အုပ်ချုပ်ရေးအောက် တိုင်းပြည်ရောက်ပြီး ငါးပါး မှောက်ခဲ့ရပါတယ်။

အဲဒီလို ပဒေသရာဇ်မင်းတို့ရဲ့ တရားဝင်မှုရယူတဲ့ ထုံးတမ်းစဉ်လာဟာ ယနေ့ ၂၁ ရာစု မြန်မာ့အုပ်ချုပ်ရေးထဲ ကျင့်သုံးမှု မြဲနေတုန်းပါ။ အစိုးရက ဩဇာရှိတဲ့ ဆရာတော်တွေကို ဘွဲ့တံဆိပ် အမည်ပေါင်းစုံတီထွင် ဆက်ကပ်တယ်။ ကျောင်းဆောင်သစ်တွေ ဆောက်ပေးတယ်။ ကားပါမစ်တွေ ထုတ်ပေးသလို၊ လိုင်စင်မလိုတဲ့ကားတွေ စီးခွင့်ပေးတယ်။ ဆရာတော်ကြီးအချို့ကလည်း ဘုရားသားတော် အဖြစ်ထက် နိုင်ငံတော်ဩ၀ါဒစရိယဆိုတဲ့ ဂုဏ်ဒြပ်ကို ပိုနှစ်သက်ပုံရပါတယ်။

အဲဒီလို အစိုးရက ပြည်သူ့ငွေနဲ့ ဆရာတော်တွေကို ဆန္ဒရှိ လှူဒါန်းနေသလိုမျိုး၊ သာမန်ပြည်သူတွေလည်း လှူဒါန်းချင်ကြမှာပါပဲ။ အုပ်ချုပ်သူက မိမိအာဏာတည်မြဲရေးနဲ့ တရားဝင်မှုအတွက် ပြည်သူ့ငွေကို ဘာသာရေးမှာ အသုံးချတယ်ဆိုရင်၊ အခြားနိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပြည်သူတစ်ဦးချင်းကလည်း ပြည်သူ့ဘဏ္ဍာကိုသုံးပြီး သူ့လို လှူဒါန်းခွင့် ရှိရမှာဖြစ်ပါတယ်။

အမှန်တော့ အဲဒီလိုလှူဒါန်းခြင်းဟာ ဒီမိုကရေစီအစိုးရတစ်ခုအတွက် ကျင့်ဝတ်ဆိုင်ရာ မလျော်ညီပါဘူး။ အစိုးရက ပြည်သူ့ဘဏ္ဍာငွေကို ‘ရွာသားဘုရား သူကြီးကောင်းမှု’ လုပ်ခြင်းဟာ ဒီမိုကရေစီအစိုးရအဖွဲ့ အတွက် ဘယ်လိုနည်းနဲ့မှ တရားမ၀င်ပါဘူး။ အလားတူ လူ့အဖွဲအစည်းအတွင်း တရားနည်းလမ်းမကျတဲ့ လှူဒါန်းမှုတွေကို လက်ခံကြတဲ့ သံဃာများအတွက်လည်း ၀ိနည်းသိက္ခာနဲ့ လျော်ညီအပ်စပ်မှု မရှိသလို ဗုဒ္ဓသာသနာခြစားမှုကြီးကိုပဲ ဦးတည်စေလိမ့်မယ်။

မလွတ်လပ်နဲ့ မဟန

မြန်မာဗုဒ္ဓဘာသာဝင်တွေက သာသနာရေးဝန်ကြီးဌာနကို သာမန်အားဖြင့် သာသနာချီးမြှေက်ရာ ဌာနလို့ မြင်တတ်ပါတယ်။ အမှန်တော့ ဘာသာရေးနဲ့ အုပ်ချုပ်ရေးအာဏာကို ရောထွေးစေတဲ့ ဌာနကြီး ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနက လူပျံတော်တွေစုပေါင်းထားတဲ့ သာသနာရေးဦးစီးဌာနကတစ်ဆင့် နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ (မဟန) ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မဟန ကိုယ်တို်င်က လွတ်လပ်တဲ့ သံဃာ အင်စတီကျူးရှင်းမဟုတ်ဘဲ၊ အစိုးရ၀န်ကြီးဌာနတစ်ခုအောက်က ဌာနခွဲတစ်ခုမျှ ဖြစ်နေပါတယ်။ အစိုးရက ပြည်သူအပေါ် စိတ်ကြိုက်ဆောင်ရွက်ခွင့်ရဖို့နဲ့ အာဏာတရားဝင်ဖို့အတွက် ရပ်ခံကျေးဇူးပြုရတဲ့ ဌာနတစ်ခုပါ။ နေ့စဉ်လှူဒါန်းအားကိုးကြတဲ့ ဘာသာဝင်တွေကို ကိုယ်စားမပြု ကျောခိုင်းပြီး အာဏာပိုင်နဲ့ ပိုမိုပေါင်းဖက်သွားတဲ့အတွက် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်မဏ္ဍိုင် ပြိုလဲမှုကြီးပါ။

မကြာခင်က ဖြစ်ခဲ့တဲ့ မဟာသန္တိသုခကျောင်းပြဿနာမှာ မဟနနဲ့ သာသနာအကြံပေး လူပျံတော်တို့ရဲ့ ကျောင်းပိုင်ဆိုင်လိုမှုဟာ ကမ္ဘာအလည်မှာ မြန်မာဗုဒ္ဒဘာသာဝင်တွေကို အရှက်ခွဲပြလိုက်ခြင်း ဖြစ်ပါတယ်။ သန္တိသုခကျောင်းကိစ္စဟာ မြန်မာနိုင်ငံ မြို့တိုင်း ရွာတိုင်းမှာ ဖြစ်နေကျ သံဃာချင်း ကျောင်းလုပွဲမျိုးပေမယ့်၊ ဒီတစ်ခါက ထိပ်ဆုံး မဟနအဖွဲ့နဲ့ နိုင်ငံတကာသိ ဆရာတော်ကြီးတစ်ပါးကိစ္စမို့ ဟိုးလေးကျော်သွားပါတယ်။ ရွှေဝါရောင်ဖြစ်ရပ်မှာ မဟနဟာ ဆန္ဒပြတဲ့ ရဟန်းငယ်တွေဘက်က မရပ်ခံခဲ့သလို၊ သန္တိသုခကျောင်း ကိစ္စမှာလည်း အာဏာပိုင်နဲ့ ပေါင်းပြီး ကျောင်းလုပါတယ်။ ထူးခြားမှုက သဘောထားပျော့ပြောင်းပုံရတဲ့ သာသနာရေးဝန်ကြီး ရာထူးပြုတ် အမှုရင်ဆိုင်ရတာပါ။

မဟနအဖွဲ့ကို မကြာခင်က ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး နဲ့ သီတဂူ ဆရာတော်ဦးဥာဏိသရ တို့ကိုယ်တိုင် ဝေဖန်မိန့်ကြားတာတွေ ရှိပါတယ်။ ဆရာတော်ကြီးတွေ အဆိုအရ မဟနအဖွဲ့ကို ၁၉၈၀ နှစ်မှာ ပထမအကြိမ် ဂိုဏ်းပေါင်းစုံအစည်းအဝေးလုပ်ဖွဲ့ပြီး၊ ဦးနေ၀င်းက ဘုန်းကြီးတွေ ငြိမ်အောင် လုပ်ခဲ့တာ ဖြစ်တယ်။ ဆိုရှယ်လစ်စနစ်ရဲ့ ပါတီကောင်စီအောက်မှာ ထားပြီး၊ တစ်ပါတီအာဏာရှင်စနစ်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ရတယ်။ သာသနာရေးမှာ မဟနအဖွဲ့မှတစ်ပါး အခြားမည့်သည့်အဖွဲ့မှ ဖွဲ့စည်းခွင့်မရှိခဲ့။ ဘုန်းကြီးတွေကို ငြိမ်အောင် လုပ်ခဲ့တာဖြစ်တယ်။ အခု မဟနဟာ ပြောင်းလဲဖို့ အချိန်တန်ပြီ ဆိုတာတွေ မိန့်ကြားပါတယ်။

လွတ်လပ်တဲ့ အင်စတီကျူးရှင်း

တိုးတက်တဲ့ ဘာသာ သာသနာလုပ်ငန်းတွေဆိုတာ အစိုးရအောက်က လွတ်လပ်တဲ့ အင်စတီကျူးရှင်း တွေ ဖြစ်ရပါမယ်။ စစ်မှန်တဲ့ လွတ်လပ်မှုတိုင်းဟာ ဥပဒေစည်းကမ်းနဲ့ ဒွန်တွဲသွားရပါတယ်။ အလားတူပဲ သံသရာ လွတ်မြောက်ကြောင်းရှာတဲ့ ရဟန်းတွေမှာ ၀ိနည်းစည်းကမ်းတွေ ရှိနှင့်ပြီးသားပါ။ အဲဒီ တင်းကြပ်တဲ့ ၀ိနည်းတွေကို လိုက်နာကျင့်သုံးတဲ့ ရဟန်းတွေအဖို့ သာမန်ပြည်သူတွေလိုက်နာရမယ့် နိုင်ငံသားဥပဒေတွေက ပမွှားပါ။ အစိုးရက သီးသန့်ဥပဒေထုတ်ပြီး သံဃာတွေကို ထိန်းချုပ်စရာ မလိုပါ။ သို့သော် ရဟန်းဝိနည်းမလိုက်နာတဲ့အပြင် လူ့ဥပဒေကိုတောင် ချိုးဖောက်တဲ့ ရဟန်းသံဃာကိုတော့ ‘တရားဥပဒေအထက် မည်သူမှမရှိ’ ဆိုတာနဲ့ အရေးယူရမှာပဲ ဖြစ်ပါတယ်။ ရဟန်းက ရဟန်းအလုပ်၊ အုပ်ချုပ်ရေးပိုင်းက အုပ်ချုပ်ရေး အလုပ်၊ ပြည်သူက ပြည်သူအလုပ် ကိုယ့်ဥပဒေနဲ့ကိုယ် လုပ်ကြရင် လူ့အဖွဲ့အစည်း တည်ငြိမ်တိုးတက်ပါမယ်။ သံဃာအဖွဲ့အစည်းနဲ့ အုပ်ချုပ်ရေးအာဏာ ရောထွေးနေရင် လူ့အဖွဲ့အစည်းအကျိုးနဲ့ ပြည်သူ့အကျိုး ဆုတ်ယုတ်စေပါတယ်။

ပြီးခဲ့တဲ့ မေလမှာ ကျင်းပတဲ့ ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးမှာ သီတဂူဆရာတော်ကြီး လျှောက်ထားချက်များဟာ စိတ်ဝင်စားဖွယ်တွေ ပါပါတယ်။ ဆရာတော်ကြီးက ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတို့က ဗုဒ္ဒဘာသာအခြေအနေတွေင် တင်ပြပြီး မြန်မာနိုင်ငံသာသနာနဲ့ နှိုင်းယှဉ်ပါတယ်။ “အဲဒီနိုင်ငံတွေက သံဃာအဖွဲ့အစည်းတွေအထက်မှာ သာသနာရေးဝန်ကြီးဌာန မရှိဘူး။ ကနေ့ ပါတီစုံဒီမိုကရေစီနဲ့ သွားနေတဲ့ အချိန်ခါမှာ ဂိုဏ်းပေါင်းစုံညှိပြီး အဖွဲ့အစည်းပေါင်းစုံ လက်တွဲသွားရမယ်။ သည်းခံနားလည်ရမယ်။ မြတ်စွာဘုရားက ညီညွတ်ခြင်းရဲ့ အခြေခံအုတ်မြစ်ကို သည်းခံခြင်းတရားနဲ့ တည်ဆောက်ဖို့ ဟောထားလို့ သည်းခံခြင်းများစွာ၊ ခွင့်လွှတ်မှုပေါင်းများစွာနဲ့ပဲ ညီညွတ်ခြင်းကို တည်ဆောက်ယူကြရမယ်လို့ မိန့်ပါတယ်။

ဆရာတော်ကြီး မိန့်သလိုပဲ သာသနာ ညီညွတ်တိုးတက်ဖို့အရေးဟာ အစိုးရအာဏာစက်အောက်မှ သံဃာ့ အဖွဲ့အစည်းများ ကင်းရှင်းလွတ်မြောက်မှုအပေါ် တည်မီတယ်။ ဒါဟာ အနောက်နိုင်ငံတွေမှာ ဘာသာရေးနဲ့ အုပ်ချုပ်ရေး စည်းခြားမှု၊ ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှု (separation of church and state) မျိုးပါပဲ။ မြန်မာပြည်မှာ ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှု လိုအပ်နေပါတယ်။ ဒီနေရာမှာ အင်္ဂလန်နဲ့ အမေရိက တို့လို ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ ဘာသာရေး နိုင်ငံရေး စည်းခြားမှုကို သင်ခန်းစာယူကြည့်ဖို့ လိုပါမယ်။

ဥပမာ အမေရိကန်ကို ကြည့်ရင် လူထုကြား ဘာသာရေးယုံကြည်မှု အားကောင်းတာကို တွေ့ရပါမယ်။ အချို့ပြည်နယ်တွေဟာ အခုထိ အရက်သေစာသောက်စားမှုကို တင်းကြပ်ထားပါတယ်။ အမေရိကန်တွေရဲ့ ဘာသာရေးအားကောင်းမှုနဲ့ ပတ်သက်လို့ ၁၉ ရာစုမှာ အမေရိကပြည်ထောင်စုကို သွားရောက်လေ့လာတဲ့ စာရေးဆရာ အလက်ဇီး တော့ခ်ဗီး က ‘အမေရိကပြည်ထောင်စုမှာ ဘာသာရေး အင်စတီကျူးရှင်းတွေက ပထမတန်းစား အားကောင်းတဲ့ အင်စတီကျူးရှင်းတွေ ဖြစ်တယ်။ ဒီလို အားကောင်းရတဲ့ အကြောင်းက သူတို့ ဘာသာရေးအင်စတီကျူးရှင်းတွေဟာ အစိုးရအုပ်ချုပ်ရေးလက်တံအောက်က လွတ်လပ်ခွင့် ရှိကြလို့ ဖြစ်တယ်’ လို့ ရေးထားပါတယ်။ ဘာသာရေးလွတ်လပ်ခွင့် ရှိတဲ့အခါ ခရစ်ယာန်ဘာသာ ဂိုဏ်းကွဲအမျိုးမျိုးရှိပြီး၊ ဘာသာဝင်တွေအဖို့ ကျင့်ဝတ်အားကောင်းတဲ့ အသင်းတွေကို ပိုမိုရွေးချယ်နိုင်ပါတယ်။ ဒါကြောင့် သီတဂူဆရာတော်ကလည်း ထေရ၀ါဒမှာ ဂိုဏ်း ၉ ဂိုဏ်းအပြင် အခြား ဂိုဏ်းကွဲများကိုလည်း ပိုမိုလက်ခံပေးခြင်းအားဖြင့် ဘာသာရေး အဖွဲ့အစည်း ပိုမိုအားကောင်းလာနိုင်မယ်လို့ ဂိုဏ်းပေါင်းစုံ အစည်းအဝေးမှာ မိန့်ကြားပါတယ်။

မလိုတာဖျက်

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ တိုးတက်ဖို့နဲ့ အခြားဘာသာများနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ သာသနာပြုနိုင်ဖို့ အတွက် အရာရာချုပ်ကိုင်ထားတဲ့ သာသနာရေးဝန်ကြီးဌာနကို ဖျက်ပစ်ရပါမယ်။ မဟနဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်မှသာ ဘာသာဝင်တွေရဲ့ ကျင့်ဝတ်သီလတွေကို တည့်မတ်ထိန်းကြောင်း ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဘာသာဝင်တွေအပေါ် အုပ်ချုပ်သူရဲ့ ဖိနှိပ်မှုကို အကာအကွယ်ပေးနိုင်ပါလိမ့်မယ်။

ရှေးမြန်မာမင်းတွေက သူတို့ တရားဝင်မှုအတွက် သာသနာပြုခဲ့ကြပါတယ်။ အပြန်အလှန်အားဖြင့် သံဃာတွေက မင်းတွေအပေါ်မှီခိုအားထားပြုပြီး သင်္ဂါယနာတင်မှုအပါအ၀င် သာသနာဖြန့်ချဲ့ခဲ့ပါတယ်။ ဒီနည်းအာားဖြင့် မြန်မာနိုင်ငံမှာ ထေရ၀ါဒ အခြေကျလာခဲ့တယ်။သို့သော် ဒီနေ့အခါမှာ အုပ်ချုပ်သူအပေါ် မှီခိုအားထားခဲ့ရမှုကနေ ပြည်သူအပေါ် ပိုမိုအခြေပြုတဲ့ ဗုဒ္ဓသာသနာဖြစ်ဖို့ လိုအပ်လာပါတယ်။ အစိုးရ ထိန်းချုပ်မှုအောက်က ရုန်းထွက်ပြီး လွတ်လပ်တဲ့ ဘာသာရေး အင်စတီကျူးရှင်းတစ်ခုအဖြစ် ဘာသာဝင်တွေကို ဦးဆောင်ရပ်တည်ပြဖို့ အချိန်ကျပါပြီ။ အုပ်ချုပ်သူတွေရဲ့ မှားယွင်းကျူးလွန်မှုတွေကို အကာအကွယ်ပေးခြင်းနဲ့ တရားဝင်မှုပေးခြင်းတွေ စွန့်လွှတ်ရပါမယ်။

ဒီမိုကရေစီနိုင်ငံသစ်အတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါ မလိုအပ်တဲ့ဌာနပိုဆိုရင် ဖျက်သိမ်းပစ်ရပါမယ်။

ဒါကြောင့် မဟနအဖွဲ့ လွတ်လပ်လာဖို့နဲ့ မလိုအပ်တဲ့ သာသနာရေးဝန်ကြီးဌာန ဖျက်သီမ်းဖို့အတွက် သတိတရားရှိတဲ့ သံဃာအားလုံးနဲ့ အသိရှိတဲ့ ဘာသာဝင်တိုင်းက တောင်းဆိုရပါမယ်။

ရဲမြင့်ကျော်
The Messenger Journal, 8 Sep 2014

No comments: