Sunday, September 14, 2014

သီတဂူဆရာတော်ကြီးရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ကို တိုက်ရိုက်ပြောကြားခဲ့တဲ့ မိန့်ခွန်းအား ဝေဖန်ထောက်ပြ လျှောက်ထားချက်များ

Aung Kyaw Moe
(Yamoun Nar ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၁)

အခုတလော နာမည်ကြီးနေတဲ့ သီတဂူဆရာတော်ကြီးရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ကို တိုက်ရိုက်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို အင်္ဂလိပ်လို လေ့လာဖတ်ရှုခဲ့ပါတယ်။ http://thesitagu.org/index.php/news-info/announcement/444-2014-08-22-04-15-23

သီတဂူဆရာတော်ကြီးကို မေးမြန်းလျှောက်ထားချင်တဲ့ အချက်ကလေးတွေကို တွေ့ရပါတယ်။

((Therefore every religion has full responsibility for the removal of fear which is sticking on the mind of people. But, on the contrary, it is regrettable that a fearful religion and its followers emerged in the world.))

ဒီနေရာမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘာသာတရားတခုနဲ့ သူ့ရဲ့ နောက်လိုက်တွေ ကိုးကွယ်ယုံကြည်သူတွေလို့ အကုန်လုံးကို သိမ်းကျုံးပြီး ပြောသွားပါတယ်။ ဘယ်ဘာသာတရားကို ရည်ညွှန်းတယ်ဆိုတာ အောက်ဖက်မှာ ပါလာပါတယ်။ တပည့်တော် မေးချင်တာကတော့ ဒီလို အားလုံးကိုခြုံပြီး Hasty Generalization လုပ်သင့်ပါသလား အရှင်ဘုရား။ ဒီလိုလုပ်ခြင်းဟာရော အမုန်းပိုပွားစေမဲ့ အမုန်းစကား Hate Speech တခု ဖြစ်တယ်ဆိုတာ အရှင်ဘုရား လက်ခံပါသလား။

နောက် အောက်မှာ ဒီလို ပြောထားတာကို ထပ်တွေ့ပါတယ်။

((Buddhism appeared on the birth place of Hinduism and Jainism and peacefully coexisted with them for ages. There was no traceable history of bloodshed and conflict among them. Also there was no violence and quarrel even on the statement issued by the Hindus saying that the Buddha was an incarnation of God Vishnu))

ဗုဒ္ဓဘာသာဟာ ဟိန္ဒူတွေရဲ့မြေမှာ ပေါ်ခဲ့ပေမဲ့ ဒီ ဘာသာတရားတွေဟာ ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီလိုဆိုရင် တပည့်တော် မေးစရာရှိတာက မောရိယမင်းဆက်တွေ နောက်တက်လာတဲ့ ဆုန်ဂမင်းဆက်တွေဟာ ဟိန္ဒူဘာသာကိုးကွယ်သူတွေ ဖြစ်ပြီးတော့ ဗုဒ္ဓရဟန်းတော်တွေ အများအပြားသတ်ဖြတ်ခဲ့တယ်ဆိုတာ အရှင်ဘုရား သိပါသလား။

နောက်ပြီးတော့ မိဟိရကုလ ခေါ်တဲ့ ဟုဏ်းလူမျိုး ဟိန္ဒူဘာသာဝင် ဘုရင်တပါးဟာ ဗုဒ္ဓဘာသာဝင် သန်းချီပြီးသတ်ဖြတ်ခဲ့ဖူးတာ သီဟိုဠ်မှာ ဒုဋ္ဌဂါမဏိမင်းကြီးက စောဠလူမျိုး ဟိန္ဒူတွေကို သန်းချီသတ်ခဲ့တာ ဒီနေ့ခေတ်အထိ ဆင်ဟာလိ တွေနဲ့ တမီလ် ဟိန္ဒူတွေရဲ့ သွေးမြေကျ တိုက်ပွဲတွေကို အရှင်ဘုရား မသိခဲ့တာပဲလား ဘုရား။

.................................................................

သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၂)

နောက်ပြီးတော့ အရှင်ဘုရားက အခုလို ဆက်မိန့်တော်မူပါတယ်။

((Christian missions tried to flourish their faith when they came to the East Asian countries such as India, Sri Lanka, Myanmar, Thailand, Korea and Japan. The people of those countries were non-Christians. But, even after the arrival of Christianity also there was peaceful coexistence between Christians and non-Christians. No history of conflict can be traced to any side. ))

အရှေ့အာရှနိုင်ငံတွေကို ခရစ်ယာန်တွေ ရောက်လာပေမဲ့ ခရစ်ယာန်တွေနဲ့ ခရစ်ယာန် မဟုတ်သူတွေဟာ အတူတူ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအချက်ကရောဟုတ်ရဲ့လား မှန်ပါရဲ့လား အရှင်ဘုရား။

ဥပမာ= ၁၈၆၂ ခုနှစ်က သီဟိုဠ်မှာဖြစ်ခဲ့တဲ့ ပန်နဒူရ ဘာသာရေးတိုက်ပွဲအကြောင်း အရှင်ဘုရားလဲ ဖတ်ဖူးမှာပါ။ ဒီတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ အရှင် ဂုဏနန္ဒ မထေရ်ကြီးက ခရစ်ယာန်ဆရာတွေနဲ့ ဘယ်လို ငြင်းခုန်တိုက်ခိုက်ခဲ့ရတာတွေကစလို့ မြန်မာပြည်မလဲ လယ်တီနဲ့ ရွှေချိန်ခွင်တိုက်ပွဲတွေ ရှင်ဥက္ကဋ္ဌရဲ့ ကျောက်ကွင်း အရေးတော်ပုံတွေကစလို့ အခုနောက်ပိုင်းကာလအထိ ချင်းနဲ့ ကချင် တောင်တန်းဒေသတွေမှာ ဖြစ်ပေါ်နေခဲ့တဲ့ ဘာသာရေးအားပြိုင်မှုတွေကို အရှင်ဘုရား မသိချင်ယောင်ဆောင်နေတယ်လို့ ထင်မိပါတယ်။ ဒီကိစ္စကို တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေက ပိုပြီးသိရှိမယ်လို့ ထင်ကြောင်း လျှောက်ထားပါရစေ အရှင်ဘုရား။

နောက်တခုကတော့ သမိုင်းအချက်အလက်လေးတခုပါ။ ကလေးတွေ အမှတ်မမှားစေဖို့ပါ။ အနောက်တိုင်းမှာ ခရူးဆိတ်စစ်ပွဲ က နှစ် ၄၀ ဖြစ်တယ်လို့ အရှင်ဘုရားက အခုလို မိန့်ကြားပါတယ်။

(( Look at the Crusade that prolonged about forty years. It was recorded in the history of the world.))

ဒါမမှန်ပါဘူး။ ပထမ ခရူးဆိတ်က အေဒီ ၁၀၉၅ မှာ စဖြစ်ပါတယ်။ န၀မ ခရူးဆိတ် က အေဒီ ၁၂၇၂ အထိ ဖြစ်ပါတယ်။ ဒီမှာတင် နှစ် တရာကျော်မက ဖြစ်နေပါပြီ။ ဒီနောက်မှာ လဲ ၁၄-၁၅ ရာစုထဲ အထိ ခရူးဆိတ်တွေ ဆက်ဖြစ်ပါတယ်။ အနှစ် (၄၀) မဟုတ်ပါ။ မွန် မြန်မာ အနှစ် ၄၀ စစ်ပွဲနဲ့ အရှင်ဘုရား ရောထွေးပြောမိလေသလားလို့ တပည့်တော် တွေးဆကြည့်မိပါတယ် အရှင်ဘုရား။

........................................................

သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၃)

နောက်တနေရာမှာတော့ အရှင်ဘုရားက အခုလို ဆက်ပြောပြန်ပါတယ်။

((There was a recorded history that in the thirteenth century A.D, a Muslim army marched from Turkey through India and destroyed Pala Buddhist dynasty and converted it into Islamic state. Pala Buddhist dynasty was none other than present Bangladesh.))

အေဒီ ၁၃ ရာစု မှာ တူရကီ မွတ်စလင် စစ်တပ်ကြီးကြောင့် ဗုဒ္ဓဘာသာဝင် ပါလ မင်းဆက် ပျက်သုဉ်းရတယ် အားလုံးကို အစ္စလာမ်ဘာသာနိုင်ငံ ဖြစ်အောင် လုပ်ပစ်တယ်လို့ အရှင်ဘုရားက ပြောပါတယ်။ ဒီမှာ တပည့်တော် ဟိုက်ကနဲကို ဖြစ်သွားရပါတယ်။

ပါလ မင်းဆက်တွေအကြောင်းကို တပည့်တော် သပ်သပ်ရေးပါဦးမယ်။ မဟာယာန ဗုဒ္ဓဘာသာသမိုင်းအတွက် အလွန်အရေးကြီးလို့ပါပဲ။ ဒါပေမဲ့ အရှင်ဘုရားသမိုင်းကို မကျေညက်တာ အတော်လေး ထင်ရှားလို့နေပါတယ်။ ဘင်္ဂလားဒေရှ်က အလယ်တန်းကျောင်းသားလေးတွေကို မေးရင်တောင် ပါလမင်းဆက် ဘယ်လိုပျက်သုဉ်းရသလဲဆိုတာ အရှင်ဘုရားကို သူတို့ ပြောပြပါလိမ့်မယ်။

ပါလမင်းဆက်တွေဟာ အေဒီ ၇၅၀ လောက်ကနေပြီးတော့ အေဒီ ၁၀၂၃ လောက်အထိ တောက်ပခဲ့ပါတယ်။ ပါလမင်းဆက် ပျက်သုဉ်းရတာဟာ တူရကီတွေကြောင့် မဟုတ်ပါဘူး။ တောင်ပိုင်းက စောဠဟိန္ဒူဘုရင်တွေ တိုက်ခိုက်လို့ ပါပဲ။ ၀ိကြမဒိတျ ဆိုတဲ့ ချာလုကျအင်ပိုင်ယာ မင်းဆက်ရဲ့ ထိုးနှက်မှုကြောင့် ပါလတွေ ဆုံးခန်းတိုင်ခဲ့တယ်။ သူတို့ နောက်မှာ သေန မင်းဆက်တွေ အုပ်စိုးတယ်။ သေနမင်းဆက်ကို ထူထောင်တဲ့ ဗီဂျေဆန် ဟာ နောက်ဆုံးပါလဘုရင် မာဒါနပါလ ကို အေဒီ-၁၁၆၂ ခုနှစ် မှာ ကွပ်မျက်ပြီးတော့မှ ဟိန္ဒူ သေန မင်းဆက်ကို တည်ထောင်ခဲ့တဲ့ အကြောင်း အရှင်ဘုရား သမိုင်းကို ပြန်လည်လေ့လာသုံးသပ်ဖို့ လျှောက်ထားပါရစေ အရှင်ဘုရား။ သမိုင်းအချက်အလက် အမှားတွေနဲ့ လူတွေ ရဲ့ အမုန်းမီးတောက်တွေကို သွေးမထိုးပေးစေချင်ပါဘူး အရှင်ဘုရား။

...........................................

သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက် (၄)

အဲဒီနောက်မှာတော့ အစွန်းရောက် အစ္စလာမ် ဆိုသူတွေကို အရှင်ဘုရားက အခုလို ဝေဖန်ခဲ့ပါတယ်။

((Every religion, according to me, should perform its activities only for the good and welfare of the people. But, today, Islamic extremists are trying to establish Islamic states by waging war against non-Muslims. It is regrettable that they are performing the holy war (Jihad) on the name of God.))

ဒီကနေ့မှာ အိုင်ဆစ် (ISIS) လို အစွန်းရောက် အစ္စလာမ် ဆိုသူတွေကို အစ္စလာမ်ဘာသာဝင်တွေ အပါအ၀င် တကမ္ဘာလုံးက မျက်မုန်းကျိုးနေကြပါပြီ။ သူတို့ရဲ့ လူမဆန်တဲ့ အစ္စလာမ်တရားတော်နဲ့ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေအပေါ် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေလဲ နှစ်သက်လိမ့်မယ်လို့ တပည့်တော် မမြင်ပါဘူး။

ဒါပေမဲ့ ဒီ အစွန်းရောက် အစ္စလာမ်ဆိုသူတွေဟာ အစ္စလာမ် မဟုတ်သူတွေကိုတင် သတ်ဖြတ်နေတာ မဟုတ်ပါဘူး။ သူတို့နဲ့ သဘောမညီမျှတဲ့ အစ္စလာမ်ဘာသာဝင်တွေကိုလဲ သူတို့ သတ်နေတာပါပဲ။ ဒီလို ဘာသာရေးအစွန်းရောက်မှုမျိုးကိုတော့ ယဉ်ကျေးတဲ့လူသားတိုင်းလက်ခံ လိမ့်မယ်လို့ မထင်ပါဘူး။

အစွန်းရောက် အစ္စလာမ် ဆိုသူတွေကြောင့် အစ္စလာမ်ဘာသာဝင်မှန်ရင် အတူတူပဲ ကြောက်စရာကောင်းတယ်ဆိုတဲ့ ၀ါလုံးရှည်နဲ့ ရမ်းတဲ့ အမြင်မျိုးကို ပြည်သူတွေခေါင်းထဲ ထည့်မပေးချင်ပါဘူး အရှင်ဘုရား။

နောက် အရှင်ဘုရားက ကုလားမှန်ရင် အာဖရိက က ကျွန်တွေလိုကောင်တွေပဲလို့ အခုလို သွယ်ဝိုက်ပြီး ပြောဆိုပါတယ်။

((Many Africans were imported as slaves when the United States of America was established. In the same way, the English rulers illegally imported labourers from India and Bangladesh to Myanmar for the hard labour during their rule.))

ဒီနေရာမှာ အချက် ၂ ခု က မှားနေတယ်။ အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်ကို ရောက်လာတဲ့ ကုလားတိုင်းဟာ အလုပ်သမားတွေချည်းပဲ မဟုတ်ပါဘူး။ လူတန်းစား အသီးသီးက ပါ ပါလိမ့်မယ်။ လယ်မြေဧက ၁၂ သန်းလောက်ကို ထုတ်ဖော်ခဲ့တဲ့ ဂျမား လို မွတ်စလင်ကုလားတွေ လယ်ပိုင်ရှင် ငွေတိုးချေးတဲ့ ချစ်တီး ကုလားတွေကအစ အခြား အတတ်ပညာရှင်နဲ့ အစိုးရ၀န်ထမ်းတွေလဲ များစွာ ပါ ပါလိမ့်မယ်။ မြန်မာပြည်ကို အရှေ့ အိန္ဒိယကုမ္မဏီ ကသိမ်းပိုက်ပြီး အိန္ဒိယတိုက်ငယ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်နေတာမို့ သူတို့ ရောက်လာတာဟာ တရားမ၀င်ရောက်လာတာ the English rulers illegally imported လို့ မပြောနိုင်ပါဘူး အရှင်ဘုရား။

...........................................................

သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၅)

ဒီလိုနဲ့ တပည့်တော် အရှင်ဘုရားရဲ့ မိန့်ခွန်း ကို ဆက်ဖတ်ရင်း အောက်က စာပိုဒ်ကို တွေ့မြင်ရတော့ အသက်ရှုတောင်ရပ်သွားမတတ် ဖြစ်ရပါတယ် ဘုရား။

အရှင်ဘုရား လို ငြိမ်းချမ်းရေးကို တွင်တွင်ပြောဆိုနေတဲ့ သူတယောက်ရဲ့ နှုတ်ဖျားကထွက်တဲ့ စကားမှ ဟုတ်ပါလေစရယ်လို့ တပည့်တော် ခေါင်းနပမ်းကြီးမိပါတယ် ဘုရား။ ဒီစာပိုဒ်လေးပါပဲ ဖတ်ကြည့်တော်မူပါ။

((There is also another bad consequence caused by English colonial rule. During hundred years of British rule, Burmese nationals were not formed as an army. But it was ridiculous that the English rulers administered Myanmar forming different groups of indigenous minorities as an army. When the British rulers went back to England, the minority groups revolted against the Burmese government. We cannot solve those problems until today. These are the natural sufferings faced by the colonial countries.))

ကိုလိုနီ အင်္ဂလိပ်တွေရဲ့ လက်အောက်မှာ တိုင်းရင်းသား ((ခရစ်ယာန်တွေ)) ကို စစ်တပ်ဖွဲ့ပေးတယ် လက်နက်တပ်ဆင်ပေးတယ်။ ဗမာ ((ဗုဒ္ဓဘာသာဝင်တွေ)) ကိုတော့ တပ်ဖွဲ့ခွင့်မပေးခဲ့ဘူး။ ဒါကြောင့် အုပ်စိုးသူ အင်္ဂလိပ်တွေ မရှိတော့တဲ့အခါ လူနည်းစုတိုင်းရင်းသားတွေက ဗမာအစိုးရကို လက်နက်ကိုင် ပုန်ကန်တယ် ဒီနေ့အထိ ဒီပြသနာကို ရှင်းလို့ မပြီးသေးဘူးလို့ ဆိုလိုပါတယ်။

အရှင်ဘုရားရဲ့ မူရင်းစကားထဲမှာ ခရစ်ယာန်လို့ မပါပေမဲ့ မြန်မာဘာသာပြန်ထဲမှာတော့ ပါလာခဲ့တယ်။ ဒီတော့ ရှေ့က ပြောခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာဝင်တွေ မြန်မာပြည်မှာ ငြိမ်းချမ်းစွာ အတူနေကြတယ်ဆိုတဲ့ အရှင်ဘုရားရဲ့ အဆိုကို ပြန်ပြီး နင်းချေဖျက်ထားတာ ရှေ့နောက် ယုတ္တိ မညီတာကို တပည့်တော် တွေ့မြင်ရပါတယ် ဘုရား။

ဒါတွေက သမိုင်း အမှန်တရားတွေပါ။ တိုင်းရင်းသားတွေ ဖက်ကလဲ ပြောစရာတွေ များစွာ ရှိနေပါလိမ့်မယ်။ ပြသနာက အခု မြန်မာနိုင်ငံတခုလုံးဟာ သီပေါမင်းလက်အောက်မှာ မရှိခဲ့ ကုန်းဘောင်မင်းတွေအောက်မှာ မရှိခဲ့ပဲ အင်္ဂလိပ်က သီးခြား စစ်နိုင်စာချုပ်တွေနဲ့ နေမ၀င်အင်ပါယာထဲ သိမ်းသွင်းခဲ့ရလို့ ပါပဲ။ ပင်လုံစာချုပ်နဲ့ လွတ်လပ်ရေးယူပြီးတဲ့ နောက် တန်းတူအခွင့်အရေးမရလို့ တိုက်ကြတာပါပဲ။

ဒါကို ဘာသာရေး ဇောင်းဖက်ဆွဲပြီး အရှင်ဘုရား မိန့်ကြားခဲ့တာကတော့ တိုင်းရင်းသားတွေအကြား အမုန်းတရားတွေ ပိုလို့ပွားစေမဲ့စကားလို့ တပည့်တော် သတိပေးလျှောက်ထားပါရစေ ဘုရား။

ထေရ၀ါဒ ဗုဒ္ဓဘာသာဘုန်းကြီးတပါးအနေနဲ့ မိမိ ဘာသာတရားကို ဗဟိုပြုပြီးစဉ်းစားတာ တိုးတက်စေချင်တာ အပြစ်မဆိုသာပေမဲ့ အတိတ်သမိုင်း သမိုင်းနောက်ကြောင်းလှန်ပြီး ရန်တွေကို အသစ်ဖြစ်အောင် မဆွစေချင်ပါဘူး အရှင်ဘုရား။ ဒီလိုသာ လှန်ကြစတမ်းဆို ရခိုင်တွေ မွန်တွေ ရှမ်းတွေအတွက်လဲ ပြောစရာတွေ အများကြီး ရှိလာပါလိမ့်မယ်။

နောက်ပိုင်းမှာ အရှင်ဘုရား ဆက်လက်မိန့်ကြားတာတွေ ကတော့ အစ္စလာမ်ဘာသာကို ပစ်မှတ်ထားပြီးတော့ အစ္စလာမ်ကမ္ဘာက မီဒီယာတွေကို ငွေနဲ့ပေါက် ၀ယ်ယူပြီးတော့ မြန်မာပြည်ကို အပုပ်ချနေတဲ့ အကြောင်းတွေပါပဲ။ ဒါတွေက မှန်ချင် မှန်ပါလိမ့်မယ်။ တပည့်တော်ရဲ့ အမြင်ကတော့ ဒီအတွက်တော့ ဒီအချက်ကိုထောက်ပြီး ပြည်တွင်းနေ ဘာသာဝင်တွေ အချင်းချင်း မုန်းဖို့အတွက်တော့ နှပ်ကြောင်းမပေးစေချင်ပါဘူး။ အရှင်ဘုရားမိန့်ခဲ့သလိုပဲ တပည့်တော်တို့ တိုင်းပြည်က နုနု မှာ ဘာသာရေးပဋိပက္ခတွေရဲ့ မုန်တိုင်းတွေက ထန်ထန်မို့ ဘာသာရေး အစွဲမဖက်ဘဲ နိုင်ငံသူ နိုင်ငံသားအားလုံး ဘာသာလူမျိုး မခွဲခြားဘဲ မေတ္တာတရားနဲ့ တည်ဆောက်ကြမှသာ အရာရာ အေးချမ်းအောင်မြင်ပါလိမ့်မယ်လို့ တပည့်တော် လျှောက်ထား ပါရစေ အရှင်မြတ်ဘုရား။

.....................................................................

သီတဂူဆရာတော်ကြီးထံ လျှောက်ထားချက်တွေကို ကျွန်တော် ရေးသားတဲ့အခါ ထောက်ခံကြိုဆိုတဲ့သူတွေ Like and Share လုပ်တဲ့ သူတွေ အတော်များများ ရှိပါတယ်။ အဲဒီ မိတ်ဆွေ တွေ အားလုံးကို ကျွန်တော် လေးစားစွာဖြင့် ကျေးဇူးတင်ပါတယ်။ ကိုယ့်တင်ပြချက်ကို အားပေးထောက်ခံမှုရတဲ့ အခါ ကျေနပ်နှစ်သက်တတ်တာ သာမန်လူသားတွေရဲ့ သဘာဝမို့ သာမန်လူသားတယောက်မျှသာ ဖြစ်တဲ့ ကျွန်တော်လဲ ကျေနပ်မှုဖြစ်တာ မဆန်းပါ။

ဒီလို တင်ပြချက် ကို မနှစ်သက်တဲ့ သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေလဲ ရှိပါတယ်။ ဒါလဲ လူ့ သဘာဝမို့ ဆန်းတယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဝေဖန်ချက်တွေ က အကြောင်းအရာအပေါ် ဝေဖန်တာထက် ဒီလူ ဘာပဲ ညာပဲ ဆိုတာမျိုး ပြောတာတွေက များပါတယ်။

ဝေဖန်ချင်တဲ့ မိတ်ဆွေတွေကို ကျွန်တော် ထောက်ပြချင်တာကတော့ ကျွန်တော့် ဝေဖန်ချက် တင်ပြလျှောက်ထားချက်ဟာ သီတဂူဆရာတော်ကြီးကို ဝေဖန်တာ မဟုတ်ပါဘူး။ သီတဂူဆရာတော်ကြီးရဲ့ မိန့်ခွန်းနဲ့ ပြောဆိုချက်တွေထဲမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေကို ဝေဖန်တာပဲ ဖြစ်ပါတယ်။ ဒီလို အကြောင်းအရာမျိုးကို သီတဂူဆရာတော် မဆိုထားနဲ့ ရှင်တော်ဗုဒ္ဓကိုယ်တိုင် ကြွလာပြီး ဒီလိုအတိုင်း ပြောတယ်ဆိုရင်လဲ ဒါတွေကို ဝေဖန်ဆန်းစစ်ထောက်ပြရမှာ ပါပဲ။ ဗုဒ္ဓဘာသာဟာ ဝေဖန်ဆန်းစစ်မှုကို အထွဋ်အမြတ်ထားတဲ့ ဘာသာတရားဖြစ်လို့ ကျွန်တော်ကိုယ်တိုင်ကလဲ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လို့ပါပဲ။

တချို့ ကလဲ ထင်ကြတယ်။ ကျွန်တော်က ထေရ၀ါဒီတွေအပေါ်မှာ အမြင်မကြည်လင်လို့ ဒီလို ရေးတယ်လို့ ဆိုချင်ကြတယ်။ သူတို့ကို ကျွန်တော် မေးချင်ပါတယ်။ အထင်ကရ ဆရာတော်ကြီးတွေဖြစ်တဲ့ မဟာဗောဓိမြိုင် သာမညဆရာတော် အရှင်ဆန္ဓာဓိက ဦးဇောတိက စတဲ့ ဆရာတော်တွေကို ကျွန်တော် ဝေဖန်ပြောဆိုဖူးပါသလား။ ကိုယ့် တရားနဲ့ ကိုယ် အေးချမ်းစွာနေကြတဲ့ သူတော်ကောင်းတွေကို ကျွန်တော် တိုက်ခိုက်မောင်းမဲဖူးပါသလား။ ကျွန်တော်ဟာ ဂိုဏ်းဂဏ အစွဲ မထားတဲ့ ရိုးရိုးဗုဒ္ဓဘာသာဝင်တယောက်သာ ဖြစ်လို့ ဗုဒ္ဓဘာသာသူတော်စင်တိုင်းကို လေးစားပါတယ်။ ဘာသာရေး ဗဟုဝါဒီတယောက်မို့ မိမိနဲ့ ကိုးကွယ်ယုံကြည်မှုမတူတဲ့ အခြားဘာသာတရားတွေကိုလဲ တန်းတူတန်ဖိုးထားလေးစားပါတယ် ဆိုတာ ပြောပါရစေ။

သီတဂူဆရာတော်ကြီးထံ လျှောက်ထားချက်တွေကို ရေးတာဟာ ဆရာတော်ရဲ့ ဘာသာရေးယုံကြည်ချက် ဂိုဏ်းဂဏ ရပ်တည်ချက်တွေနဲ့ မဆိုင်ပါဘူး။ ဆရာတော်ရဲ့မိန့်ခွန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့ အမုန်းစကား Hate Speech ဖြစ်နေတဲ့ အတွက် တင်ပြလျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဘာသာမတူသူတွေ အချင်းချင်း တိုင်းရင်းသားလူမျိုးကွဲတွေ အချင်းချင်း ပိုလို့ ရန်မီးပွားစေနိုင်တဲ့ စကားတွေမို့ပါပဲ။ ၂၀၁၃ နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမီးတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ အနာတောင်မကျက်သေးပါဘူး။ ဒါကြောင့် ပညာရှိသော်လည်း သတိဖြစ်ခဲ ပြောမိရင်လဲ ပြန်လည်သုံးသပ်နိုင်ဖို့ လျှောက်ထားရခြင်းပဲ ဖြစ်ပါတယ်။

နောက်တချက်က လူတွေ အထူးသဖြင့် လူငယ်တွေကို နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ပြောစကားနဲ့ ပါးစပ်မှာတင် လမ်းဆုံးမနေဘဲ ကိုယ်တိုင် အမှန်တရားကို ရှာဖွေ စေချင်တယ်။ နိုင်ငံခြား ဘာသာစကားတွေကို သင်ယူလေ့လာပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သုတေသန လုပ်စေချင်တယ်။ ဘာသာရေးနဲ့ ပတ်သက်လာရင် ဘုန်းကြီးပြောသမျှ မော်လ၀ီဆရာပြောသမျှ ခေါင်းညိမ့်လက်ခံရတဲ့ ခေတ်မျိုးက ကုန်ခဲ့ပြီလို့ ထင်ပါတယ်။ လူငယ်တွေ ကြိုးစားကြပါ။ သုံးသပ်ဝေဖန်ဆန်းစစ်ကြပါ။ ဒီအတွက် ဦးတည်ချက်နဲ့ပဲ ကျွန်တော် ရေးခဲ့တာပါ။

သီတဂူဆရာတော်ကြီးကို ပုဂ္ဂိုလ်ရေးအရ ကျွန်တော် အလွန်ကြည်ညိုပါတယ်။ ဗုဒ္ဓဘာသာပညာရေးကို တခေတ်ဆန်းခဲ့တဲ့သူ ပရဟိတလုပ်ငန်းတွေကို အောင်မြင်စွာဦးဆောင်နေသူ သီလဂုဏ် သမာဓိဂုဏ် ကြီးမားတဲ့ မြန်မာဆရာတော်ကြီးတပါးအဖြစ်နဲ့ ကျွန်တော် အမြဲ လေးစားဂုဏ်ယူလျှက်ပါ။ ဆရာတော်ကြီးကို တန်ဖိုးထားမိတဲ့အတွက်လဲ ဒီလျှောက်ထားချက်တွေကို ရေးခဲ့ရခြင်းဖြစ်တယ်ဆိုတာကို တင်ပြပါရစေ ခင်ဗျား။

အောင်ကျော်မိုး
(Aung Kyaw Moe ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါတယ်)

No comments: