Wednesday, August 20, 2014

မီဒီယာသမားအတွက် ဖိအားများ

(Aungmyo Tun's Facebook Status မှ ကူးယူဖော်ပြပါသည်။)

သတင်းမီဒီယာသမားဆိုတာ သက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ အညီ အလုပ်လုပ်ကိုင်ရတဲ့ ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သူတို့  တာဝန်ယူရေးသားရတဲ့ ဘယ်လိုသတင်းဖြစ်ရပ်မျိုးမှာမဆို ဘက်ပေါင်းစုံကို တရားမျှတအောင် ရေးရပါတယ်။

ဒါပေမယ့် သတင်းသမားဆိုတာ လေဟာနယ်ထဲမှာ နေကြတာမဟုတ်လို့ သူတို့ လုပ်တဲ့အလုပ်တွေနဲ့ ပတ်သက်ပြီး အဘက်ဘက်က ဖိအားတွေကို ရင်ဆိုင်ကြရပါတယ်။ ဒီဖိအားတွေဟာ ဂျာနယ်လစ်တယောက် လုပ်သင့်လုပ်ထိုက်တဲ့ လမ်းကြောင်းပေါ်က သွေဖည်သွားအောင် နည်းမျိုးစုံနဲ့  တွန်းတိုက်နေကြပါတယ်။ ဖိအားတွေကို ကြံ့ကြံ့ခံနိုင်မှသာ သတင်းသမားကောင်းအဖြစ် မှတ်ကျောက်တင်ခံနိုင်မှာ ဖြစ်ပါတယ်။ ဂျာနယ်လစ်တယောက်ဘ၀မှာ အများဆုံး ရင်ဆိုင်ရလေ့ရှိတဲ့ ဖိအားတွေအကြောင်းကို The News Manual က ထုတ်ပြန်တဲ့ မီဒီယာသမားလက်စွဲမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

အလုပ်ရှင်

ပုဂ္ဂလိကမီဒီယာတွေဟာ ကြော်ငြာကို မှီခိုပြီး ရပ်တည်နေရတာ များပါတယ်။ ဒီလိုအခြေအနေမှာ ကြော်ငြာရှင်ကြီးကြီးမားမားတဦးက သူ့စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းစာ၊ ဂျာနယ်မှာပါဖို့ အယ်ဒီတာအဖွဲ့ ကို ဖိအားပေးလာလေ့ရှိပါတယ်။ ဒီလိုအခြေအနေမှာ သတင်းသမားတွေဟာ ကိုယ့်ရဲ့လုပ်ငန်းနဲ့ ထုတ်ဝေသူအပေါ် ငဲ့ကွက်ပြီး မမျှမတ ဖော်ပြလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အစိုးရသတင်းစာတွေ၊ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ ထုတ်ဝေနေတဲ့ ပုဂ္ဂလိကသတင်းစာတွေက မီဒီယာသမားတွေဆိုရင် သူတို့ ရဲ့အလုပ်ရှင်တွေ မျက်နှာသာရဖို့အတွက် အစိုးရကောင်းကြောင်းတွေ သတင်းဖြစ်ဖြစ် မဖြစ်ဖြစ် ထည့်ပေးနေရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အလုပ်အကိုင်ရှားပါးတဲ့ ဖွံ့ ဖြိုးဆဲနိုင်ငံလေးတွေမှာ ဒီလိုအဖြစ်မျိုးတွေ အကြိမ်ကြိမ် တွေ့ ရလေ့ ရှိပါတယ်။

အာဏာပိုင်

မီဒီယာသမားတွေဟာ အစိုးရ၊ ရဲတပ်ဖွဲ့ ၊ အကောက်ခွန်နဲ့  တခြားအာဏာပိုင် အဖွဲ့ အစည်းတွေရဲ့ဖိအားကို ရင်ဆိုင်ရလေ့ရှိပါတယ်။ မီဒီယာသမားတွေ အများဆုံး ကြုံရတဲ့ပြဿနာက ထုတ်ဝေခွင့်လိုင်စင်ကို အစိုးရက သိမ်းယူနိုင်တဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒါကြောင့် လိုင်စင်အပိတ်မခံရအောင် အစိုးရကို ဝေဖန်တဲ့ အရေးအသားတွေ လျှော့ရတာမျိုးလည်း ရှိတတ်ပါတယ်။ မီဒီယာသမားဆိုရင် အာဏာပိုင်တွေက ပွဲလမ်းသဘင် အခမ်းအနားတွေကို ၀င်ခွင့်မပေးတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ဆီက ကင်မရာနဲ့ အသံဖမ်းစက်တွေ အသိမ်းခံရပြီး သတင်းအချက်အလက်တွေ ဖျက်ဆီးခံရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အာဏာရှင်အစိုးရတွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ မီဒီယာကို ဖိနှိပ်တဲ့ ဥပဒေတွေ ပြဌာန်းလေ့ရှိပါတယ်။

ခြိမ်းခြောက်မှု

သတင်းမီဒီယာသမားတွေကို လူမသိစေချင်တာတွေ မဖော်ထုတ်နိုင်ဖို့ အတွက် အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးတွေ၊ ဥပဒေအရ ခြိမ်းခြောက်ခံရတာမျိုးတွေ ရှိတတ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ဂျာနယ်လစ်တွေ ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ဒဏ်ချခံရတဲ့ ဖြစ်ရပ်တွေဟာလည်း မီဒီယာသမားတွေကို ခြိမ်းခြောက်တဲ့သဘော သက်ရောက်ပါတယ်။ အစိုးရကို ဆန့်ကျင်ဝေဖန်တဲ့စာတွေ မရေးရဲအောင် ဥပဒေတွေ ရေးဆွဲပြီး တားမြစ်တာမျိုးက ခြိမ်းခြောက်မှုပဲဖြစ်ပါတယ်။

လာဘ်ထိုးခြင်း

ဂျာနယ်လစ်တွေဟာ ၀င်ငွေကောင်းတဲ့ လူတန်းစား မဟုတ်ပါဘူး။ ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့သူတွေက မီဒီယာမှာ သူ့ ရဲ့ပုံရိပ်ကောင်းဖို့အတွက် ငွေကြေးတစုံတရာ လာဘ်ထိုးမှုတွေ ရှိတတ်ပါတယ်။ တချို့လုပ်ငန်းရှင်တွေဟာ ဂျာနယ်လစ်တွေကို ငွေကြေးထောက်ပံ့ပေးပြီး သူတို့ ရေးစေချင်တာကိုပဲ ရေးခိုင်းကြတာမျိုး ရှိပါတယ်။ ဒီလို လာဘ်လာဘ ငွေကြေးတစုံတရာကို လက်ခံလိုက်တဲ့သူဟာ ဘ၀တလျှောက်လုံး နာမည်သေသွားတတ်ပါတယ်။

လက်ဆောင်နှင့် အခမဲ့ရပိုင်ခွင့်

စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဂျာနယ်လစ်တွေနဲ့  ရင်းနှီးခွင့်ရဖို့ အတွက် လက်ဆောင်တွေ၊ အခမဲ့ရပိုင်ခွင့်တွေ ကမ်းလှမ်းလေ့ရှိပါတယ်။ တခါတရံမှာ အချို့သော ရပိုင်ခွင့်တွေက လက်ခံလို့ ရပါတယ်။ ဥပမာ လေကြောင်းလိုင်း၊ ကားလိုင်းသစ်တွေက သူတို့ ရဲ့ဝန်ဆောင်မှုကို မိတ်ဆက်ချင်လို့ ပထမဆုံးခရီးစဉ်မှာ ဂျာနယ်လစ်တွေကို အခမဲ့ လိုက်ပါခွင့်ပေးတာမျိုးပါ။ ဒါ့အပြင် ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ လဲရလောက်စရာ ပမာဏမျိုးမဟုတ်တဲ့ လက်ဆောင်ငယ်လေးတွေကိုလည်း ယူလို့ ရပါတယ်။ ဒါပေမယ့် သူတို့ ကို စာမျက်နှာပေါ်မှာ အကောင်းရေးပေးစေလိုတဲ့ ဆန္ဒနဲ့ ပေးလာတဲ့ တန်ဖိုးကြီးလက်ဆောင်မျိုးကိုတော့ လက်ခံလို့ မရပါဘူး။ ဒီလက်ဆောင်မျိုးတွေဟာ ဂျာနယ်တွေအတွက် ဖိအားဖြစ်စေပါတယ်။ တခါတရံ မိတ်ဆွေဖြစ် ညစာကျွေးတာလောက်က အစ သတိထားရတာတွေ ရှိပါတယ်။

မျိုးရိုးမိသားစု

လူ့ အဖွဲ့ အစည်း အသီးသီးမှာ ကိုယ့်မိသားစု၊ ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့ အစည်းကို တခြားသူတွေထက် ပိုပြီးသစ္စာစောင့်သိ ဦးစားပေးလေ့ရှိပါတယ်။ ဒါပေမယ့် မီဒီယာသမားကတော့ ဒီလိုလုပ်လို့ မရပါဘူး။ မီဒီယာသမားဆိုတာ ဆရာဝန်တွေလိုပဲ ကိုယ့်ရဲ့ရန်သူဆိုရင်တောင် သူတို့ ရဲ့အခွင့်အရေးကို လေးစားရပါတယ်။ ဒါကြောင့် တခါတရံမှာ မီဒီယာသမားတဦးဟာ သူ့ ရဲ့မိသားစု၊ မျိုးရိုး၊ အဖွဲ့ အစည်းရဲ့အကျိုးစီးပွားနဲ့  ထိပ်တိုက်တွေ့ လာတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အခါ ဖိအားတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။

ထုံးတမ်းဓလေ့

လူ့ အဖွဲ့ အစည်းတွေမှာ ထုံးတမ်းဓလေ့ အစဉ်အလာတွေ ရုတ်တရက် အပြောင်းအလဲ ဖြစ်တာတွေဟာ ရှေးရိုးစွဲတွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့ လေ့ရှိနေတတ်ပါတယ်။ ဥပမာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အရေးပါလာတဲ့ ယနေ့ ခေတ်အခါမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်လေ့ရှိတဲ့ ထုံးတမ်းဓလေ့မျိုးနဲ့ မကိုက်ညီတာမျိုးတွေ ရှိတတ်ပါတယ်။ တခါတရံမှာတော့ ထုံးတမ်းဓလေ့တွေဟာ ဂျာနယ်လစ်တွေရဲ့ ကျင့်ဝတ်နဲ့ ထိပ်တိုက်တွေ့ တာမျိုးတွေလည်း ရှိလာတတ်ပါတယ်။ ဒီအခါမှာ ဂျာနယ်လစ်တွေဟာ အစဉ်အလာဆိုတဲ့ ဖိအားဒဏ်ကို ခံရပါတယ်။

ပုဂ္ဂိုလ်ရေး စီရင်ချက်ချမှု

မီဒီယာသမားတွေဟာ တခါတရံမှာ ကိုယ့်အယူအဆနဲ့ ကိုယ် ပြန်ပြီးဖိအားပေးခံရတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ သေဒဏ်စီရင်ခြင်းနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးမျိုး ရေးတဲ့အခါမှာ မီဒီယာသမားကိုယ်တိုင်က သေဒဏ်စီရင်တာကို ထောက်ခံတဲ့ အယူအဆမျိုး ရှိနေရင် သူနဲ့ သဘောထားချင်း တူတဲ့သူတွေကိုပဲ ကွက်ပြီး အင်တာဗျူးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ သတင်းဆောင်းပါးတပုဒ်ကို မရေးခင်ကတည်းက ကြိုတင်စီရင်ချက်ချထားတာမျိုးဖြစ်ပြီး ကိုယ့်ကိုယ်ကို ဖိအားပြန်ပေးသလို ဖြစ်သွားပါတယ်။

ကျင့်ဝတ်

သတင်းသမားတွေဟာ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်တွေကို လိုက်နာရတယ်ဆိုပေမယ့် တခါတရံ အဲဒီကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားရတာမျိုးတွေ ရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကျင့်ဝတ်တွေကို သတ်မှတ်ရာမှာ တနိုင်ငံနဲ့ တနိုင်ငံ၊ အဖွဲ့ အစည်း တခုနဲ့ တခု အနည်းငယ် ကွဲပြားမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် တချို့ အာဏာရှင်နိုင်ငံတွေမှာ အစိုးရက မီဒီယာတွေကို ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပိတ်ပင်ကန့် သတ်ချက်များတဲ့ ကျင့်ဝတ်မျိုးတွေ ပြဌာန်းလေ့ရှိပါတယ်။ ဒီအချိန်မှာ မီဒီယာသမားတွေဟာ ကျင့်ဝတ်တွေရဲ့ဖိအားကို ခံရပါတယ်။

အချုပ်ဆိုရရင် အထက်မှာဖော်ပြထားတဲ့ ဖိအားတွေကို မီဒီယာသမားတိုင်း အမြဲတစေ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါတွေကို ကြံ့ကြံ့ခံနိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နဲ့ အညီ နေထိုင်ပါ။ ကိုယ့်အဆင့်အတန်းကို နိမ့်ကျစေနိုင်တဲ့ ဖိအားတွေကို ကြံ့ကြံ့ခံပါ။

- ဘယ်လိုခြိမ်းခြောက်မှု၊ လာဘ်ထိုးမှုနဲ့ ဖိအားမျိုးကိုမဆို အယ်ဒီတာထံ ပြန်အသိပေးပါ။

- လက်ဆောင်နဲ့  အခမဲ့ရပိုင်ခွင့်တွေအတွက် ကိုယ့်ကိုယ်ကို ရောင်းမစားပါနဲ့ ။

- ကိုယ့်မိသားစု သို့ မဟုတ် ကိုယ့်ရဲ့ အဖွဲ့ အစည်း အကျိုးစီးပွားနဲ့ ပတ်သက်နေတဲ့ သတင်းဖြစ်စဉ်တွေကို ကိုယ်တိုင် သတင်းရယူခြင်းမပြုဘဲ တခြားသတင်းသမားကို လွှဲပေးပါ။

(မြန်မာပို့စ်ဂျာနယ် - အတွဲ ၆ အမှတ် ၃၁ မှ ကူးယူဖော်ပြပါသည်)

No comments: