Wednesday, September 10, 2014

လူမလေး ခွေးမခန့် ခရိုနီခြေမှုန်းရေး

Aungmyo Tun's Status

(၁)
ဒီနေ့ အတွက် မိုးဟိန်းဂျာနယ်ကို လက်တဖျစ်စာမျှ ကြိုဆိုရမယ့်အကြောင်းက စစ်သူရဲဗလမင်းထင်ရဲ့ “လေဆန်မှာမြားတန်းလန်းနဲ့ ..” ဆောင်းပါးတပုဒ်မှာ စစ်ခရိုနီတွေကို “ငါမနိုင်သားများ”အဖြစ် ၀န်ခံလိုက်ရခြင်းဖြစ်ပါတယ်။ “ငါတို့ တိုက်လေ ဒင်းတို့ ထွားလာလေ”ဆိုတဲ့ ပကတိ အခြေအနေမှန်ကို လက်ခံလိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဆောင်းပါးထဲက စာအချို့ ကို မြည်းကြည့်ဖို့ အောက်မှာ ကောက်နုတ်ပေးလိုက်ပါတယ်။

... ကျုပ်တို့ ကသာ “မင်းတို့ ခရိုနီတွေ ဘင်္ဂလားပင်လယ်အော်ထဲကိုသာ ခုန်ချကြပေတော့”လို့  ဟစ်ကြွေးနေတာ။ ခရိုနီတွေ ကြားတာက “အင်းလျားကန်စပ်မှာ၊ ငပလီကမ်းခြေမှာ အပန်းဖြေကြတော့”လို့  ကြားနေမှာဗျ။

... ခရိုနီဆန့် ကျင်ရေးတိုက်ပွဲဟာ ဘုန်းကြီးတစ္ဆေနဲ့ တူနေတယ်ဗျ။ လူတွေက “ဟေတုပစ္စယော”လို့  ရွတ်လိုက်ရင် ဘုန်းကြီးတစ္ဆေက “အာရမ္မဏပစ္စယော”လို့ ကြိုပြီးတောင် ရွတ်လိုက်သေးတယ်။ လူတွေက “အဓိပတိပစ္စယော”လို့  ရွတ်လိုက်ရင် ဘုန်းကြီးတစ္ဆေက “အနန္တရပစ္စယော”လို့  ကြိုပြီးရွတ်လိုက်တယ်။ ဘယ်လိုမှ ရွတ်ဖတ်ပြီး မောင်းထုတ်လို့ မရဘူးဖြစ်နေတယ်။

... ကျုပ်တို့ က “တေဇဘဏ်မှ နေ၀င်းဘဏ်သို့ ”လို့  ရေးလိုက်ရင် အာဏာရှင်ဟောင်းကြီး မြေးသုံးယောက်က ရန်ကုန်မြို့  ဝေဇယန္တာလမ်းတလျောက် အမြန်ယာဉ်လိုင်း BRT စနစ် ပြေးဆွဲခွင့်လိုင်စင် ရသွားလိုက်ဗျ။

... ကျုပ်တို့ က “အမေရိကန်အစိုးရမှ မျက်စေ့ဒေါက်ထောက်ကြည့်နေသော ဦးတေဈ (ဦးတေဇ)၏ ခြေလှမ်းများ”လို့  ရေးလိုက်ရင် ဦးတေဈက မြန်မာ့စာနယ်ဇင်းနှင့် မီဒီယာ ဖွံ့ ဖြိုးရေးအတွက် သတင်းမီဒီယာဖောင်ဒေးရှင်း ထူထောင်ရန် ဒေါ်လာငွေတစ်သန်း လှူဒါန်းမတည်မယ် ဖြစ်သွားရောဗျ။

... ကျုပ်တို့ က မြန်မာတပြည်လုံးကို “လည်မြိုနင်း ၀ါးမြိုနေသော ဘိန်းခရိုနီ ထွဏ်းမြင့်နိုင် (ထွန်းမြင့်နိုင်)”လို့ ရေးလိုက်တယ်။ သိပ်မကြာဘူး။ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ မှာ ကျင်းပပြုလုပ်သော အရှေ့ တောင်အာရှ စီးပွားရေးဝန်ကြီးများ အစည်းအဝေးလိုနေရာမျိုးကို မစ္စတာလူပင်ဇောင်း ဆိုတဲ့ တရုတ်ပြည်ပတ်စ်ပို့ နဲ့ ဘိန်းခရိုနီဦးထွဏ်းမြင့်နိုင်က ခပ်တည်တည်နဲ့ တက်ရောက်တဲ့ အနေအထားမျိုးတွေ ဖြစ်ကုန်တာဗျ။

... ခရိုနီဆန့် ကျင်ရေးတိုက်ပွဲမှာ တပ်မတော်အင်အားစုတွေ ပါမလာသေးဘူးဗျ။ နောက်ထပ်အရေးကြီးတဲ့ အင်အားစုကတော့ နိုင်ငံရေးခေါင်းဆောင်အများစုက ပြတ်ပြတ်သားသားနဲ့ ထဲထဲဝင်ဝင် မပါလာသေးဘူးဆိုတာ တွေ့ ရတယ်ဗျ။ ခရိုနီဆန့် ကျင်ရေးဆိုတာကို ကျုပ်တို့ က မလိုအပ်ဘဲ မယောင်ရာ ဆီလူးနေတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်နေတာဗျ။ သူတို့ တိုက်နေတဲ့တိုက်ပွဲကမှ တကယ့်တိုက်ပွဲ။ ကျုပ်တို့ တိုက်နေတာက မလိုအပ်ဘဲ မဖြစ်နိုင်ဘဲလုပ်နေတဲ့ ပုံစံမျိုးနဲ့ ကျုပ်တို့ ကို ကြည့်နေတာဗျ။ သူတို့ တိုက်နေတဲ့ တိုက်ပွဲပုံစံကိုဘဲ ထောက်ခံချင်ရင်ထောက်ခံ။ မထောက်ခံရင် ကျန်တဲ့တိုက်ပွဲကို သူတို့ တော့ မပါနိုင်ဘူး။ သူတို့ အသိအမှတ်ပြု ထောက်ခံမှုမပါရင် ဘယ်လိုတိုင်းပြည်နဲ့ လူထုအကျိုးရှိတဲ့ တိုက်ပွဲဘဲဖြစ်ဖြစ် ကိုယ့်သဘောနဲ့ ကိုယ်တိုက်ကြ၊ မပါဘူး၊ မထောက်ခံဘူးဆိုတဲ့ အပေါက်ဗျ။ ကျုပ်တို့ ကသာ အသံကုန်တော့မယ်။ လည်ချောင်းကွဲပြီး ကင်ဆာဖြစ်ခါနီးနေပြီ။ သူတို့ က ခရိုနီတွေနဲ့ တိုးတိုးတိတ်တိတ် ညစာအတူစားနေတာဗျ။

... ခရိုနီတွေနဲ့ ညစာအတူတူစားလို့  ခရိုနီတွေကို မတိုက်ဘဲ မဆန့် ကျင်ဘဲ၊ ခရိုနီတွေ အသက်ရှည်ကျန်းမာလို့ ကျုပ်တို့ မြန်မာပြည်ကြီး အမြန်ဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သွားမယ်ဆိုရင်၊ ပြည်သူ့ ဘ၀တွေ လွတ်မြောက်သွားမယ်ဆိုရင် ခရိုနီတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ညစာစားနေတဲ့ပွဲမှာ ကျုပ်တို့ က ဇက်ကြောလေးပါ ၀င်ဆွဲပေးလိုက်ချင်ပါတယ်။ စားပြီးသားပန်းကန်တွေ ၀င်တောင်ဆေးပေးလိုက်ချင်ပါတယ်။ အိမ်အပြန် ကားပေါ်ကို ဂုံးပိုးပြီးတောင် လိုက်ပို့ ပေးချင်တယ်ဗျ။ ဘာပဲလုပ်ရလုပ်ရ ဒီမိုကရေစီသာရမယ်ဆိုရင် လုပ်ပေးမယ်ဗျို့ ။ အခုဟာက ဒီမိုကရေစီရဖို့ နေနေသာသာ၊ ဒီနေ့ အချိန်မှာ တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို ခရိုနီတွေက အိတ်ထဲ ဒေါ်လာတစ်ဘီလီယံလောက် ထည့်ထည့်သွားပြီး လူထုကိုကျတော့ လူမြင်ကောင်းအောင် ကျပ်သိန်းတစ်ရာလောက် လှူဒါန်းပြနေတာဗျ။ ဒင်းတို့ လှူတဲ့ ကျပ်သိန်းတစ်ရာဘဲမြင်ကြတာ၊ သူတို့ အိတ်ထဲထည့်သွားတဲ့ ဒေါ်လာတစ်ဘီလီယံကိုတော့ ဘယ်သူမှမသိလိုက်ဘူး။ ခေါင်းဆောင်ကြီးတွေ၊ လူကြီးတွေကိုတော့ သူ့ နှုန်းနဲ့ သူတော့ ရှိမှာပေါ့ဗျာ။ ကျုပ်တို့ ငယ်ငယ်ကကြားဖူးတဲ့ ကျောင်းသားဆို ကျောင်းသားဈေး၊ ကုန်သည်ဆို ကုန်သည်ဈေး ဆိုတာမျိုး ရှိမှာပေါ့ဗျာ။ အဲဒီတော့ ခေါင်းဆောင်ဆိုတော့လည်း ခေါင်းဆောင်ဈေးဖြစ်မှာပေါ့ဗျာ။

... ဒါကြောင့် ဥပါယ်တမျဉ်နဲ့  ကျောင်းသားခေါင်းဆောင်တွေ၊ စာနယ်ဇင်းမီဒီယာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေဆီကို သူတို့ လူယုံတွေ၊ လူရင်းတွေလွှတ်ပြီး ဘက်ပေါင်းစုံက ၀င်လုံးထွေးနေတာဗျ။ သူတို့ ထောက်ပံ့စွန့် ကြဲတာကတော့ သူတို့ အတွက် ကွမ်းယာဖိုး၊ ဆေးလိပ်ဖိုးလောက်ပါဗျာ။ ကျုပ်တို့ ဘက်မှာတော့ ခရိုနီတွေကို လောလောဆယ်မှာတိုက်ဖို့ ၊ ဆန့် ကျင်ဖို့ က အရေးတကြီးကိစ္စမဟုတ်ဘူး။ ခရိုနီတွေရဲ့ ငွေကို အသုံးချပြီး ဒီမိုကရေစီရအောင်လုပ်ရမယ်ဆိုတဲ့ အင်မတန်မှားယွင်းတဲ့၊ ချွတ်ခြုံကျတဲ့ မဟာအတွေးအခေါ်တွေနဲ့  နိုင်ငံရေးခေါင်းဆောင်တွေတောင် ရှိနေပြီဗျ။

(၂)
ဒီနေ့ ထုတ် အာရှအလင်း (သူရိယအလင်း)ဂျာနယ်မှာ စစ်သူရဲဗလမင်းထင်ရဲ့ ဗမာပြည်က ခရိုနီဆန့် ကျင်တိုက်ဖျက်ရေးလုပ်ငန်း အဟောသိကံဖြစ်နေကြောင်း ရည်ရွယ်ရေးသားတဲ့ “လေဆန်မှာမြားတန်းလန်းနဲ့  ပျံသန်းနေရတဲ့ သူရိယနေ၀န်း-အာရှအလင်း”” ဆောင်းပါးတပုဒ်ကိုဖတ်လိုက်ရတယ်။ မိတ်ဆွေဖြစ်သူ ထွားကြီး တာဝန်ခံအယ်ဒီတာ လုပ်နေတဲ့ မိုးဟိန်းဂျာနယ်နဲ့ ပတ်သက်ပြီး ဝေဖန်တဲ့စာများ အွန်လိုင်းမှာ အတော်အသင့် ရေးခဲ့ပြီးပါပြီ။ ဂျာနယ်အသစ်တစောင်ထုတ်ဖို့ တာစူနေတဲ့ သူငယ်ချင်းတယောက်ရဲ့ အပြောအရ မိုးဟိန်းဂျာနယ်ဟာ အရင်လို မဟုတ်တော့ဘဲ စောင်ရေကျဆင်းသွားပြီဆိုပေမယ့် စနေနေ့ ရောက်တိုင်း သူရိယအလင်းဂျာနယ်ကို လမ်းသွားလမ်းလာတွေရဲ့ လက်ထဲမှာ တွေ့ နေရဆဲပါ။

မိုးဟိန်းတယောက် ပြည်တွင်းမှာရှိနေစဉ်ကလည်း သူနဲ့ တွေ့ ဆုံခွင့်ရခဲ့ပြီး သူရိယအလင်းရဲ့  နိုင်ငံရေးရပ်တည်မှုကို ကြိုက်နှစ်သက်မှုမရှိကြောင်း ပွင့်လင်းစွာ ပြောဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ပြည်တည်အနာ အောက်တည့်တည့်က အမြစ်ကို ခွဲစိပ်နှိုက်ထုတ်ယူဖို့ မကြိုးစား၊ အမြစ်ကိုဖောက်ထုတ်ကြဖို့  ဆော်သြမှုမရှိဘဲ မန်းဆေးလိမ်း၊ အယောင်လျော့ဆေးသောက်၊ အကိုက်အခဲပျောက်ဆေးငုံတဲ့ အဆင့်မှာတင် တ၀ဲဝဲလည်နေတဲ့ကိစ္စကို ပြောဖြစ်တဲ့အခါ “လောလောဆယ်မှာ စစ်မျက်နှာ ၂ ခု မဖွင့်လိုသေးကြောင်း” သူက ပြန်ရှင်းပြဖူးခဲ့ပါတယ်။ ပြည်သူလူထုရဲ့  ဆင်းရဲဒုက္ခအဖုံဖုံနဲ့  အာဏာပိုင်တို့ ရဲ့  မတော်မတရား အနိုင်ကျင့်ခံရပုံတို့ ကို ပြောင်မြောက်တဲ့စကားလုံး၊ ကြွေလောက်တဲ့လေသံတွေနဲ့  ဘယ်လောက်ရေးရေး နောက်ဆုံးမှာ “တပ်ချုပ်ကြီးကယ်ပါ၊ သမ္မတကြီးကြည့်ပါဦး”ဆိုတဲ့ အစာပိတ်တွေကို စာဖတ်ပရိသတ်ပါးစပ်ထဲ ထိုးထိုးထည့်နေတာ မူဝါဒအမှားဖြစ်တယ်လို့  မိုးဟိန်းကို မျက်နှာချင်းဆိုင် ပြောခဲ့ဖူးပါတယ်။ ပြည်သူလူထုရဲ့  စစ်အစိုးရဆန့် ကျင်ရေး အာသီသကို ရသေ့စိတ်ဖြေ လုပ်ဆောင်ရာသာကျပြီး မိုးဟိန်းမကြိုက်တဲ့ ခရိုနီများ ပန်းပန်နေဆဲဖြစ်ဦးမှာကို ကြိုတင်တွက်ဆထားခဲ့ပါတယ်။ ဗမာပြည်က ခရိုနီများဟာ ရိုးရိုခရိုနီများမဟုတ်ဘဲ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့၊ အလွန်ကောက်ကျစ်ပြီး ဥာဏ်နီဥာဏ်နက် ကြွယ်ဝတဲ့၊ စစ်အာဏာရှင်များရဲ့  ပုံစံခွက်ထဲက ထွက်ကျလာတဲ့ “စစ်ခရိုနီများ”ဖြစ်တယ်ဆိုတာ တည့်မှန်စွာ မမြင်နိုင်သ၍ (မမြင်ချင်ဟန်ဆောင်နေသ၍) ခရိုနီချေမှုန်းရေးဟာ လူမလေး ခွေးမခန့် ဖြစ်နေဦးမှာပါ။

ခရိုနီအမြစ်ဖြုတ်ရေးလမ်းစဉ်အောက်မှာ ဂျာနယ်သက်တမ်း အသင့်အတင့်ရလာပြီဖြစ်ပေမယ့် စစ်ဗိုလ်ချုပ်များ မွေးထုတ်ခဲ့တဲ့ ခရိုနီကောင်အမျိုးမျိုးဟာ ကြံ့ဖွံ့ အစိုးရလက်ထက်မှာ အမြစ်ပြုတ်နိုင်ဖို့ ဝေးစွ၊ နယ်ပယ်စုံမှာ အသွင်အမျိုးမျိုးနဲ့ ခိုကပ်တွယ်ငြိ လှိုက်စားလာနေပါပြီ။ ဒါဟာ စစ်ခရိုနီတို့ ရဲ့ ကျဆုံးခန်းကို ကျေကျေနပ်နပ်ကြီး တွေ့ မြင်လိုလှတဲ့ ဗမာပြည်က ပြည်သူလူထုအများစုရဲ့ ဆန္ဒကို မထေမဲ့မြင်ပြုကာ ရယ်ပွဲဖွဲ့  ဟားတိုက်လှောင်ပြောင်သလို ဖြစ်စေတယ်။ ဗိုလ်သိန်းစိန်အစိုးရသက်တမ်း ၄ နှစ်မှာ စစ်ခရိုနီများ အလုံးအထည် လျော့ခဲ့သလား၊ ဒါမှမဟုတ် ဒီမိုကရေစီရေးကို တဖက်ကလုပ်ရင်း စစ်ခရိုနီများရဲ့ အိတ်ကပ်ထဲ တလှမ်းချင်းလှမ်းလို့ ဝင်ရောက်ကုန်ကြသလားဆိုတာ တွေးချင့်စရာကောင်းပါတယ်။ သူရိယအလင်းဂျာနယ် ပဲ့ကိုင်ရှင် မိုးဟိန်းတယောက်လည်း ဒီအခြေအနေကို နားလည်လက်ခံ သဘောပေါက်လာပြီး အခုလို စာတစောင်ပေတဖွဲ့ နဲ့  ရင်ဘတ်စည်တီး ငိုချင်းချလာရတာဖြစ်ပါတယ်။

စစ်သူရဲဗလမင်းထင် ဆောင်းပါးဟာ အနှီငိုချင်းမျိုးသာဖြစ်ပြီး ပြဿနာရဲ့ ဇစ်မြစ်ကို ပြည်သူလူထုထံ လင်းခနဲလက်ခနဲ လမ်းပြပေးနိုင်မှု မရှိသေးတာ တွေ့ ရပါတယ်။ “ခရိုနီကောင်တွေဟာ ရှပ်စပ်ကဂျင်ခြေလည်သူများ ဖြစ်ကြတယ်၊ စစ်ဗိုလ်ချုပ်တွေနဲ့ ထိပ်တန်းအာဏာပိုင်တွေကို စိန်ရွှေငွေ တိုက်ကားခြံနဲ့ ကောက်ပေါက်ပြီး သူတို့ ရဲ့ ဥစ္စာဓနကို ကြီးထွားကျယ်ပြန့် ခိုင်မာအောင် တည်ဆောက်ယူနေတယ်” ဆိုတဲ့ ကောက်ချက်ကိုသာ မပြောင်းမလဲချ၊ သုံးသပ်ပြကာ ဗမာစစ်ဗိုလ်ချုပ်ကြီးများကို ရိုးအလွန်းတဲ့ စစ်သည်တော်များအဖြစ် ပုံဖော်ထားပြီး ခရိုနီကောင်များ ဖျက်ဆီးလို့ ပြည်သူကြားမှာ အချောင်နာမည်ပျက်ကိန်းဆိုက်ရတဲ့ “ဘူမသိကိုးမသိ ငတိကြီးများ” လို့  ထင်မှတ်နေပုံရပါတယ်။ ဗမာပြည် ဖွတ်သရွတ်လိုက် စုတ်ပြတ်သွားတာဟာ တိုင်းပြည်အာဏာကို တိတိပပ ဆုတ်ကိုင်ရယူထားတဲ့ အစဉ်အဆက် ဗိုလ်ချုပ်များရဲ့ အာဏာငန်းဖမ်းရောဂါကြောင့်မဟုတ်ဘဲ စီးပွားရေးဘို့ တဘို့ တည်းသမား ခရိုနီများရဲ့ စနက်ကြောင့်လို့  အထင်အမြင်လွဲလာအောင် လမ်းကြောင်းနေသလိုပါ။ “ခရိုနီကင်းစင်ဇုံ”ကို တည်ဆောက်နိုင်ရင် ဗမာပြည်ပြောင်းလဲတိုးတက်သွားမယ်လို့ အတိတ်တဘောင်ထူပြီး သင်္ကြန်စာအော်ရောင်းသလိုဖြစ်နေပါတယ်။

အဆိုပါ ခရိုနီများ ပေါ်ပေါက်လာရခြင်း သရုပ်သကန်အမှန်ဟာ လက်ရှိ/လက်မဲ့ ဗမာစစ်ဗိုလ်ချုပ်ဟောင်း/သစ်များရဲ့  အာဏာနဲ့ ဥစ္စာ လောဘဇောတိုက်မှုနဲ့  အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးဆိုတဲ့ အရင်းခံတရား ၂ ချက်ကြောင့်ဖြစ်ပါတယ်။ စစ်ဒီဇိုင်းဟန်ပန်နဲ့  စစ်ဒီမိုကရေစီလမ်းမကြီးကို ပိတ်ဆို့ ဖျက်ဆီးမပစ်နိုင်သ၍ ပြည်သူ့ လွတ်မြောက်ရေးပန်းတိုင်သို့  ရောက်နိုင်မည် မဟုတ်ပါ။ ဒီနေ့ တိုင်းပြည်မှာ ကုတ်တွယ် ကြီးထွားနေတဲ့ စစ်ဗျူရိုကရက်ဓနရှင်ဝါဒကို အမြစ်မြေလှန်ပစ်နိုင်ပါမှ သူရိယအလင်းဂျာနယ် ကြည့်မရဖြစ်နေတဲ့ စစ်ကိုယ်လုပ်တော် ကပ်ပါးကောင်တွေ အလိုလို လျှောကျကင်းစင်သွားမှာဖြစ်ပါတယ်။ အရင်းစစ်တော့ “စစ်မှစစ်”ပါ။

August 30

1 comment:

Tomahawk said...

ခရိုနီအကြောင်းပြောရရင်ပြည်တွင်းကလူအများစုပာာတေဇ၊ဇော်ဇော်စတဲ့အမျိုးယုတ်ခွေးသူတောင်းစား
တွေရဲ့နံမည်ကိုဦးတပ်ခေါ်နေကြတာတော်
တော်ရွံစရာကောင်းတယ်။
သတင်းတွေအရဆိုရင်အမျိုးယုတ်နေဝင်း
မြေးတွေကရန်ကုန်မှာဘတ်စကား(သို့)ဓါတ်
ရထားလိုင်းပြေးဖို့လုပ်နေပြီကြားတယ်။
ပြည်တွင်းကလူအားလုံးကိုတခုမေးချင်ပါ
တယ်၊ခင်ဗျားတို့ကိုယ့်ကိုကိုယ်သေချာမေး
ကြည့်ကျပါငါဘယ်လောက်များမျိုးချစ်စိတ်
ရှိသလဲလို့။
ခင်ဗျားတို့နေဝင်းမြေးတွေထောင်တဲ့လိုင်း
ကားကိုစီးမယ်ဆိုရင်တော့၊ခင်ဗျားတို့ပာာ
ထမင်းမစားသင့်တော့ဘူး။
မြက်စားပြီးခရိုနီကျွန်၊စစ်ကျွန်၊တနည်းအား
ဖြင့်တရုတ်ကျွန်ဘဝနဲ့ပဲဆွေစင်မျိုးဆက်
ကျွန်ခံကြပေတော့။
ကျွန်ဖြစ်မခံချင်ဘူးဆိုရင်တော့အနဲဆုံးခင်
ဗျားတို့ရဲ့ချွေးနဲစာပိုက်ဆံတွေပာာ
အမျိုးယုတ်ခရိုနီတွေရှင်သန်ကြီးထွားချမ်း
သာဖို့အတွက်ထည့်ဝင်အသုးံမပြုဖို့ပြောချင်
ပါတယ်။