Wednesday, August 13, 2014

မသာအိမ် လိုက်ရှာတဲ့ ဖဲသမား၊ အကောက် မျှော်တဲ့ အသုဘရှင်နဲ့ ဧည့်လာဂမုန်း

Aungmyo Tun’s Facebook Status

PR စနစ်ကျင့်သုံးရေး ပျက်သုဉ်းသွားခဲ့ရင် ဒီမိုကရေစီအောင်ပွဲ ရောက်လုနီးနီးကဲ့သို့ သည်းသည်းလှုပ် ပြောဆိုဝေဖန်နေကြလို့  စိတ်ပျက်ရပါတယ်။ ၁၉၉၀ နဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများမှာ ကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူစနစ်သာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆက်လက်တည်မြဲခဲ့ပြီး အတိုက်အခံ ဒီချုပ်ပါတီသာ ၂၀၁၀ ကြားဖြတ်နဲ့  ၈၈ အလွန် စစ်အာဏာသိမ်းပြီးစ ရွေးကောက်ပွဲမှာလို တောင်ပြိုကမ်းပြို အနိုင်ရခဲ့ရင် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ပန်းတိုင်ကို ခြေချဆုပ်ကိုင်မိပြီဆိုတဲ့ နာမည်ကျော် ဒီမိုကရေစီ နိုင်ငံရေးသမားတချို့ရဲ့ ပြောဆိုရေးသားလာမှုတွေကို ကြားရတော့ ကျောက်ရုပ်ကဲ့သို့ ငုတ်တုတ်မေ့သွားမတတ် ပါးစပ်အဟောင်းသားဖြစ်ရပါတယ်။ နိုင်သူအကုန်ယူစနစ် (FPTP) ဖြစ်ဖြစ်၊ အချိုးကျစနစ်ဖြစ်ဖြစ် ဒါမှမဟုတ် ကမ္ဘာ့ နောက်ဆုံးပေါ် ကော့ပျံလန် ရွေးကောက်ပွဲစနစ် ပေါ်လာပါစေ၊ အားလုံးဟာ အရည်းကြီးများကို ပန်းဦးဆက်ရသလို ဖြစ်နေတဲ့ စစ်တပ်အခွင့်ထူးခံ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ အပိုးကျိုးစွာ နိုင်ငံရေးလုပ်ကြရမှာဖြစ်တယ်ဆိုတာ အတိတ်မေ့ချင်ယောင်ဆောင်လို့ မဖြစ်ပါ။

စစ်အုပ်စုဟာ စစ်တပ်နိုင်ငံရေး၊ စစ်တပ်စီးပွားရေးကို တောင့်တင်းခိုင်မာလာအောင် ဆက်လက်တည်ဆောက်နေသလို အခြားတဘက်ကလည်း ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့ ကို ရေပက်မ၀င်အောင် ကြွေးကြော်နေပြန်ပါတယ်။ စစ်တပ် ထောက်ခံအားပေးတဲ့ အာဏာရကြံ့ဖွံ့ ပါတီကို စစ်နိုင်ငံရေးအခင်းအကျင်းထဲက တကွက်တဏ္ဍဖြစ်တဲ့ လွှတ်တော်နယ်ပယ်မှာ အင်အားယုတ်လျော့မသွားစေချင်တာ သဘာဝကျပါတယ်။ ထို့ အတူ စစ်အမြင်အတွေး ပူးကပ်ဝင်ရောက်နေတဲ့ အရပ်သား နိုင်ငံရေးသမားများ ပေါ်ပေါက်လာရေးနဲ့  လွှတ်တော်ထဲ စိမ့်ဝင်လာနိုင်ရေးဟာလည်း စစ်ကြီးစိုးရေးဝါဒ ရေရှည်တည်တံ့ရေးအတွက် မြစ်လက်တက်တခုအဖြစ် ရှုမြင်ပြီး အဲဒီစီမံကိန်းကို စိုက်လိုက်မတ်တပ် အကောင်အထည်ဖော်ရာမှာ ငွေ၊ အခွင့်အရေး၊ အာဏာတို့ ကို နှမျောတွန့် တိုခြင်းမရှိ၊ ပါးနပ်ကျင်လည်စွာ ထုတ်သုံးနေပါတယ်။ နိုင်ငံတကာနဲ့ ပြေလည်စွတ်စိုလာတဲ့ ဆုလာဘ်တော်အဖြစ် လူမှုရေးအထွေထွေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းများဘက်က အထောက်အပံ့များကို အဆိုပါ အရပ်သား စစ်နိုင်ငံရေးသမားများ မွေးမြူရေးစီမံကိန်းမှာ တခါတရံ ထုတ်သုံးနေကြတာ တွေ့ ရပါသေးတယ်။ သူ့ အရိုးရော ကိုယ့်အရိုးပါ နှစ်ပင်ခွပြီး ထိုးတာမျိုးပါ။ နာတတ်ရင် အလွန်နာစရာပါ။

စစ်တပ်အုပ်ချုပ်နေစဉ်ကာလမှာ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုဝင် နိုင်ငံများနဲ့  ဗမာစစ်အာဏာရှင်အစိုးရရဲ့ ဆက်ဆံရေးဟာ တစောင်းနဲ့ မျက်ချေးလို ဖြစ်ခဲ့ကြလို့  အင်အားကြီး တရုတ်နိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများနဲ့  အလွမ်းသင့် အစေးကပ်ခဲ့ပါတယ်။ စစ်အစိုးရဟာ ပေးလည်းပေး၊ ယူလည်းယူနဲ့  နှစ်ဖက်ချွန်ဝါဒ အောင်မြင်စွာ ကျင့်သုံးပြီး လူတစု ချမ်းသာကောင်းစားရေးကိုသာ ရှေ့ ရှုခဲ့ပါတယ်။ စစ်အုပ်စုအကျိုးစီးပွားကို ထိပါးနှောက်ယှက်သူမှန်သမျှ ၀မ်းထဲက သန္ဓေသားပါ အလွတ်မပေးဘဲ ကျူပင်ကျူငုတ်မချန် အပြတ်ရှင်းတဲ့နေရာမှာ ရန်/ငါ ပြတ်ပါတယ်။ ဗမာပြည်က စွမ်းအင်၊ အဖိုးတန် သယံဇာတနဲ့  ဥစ္စာဓနများကို သပိတ်ဝင်အိတ်ဝင် ကဲ့ယူနေတဲ့ ဆက်ဆံဘက်နိုင်ငံများအနေနဲ့  စစ်အစိုးရရဲ့ ရမ်းကားရက်စက်မှုများကို ဥပေက္ခာပြုပေးတဲ့အပြင် သူတို့ အကျိုးစီးပွားကို ပွန်းပဲ့လာနိုင်တယ်လို့ ယူဆတဲ့အခါ သူခိုးဓားရိုးကမ်း ကာယကံမြောက်အလုပ်မျိုးတွေကိုတောင် ပြောင်ပြောင်တင်းတင်း လုပ်လာပါတယ်။ ပြည်သူလူထုမှာ စစ်ကျွန်အပြင် ကိုလိုနီကျွန်အဖြစ်ပါ နှစ်ထပ်ကွမ်း ထုထောင်းခံရလို့  ပိပြားကြေမွကြရပါတယ်။ လွတ်လပ်ရေးကို အော့ကြောလန်ကာ ကူသူကယ်သူ မျှော်တဲ့အခါ ကုလသမဂ္ဂအဖွဲ့ ဝင် ဗီတိုအာဏာ အသုံးပြုခွင့်ရ အနောက်ကမ္ဘာကနိုင်ငံတချို့ကို အားကိုးအားထား လက်လှမ်းလာပါတော့တယ်။

စစ်တပ်အာဏာသိမ်းပြီး ဆယ်စုနှစ် ၂ စု ပြည့်မြောက်ချိန်မှာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြဌာန်းနိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် ရွေးကောက်ပွဲများ လုပ်ပြီး စစ်တပ်ဟာ လူမြင်ကွင်း ကန့် လန့် ကာရှေ့ မှ နောက်ဘက်ဝင်သွားပါတယ်။ ဒါဟာ အလျှော့ပေးတာမျိုးမဟုတ်ဘဲ ခေတ်မီမီနဲ့  ကမ္ဘာကြည့်ကြည့်မြင်ပြီး စစ်ကြီးစိုးရေးဝါဒ အစဉ်လူးလွန့် ရှင်သန်အောင် စနစ်တကျ တည်ဆောက်တာပါ။ စစ်အစိုးရရဲ့ ဒီမိုကရေစီအနံ့ ပေးမှုကို အမေရိကန်အပါအ၀င် ဥရောပနိုင်ငံများက ကြိုဆိုဟန်ပြခဲ့ပါတယ်။ ဒါ့အပြင် အထူးခြားဆုံးအဖြစ် အတိုက်အခံခေါင်းဆောင် ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပက်သက်တဲ့ မဟာဗျူဟာကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်က ၂၀၁၀ ခုနှစ်အထိ ကျင့်သုံးလာတဲ့ ကမ္ဘာမကျေရန်သူအဖြစ်မှ မရှိမဖြစ်မိတ်ဆွေအဖြစ်သို့  ၁၈၀ ဒီဂရီ ချိုးကွေ့ ခဲ့ပါတယ်။ ဧည့်လာဂမုန်းလို သဘောထားခဲ့ပါတယ်။ ဒါ့အပြင် စစ်ဖွဲ့ စည်းပုံကို ကျမ်းသစ္စာကျိမ်ဆိုလာရတဲ့အထိ ဒီချုပ်ဥက္ကဌကို လွှတ်တော်နိုင်ငံရေးထဲရောက်လာအောင် ကျုံးသွင်းနိုင်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ပေါ်လစီအရွှေ့ အလှုပ်ကြောင့် ကြံ့ဖွံ့ အစိုးရဟာ အနောက်အုပ်စုဆီက ငိုပြသမျှ လိုသမျှနီးပါး ရခဲ့ပါတယ်။ ဒုံးကျည်ပညာ၊ အဏုမြူလက်နက်များကလွဲပြီး ဖိုးပေးချင်တို့ ကလည်း လက်ဖွာဖွာ စွန့် ကြဲပါတယ်။ မသာအိမ်လိုက်ရှာတဲ့ဖဲသမားနဲ့ အကောက်မျှော်တဲ့အသုဘရှင်တို့  တွေ့ ဆုံကြတဲ့ပွဲပါ။ နှစ်ဖက်စလုံးဟာ သူ့ ကိစ္စနဲ့ သူ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” နေကြတာပါ။ ကမ္ဘာလှည့်လာတဲ့ ကစားသမားအနေနဲ့  စစ်အုပ်စုရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အစစ်အမှန်မဟုတ်တဲ့ “အင်ကြီး”မှန်း မသိလောက်အောင် နလပိန်းတုံးကောင်များလို့ အလွယ်ကောက်ချက်မချစေလိုပါ။ ဒီကနေ့  အနောက်ကမ္ဘာနဲ့  နေပြည်တော်ဟာ ချောင်းပေါက် ဗွက်ထနေပါပြီ။ ရွှေလမ်းငွေလမ်းပွင့်နေပါပြီ။ ဗမာပါလီမန်အမတ်များလည်း မကြာခင်အချိန်မှာ အမေရိကန် ဆီးနိတ်/ကွန်ဂရက်တို့ ရဲ့  အထူးဧည့်သည်တော်အဖြစ် ပုဆိုးတရွှမ်းရွှမ်း ခေါင်းပေါင်းတလူလူနဲ့  ခြေအေးဝမ်းယောင် လမ်းသလားကြတော့မှာပါ။ အခုဆို ဗမာ့သံဃာစင်ပေါ်မှာ အနောက်အုပ်စု တပြုံလုံးရောက်လာနေပါပြီ။

တောင်အာရှနဲ့  ပစိဖိတ်ဒေသဟာ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားများ တည်ရာရှိရာလို့  အမေရိကန်ဘက်က ၂၀၁၀ လောက်ကတည်းက ကြွေးကြော်လာခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရကို ထိန်းချုပ်ဖို့ လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် ဗမာပြည်ဟာ တရုတ်အစိုးရရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်နေပါတယ်။ အဲဒီကမှတဆင့် တရုတ်ပြည် အနောက်တောင် ၇ ပြည်နယ် ဖွံ့ ဖြိုးရေးအတွက် ဗမာပြည်ဟာ မဟာဗျူဟာမြောက်ကျနေပါတယ်။ ပိုအရေးကြီးတာက ကမ္ဘာ့ စီးပွားရေးပညာရှင်တချို့  ကြိုတင်ခန့် မှန်းထားတဲ့ “တရုတ်ပြည်ဟာ ၂၀၂၀ ခုနှစ်လောက်မှာ ကမ္ဘာ့ စီးပွားရေး စူပါပါဝါ ဖြစ်လာနိုင်တယ်”ဆိုတဲ့ နိမိတ်ဖတ်ထားမှုလည်းရှိပါတယ်။ တဘက်မှာ ဗမာစစ်အစိုးရဟာ တရုတ်ရဲ့မိတ်ဖက်အဖြစ် နှစ်အတန်ကြာ ရှိခဲ့ပြန်ပါတယ်။ ဒါ့အပြင် မြီရှင်နိုင်ငံလည်းဖြစ်ပြီး ဗမာ့စီးပွားရေးမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံပါ။ နယ်စပ်ကုန်သွယ်မှုလည်း အမြင့်ဆုံးပါ။ ဒါကြောင့် စစ်အုပ်စုဟာ အနောက်နိုင်ငံနဲ့ တရုတ်ပြည်အစိုးရများကို လက်စိုများအဖြစ် ဖမ်းဆုပ်ထားဦးမှာပါ။ စစ်ကြီးစိုးရေးဝါဒ သွားလမ်းသာလို့ လာလမ်းဖြောင့်အောင် လှေနံနှစ်ဖက်နင်းထားဦးမှာပါ။ ဒါဟာ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အကျိုးဆက်ဖြစ်တယ်ဆိုရင် လက်မခံလို့ မရပါ။

No comments: