Wednesday, September 10, 2014

ဆက်လက်၍ ရေငုံနှုတ်ပိတ်နေပါလျှင် ...

Aung Naing Moe's Status

သာမန်ပြည်သူများ တရားဥပဒေချိုးဖောက်လျှင် အရေးယူရန် "ကျမကိုယ်တိုင်" တိုက်တွန်းမည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်သည် အာဏာပိုင်များ ဥပဒေချိုးဖောက်လျှင်မူ မသိကျိုးကျင်ပြုနေတတ်သည်မှာ အင်မတန် အံ့သြဖွယ်ကောင်းသော အပြုအမူပင် ဖြစ်သည်။ ဒီပဲယင်းလူသတ်မှုကြီးတွင် ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံကြိုက်ခဲ့ရသူတဦးအနေဖြင့်လည်းကောင်း၊ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ အတိုက်အခံပါတီခေါင်းဆောင်တဦးအနေဖြင့်လည်းကောင်း၊ လွှတ်တော်အမတ်တဦးအနေဖြင့်လည်းကောင်း ဤရာဇဝတ်မှုကြီးကို တရားနည်းလမ်းကျ ဖြစ်စေရန် သူမ ဦးဆောင် ကမကထပြု၍ စုံစမ်းကြားနာ စစ်ဆေးရန် ဖိအားပေး လောဆော်သင့်ပေသည်။ ဒေါ်စုမှာ မသေဘဲ လွတ်လာသူဖြစ်ရာ သေဆုံးသူ၊ ဒဏ်ရာရသူများကိုယ်စား သူမက ဝင်ရောက် သင်ပုန်းချေပေးချင်၍ မရ။ ဒေါ်စု ပြောလေ့ရှိသည့် လူတိုင်းမှာ တာဝန်ရှိသည်ဆိုသည့် စကားအတိုင်း ဒေါ်စုကိုယ်တိုင် တာဝန်ကို ရှောင်လွှဲနေခြင်းမှာ မသင့်တော်။ ခေါင်းဆောင်လုပ်သူမှာ ပို၍ပင် တာဝန်ယူသင့်ပေသည်။ အခြားကိစ္စများတွင် (ဥပမာ ခြေဥ ပြင်သည့်ကိစ္စ) "ဘာကြောင့်မဖြစ်ရမှာလဲ။ မဖြစ်ဖြစ်အောင် လုပ်ရမှာပေါ့" ဟူသော အဖြေမျိုးကို ပြောတတ်သူ ဒေါ်စု အနေဖြင့် တရားဥပဒေစိုးမိုးရေးကြိုးပမ်းချက်တရပ်အနေဖြင့် ဒီပဲယင်း လူသတ်မှု၏ နောက်ကွယ်မှ တာဝန်ရှိသူများကို ထိုက်သင့်သော အပြစ်ဒဏ်ပေးနိုင်ရန် "ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျမတို့ မဖြစ်ဖြစ်အောင် လုပ်ရမှာပေါ့"ဟူသော စိတ်ဓာတ်အားမာန်မျိုးဖြင့် သက်ရှိထင်ရှားရှိခိုက်တွင် ကြိုးပမ်းပြစေလိုပါသည်။ သို့မဟုတ်ဘဲ ယခုကဲ့သို့ ဆက်လက်၍ ရေငုံနှုတ်ပိတ်နေပါလျှင် ရာဇဝတ်မှုကို ကူညီဖုံးဖိပေးရာရောက်သည်သာမက ဒေါ်စုသည် လူသတ်ကောင်တို့၏ အကျိုးစီးပွားကို ပြည်သူတို့၏ အသက်အိုးအိမ်အကျိုးစီးပွားထက်၊ တရားဥပဒေစိုးမိုးရေးထက်ပင် ရှေ့တန်းတင်လေသလောဟု မေးခွန်းထုတ်ဖွယ် ရှိပါသည်။

August 27

No comments: