Wednesday, September 10, 2014

''ခုတ်ရာတခြား၊ ရှရာတခြား'' (ဆောင်းပါးကောက်နှုတ်ချက်)

အပြောင်းအလဲတွေ မှန်တဲ့ဖက်ကို ရောက်ဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်မကတော့ ယူဆပါတယ်။ အစကတည်းကပေါ့နော်၊ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီပျောက်ဆုံးသွားတာ ဘယ်သူ့ကြောင့်လည်းဆိုရင် ကျွန်မကတော့ အားလုံးကြောင့်လို့ပဲ လက်ခံရမယ်လို့ ကျွန်မအမြဲဘဲ ယူဆပါတယ်။ ဟိုလူ့ကြောင့် ဒီလူကြောင့်ဆိုပြီးတော့ တရားခံရှာနေရုံနဲ့ မပြီးပါဘူး။ နိုင်ငံရေးအရ အဓိကကျတဲ့ ပုဂ္ဂိုလ်ကြီးတွေတော့ ရှိတာပေါ့။ ဒါကတော့ ကျွန်မတို့ ငြင်းလို့မရဘူး။ သို့သော်ငြားလည်း နိုင်ငံတစ်နိုင်ငံရဲ့ စနစ်တစ်ခု ပြောင်းသွားတယ်။ နိုင်ငံတစ်နိုင်ငံဟာ စနစ်တစ်ခုအောက်ကို ရောက်သွားတယ်ဆိုတာဟာ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်လို့ ကျွန်မဒီလိုပဲ ခံယူပါတယ်။ အဲဒီလိုနိုင်ငံသူနိုင်ငံသားအားလုံးက ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကိုမွေးမှလဲ ကျွန်မတို့ တကယ့်ဒီမိုကရေစီယဉ်ကျေးမှုတစ်ခုကို အမြစ်တွယ်အောင်လုပ်နိုင်မှာပါ။ ဒီလို စိတ်ဓာတ်တစ်ခု ဖြစ်ဖို့ဆိုတာ ကျွန်မတို့စာပေအနုပညာရှင်များ အင်မတန်မှ ၀ိုင်းဝန်းပြီးတော့ ကူညီဖို့လိုပါတယ်ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတစ်နိုင်ငံသည် စနစ်တစ်ခုအောက်ကို ရောက်သွားခြင်းသည် နိုင်ငံသူနိုင်ငံသားအားလုံးကြောင့်ဟူသော ခံယူချက်သည် ယေဘုယျအားဖြင့် မှန်သယောင်ယောင်ရှိသော်လည်း၊ ပကတိအခြေအနေတွင် လွဲချော်မှုများရှိနေသည်ကို သတိပြုမိသည်။ လူထုခေါင်းဆောင်၏ အမြင်အရဆိုလျှင်၊ ကမ္ဘာကြီးတစ်ခုလုံးနီးပါး ဖက်ဆစ်စနစ်အောက်ကျရောက်ခဲ့ရခြင်း၊ ဟီရိုရှီးမားနှင့် နာကာစကီးတွင် အဏုမြူဗုံးကြဲ ချခံရခြင်း၊ ကမ္ဘာ့ကုန်သွယ်မှုဋ္ဌာနကြီးကို အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ နိုင်ငံရေးအရလုပ်ကြံခံရခြင်းများ၊ လူမျိုးတုံးသတ်ဖြတ်ခံရခြင်းများတို့သည် သက်ဆိုင်ရာ အပြုခံနိုင်ငံသူနိုင်ငံသားများကြောင့်ဟု ပျားရည်နှင့်ဝမ်းချရမည့် သဘောသက်ရောက်နေသည်။ လတ်တလော အိမ်နီးချင်းထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး၊ စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းသည်လည်း ထိုင်းနိုင်ငံသူ၊ နိုင်ငံသားများကြောင့်ဟု သုံးသပ်ရမည့်သဘောဆောင်သော ခံယူချက်ဖြစ်နေသည်။

အကယ်စင်စစ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပျောက်ဆုံးရခြင်းမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၊ ဖျက်သိမ်းလျက်၊ တိုင်းပြည်အာဏာသုံးရပ်ကို အဓမ္မရယူခဲ့သော စစ်အာဏာရှင်စနစ်ဆိုးနှင့် စစ်အာဏာရှင်စနစ်ကို အသက်သွင်းခဲ့သူများကြောင့်သာဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများတွင် တာဝန်မကင်းဟု ဆိုနိုင်သော်လည်း၊ နိုင်ငံသူနိုင်ငံသားများကြောင့်ဟု ကောက်ချက်ပြုလျှင် လွဲချော်မှုပင်ဖြစ်မည်။ လူထုခေါင်းဆောင်အနေဖြင့် စနစ်နှင့် စနစ်ကို အသက်သွင်းသူများကြောင့် ဒီမိုကရေစီစနစ် ဆိတ်သုန်းခဲ့ရခြင်းကို အလေးပေးရန် ပျက်ကွက်ပြီး၊ ကျွန်မအပါအ၀င် နိုင်ငံသူနိုင်ငံသားများကြောင့်ဟု လုံးပေါင်းခံယူမှုမျိုးသည် ခုတ်ရာတခြား၊ ရှရာတခြားဖြစ်နိုင်သည်ကို ဆင်ခြင်သင့်သည်။

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

No comments: