Wednesday, July 2, 2014

မူဝါဒ ဗွက်ပေါက်ခြင်း

Aungmyo Tun's Facebook Status

ဇာတ်အဆုံးမှာတော့ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်နှစ်ယောက်စလုံး “စောင့်ကြည့်ရမှာပေါ့” ဆိုတာနဲ့ အဖျားရှူးသွားကြပါတယ်။ ANP ဒု-ခေါင်းဆောင် Dr အေးမောင်က “စောင့်ကြည့်ရင်တော့ ပြည်သူ့ ဘက်က စောင့်ကြည့်ရမှာပေါ့၊ သူပြောတဲ့စကားတွေ၊ သူ့ ရဲ့ ဆောင်ရွက်ချက်တွေက သမိုင်းမှာ ကျန်ခဲ့လိမ့်မယ်”လို့ ပြောဆိုခဲ့သလို “ကျနော်တို့ မှာ စောင့်ကြည့်ရမယ့်တာဝန်ရှိပါတယ်။ တကယ်ဘဲ ရခိုင်ပြည်သူတွေရဲ့ အကျိုးကို ဘယ်လောက်အထိ လုပ်မလဲ၊ မလုပ်ဘူးလဲ ဆိုတာကို အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ မှာ ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရမယ့်တာဝန်ရှိပါတယ်” ဆိုပြီး ANP ပ-ခေါင်းဆောင် ဦးအေးသာအောင်ကလည်း ရခိုင်ဝန်ကြီးချုပ် အသစ်ချပ်ကျွတ်လေး ဗိုလ်မောင်မောင်အုန်းအပေါ် လေသံတူ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဇွန်လ ၂၇ ရက်နေ့ အထိ ကန့် ကွက်မယ့်အမတ် တယောက်တလေမျှ ထွက်မလာလို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့လူ ဗိုလ်မောင်မောင်အုန်းဟာ ပြဿနာပေါင်းစုံအောက်မှာ သပွတ်အူလိုက်နေတဲ့ ရခိုင်ပြည် ၀န်ကြီးချုပ်ရာထူးကို ၂၀၀၈ ဖွဲ့ စည်းပုံ အခြံအရံနဲ့ ဆင်စီးမြင်းရံကာ လေတချွန်ချွန် ဒူးတနန့် နန့် တက်ထိုင်ဖို့  သေချာသွားပါပြီ။ စစ်ယူနီဖောင်းချွတ်စရာ လို၊မလို ပိတ်ကားထက် မျှော်ရပါဦးမယ်။ ဒီအဆင်အတိုင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ဇော်မင်းလည်း စစ်အမတ်ဘ၀ကနေ ပုဆိုးတိုက်ပုံနဲ့ ခေါင်းပေါင်း စွတ်ဝတ်ပြီး အရေခွံလဲခဲ့ဖူးပါတယ်။ ဒါ့အပြင် နုတ်ထွက်သွားခဲ့တဲ့ ရခိုင်ဝန်ကြီးချုပ်ဟောင်း လှမောင်တင်ဟာလည်း စစ်တပ်မှာ ဗိုလ်မှူးကြီးအဖြစ် အမှုထမ်းရွက်ခဲ့ဖူးသူပါ။ လှမောင်တင်က ရခိုင်လူမျိုးဖြစ်ပြီး အခုဝန်ကြီးချုပ်သစ်က ရခိုင်မဟုတ်တဲ့အချက်မှာသာ ကွာခြားပါတယ်။ တပ်ထဲမှာ ရခိုင်တိုင်းရင်းသားထဲက ဗိုလ်ချုပ်အဆင့်နဲ့ အထက်ရှိသူ မျိုးပြုန်းသွားမှုကြောင့် ရခိုင်ဗိုလ်ချုပ်တယောက်ကို ခန့် ထားနိုင်ခြင်းမရှိတာလား မေးခွန်းထက် စစ်တပ်ဘက်က အရာရှိကြီးများသာ ရခိုင်ပြည်နယ်ရဲ့  အာဏာအရှိဆုံးရာထူးကို လက်ဆင့်ပြောင်းယူနေကြတာဟာ ဗမာပြည်မှာ စစ်ကြီးစိုးရေးဝါဒ လွှမ်းမိုးချယ်လှယ်နေဆဲဆိုတာ လက်ညှိုးထိုးပြစရာ သာဓကတခုဖြစ်လာပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကြံ့ဖွံ့ အမတ် ၀န်ကြီးချုပ် လှမောင်တင် တာဝန်မှ နုတ်ထွက်တဲ့ ကြေညာချက်၊ ထိုနေ့ မတိုင်မီ တရက်စောပြီး ပြည်ထောင်စု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို စစ်ဘက်မူလတာဝန်သို့ ပြန်လည်ထမ်းဆောင်စေတဲ့ ကြေညာချက်၊ ဇွန် ၂၀ ရက်နေ့ စွဲနဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ဗိုလ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် စစ်အမတ်အဖြစ် နေရာယူပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တို့ ဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တာကြောင့် ဗိုလ်တင်အေး၊ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်သိန်းစိန်တို့  သုံးဦးသုံးဖလှယ်ဟာ ဒီကိစ္စမှာ နားလည်မှုရှိရှိ အပေးအယူတည့်စွာ စီမံဆောင်ရွက်သွားကြတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင် ကြံ့ဖွံ့ မဟုတ်တဲ့ ရခိုင်လူမျိုး နိုင်ငံရေးသမားတွေဘက်က တက်လာနိုင်တဲ့ ဆန့် ကျင်အော်ဟစ်သံများကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ရေပက်မ၀င် ထောင့်စေ့စွာ ခုခံပြင်ဆင်ထားခဲ့ပါတယ်။ စစ်အုပ်စုဘက်က ခန့် အပ်လိုက်တဲ့ ရခိုင်ဝန်ကြီးချုပ်ကို မလိုလားပါက ဇွန်လ ၂၇ ရက် နောက်ဆုံးထားပြီး ချက်ကျလက်ကျ ကန့် ကွက်ဖို့  ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ အထိ ကန့် ကွက်စာရင်းပေးသွင်းမယ့် အမတ်များ ထွက်မလာတာကြောင့် ဒီကနေ့ (၃၀. ဇွန်. ၂၀၁၄)မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကနေ ကာချုပ်လူ ဗိုလ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်အဖြစ် တညီတညွတ်တည်း တင်မြှောက်ပါတော့တယ်။

ဗိုလ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်ခန့် အပ်ဖို့  သမ္မတ ဗိုလ်သိန်းစိန်ရဲ့ အမိန့် ဒီဂရီ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌထံ ရောက်ရှိပြီးတဲ့နောက် ဇွန်လ ၂၅ ရက်နေ့ မှာ လွှတ်တော်တွင်းက အမတ်များအားလုံး သိရှိစေနိုင်ရန် လွှတ်တော်အစည်းအဝေးကို အရေးပေါ် ခေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မတိုင်မီ ဇွန် ၂၃ ရက်မှာ ဦးအေးသာအောင်နဲ့ Dr အေးမောင်တို့ ခေါင်းဆောင်တဲ့ ရခိုင်အမျိုးသားပါတီက ကြေညာချက်တစောင် လူသိရှင်ကြား ထုတ်ပြန်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် လုပ်မယ့်သူမှန်သမျှဟာ (၁) ရခိုင်တိုင်းရင်းသားထဲက ဖြစ်ရမယ် (၂) ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အမတ်ဖြစ်ရမယ် (၃) ဒီမိုကရေစီစနစ်သာ ကျင့်သုံးမယ်ဆိုရင် ရခိုင်လွှတ်တော်ထဲမှာ နေရာအများစု ပိုင်ဆိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီထဲကသာ ဖြစ်သင့်တယ်ဆိုတဲ့ အချက် ၃ ချက် ပါဝင်ခဲ့ပါတယ်။ ဗိုလ်မောင်မောင်အုန်းကိစ္စ ပွဲကြီးပွဲကောင်းနဲ့ လိပ်ခဲတည်းလည်း ဖြစ်လာဟန်ရှိချိန်မှာ ရခိုင်ဒေသအတွင်းက ပြည်သူတချို့ ရဲ့ ဝန်ကြီးချုပ်သစ်အပေါ် သံပုံးတီး တောနှင်ထုတ်တဲ့ လှုပ်ရှားမှုတချို့  ပေါ်ခဲ့ပါတယ်။ နိုင်ငံရေး အကဲခတ်သူများကလည်း ရခိုင်ကိစ္စ ဘယ်လို အဆုံးသတ်လေမလဲ ဆိုပြီး စိတ်ဝင်တစားအရှိန် မြင့်တက်လာခဲ့တယ်။

ဒီလိုနောက်ခံအခြေအနေမှာ ဇွန်လ ၂၆ ရက် ရန်ကုန်မြို့  MPC မှာ ပြုလုပ်သွားတဲ့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ရခိုင်လူမှုအဖွဲ့အစည်းများ၊ ရခိုင် ရပ်မိရပ်ဖများ အပါအ၀င် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ၊ မစ္စတာ နမ်ဘီးယားတို့ နဲ့ တွေ့ ဆုံပွဲအပြီး ရှင်းလင်းပွဲတခုမှာ ဗိုလ်မောင်မောင်အုန်းက ရခိုင်မဟုတ်ပေမယ့် ရခိုင်စိတ်ဓာတ်မွေးပြီး ရခိုင်ဒေသအကျိုးကို အိတ်သွန်ဖာမှောက် လုပ်ပေးပါ့မယ်ဆိုတဲ့ လေလုံး လွှင့်ထုတ်ကာ ၀န်ကြီးချုပ်အရေး ကဂျီကဂျောင် ထဖောက်သူတွေကို ပျားရည်နဲ့ ဝမ်းချ ကျောသတ်လိုက်ပါတယ်။ စစ်ကဲကြီးများတာဝန် ယူခဲ့သူတွေသာ ပြည်ထောင်စုတွင်းက မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ဒေသလိုနေရာမှာ အုပ်အုပ်စီးစီးနဲ့ တည်ငြိမ်တိုးတက်အောင် စွမ်းဆောင်နိုင်ပါတယ်ဆိုတဲ့ အမြင်မျိုးကို စစ်ကြီးစိုးရေးဝါဒ သွတ်သွင်းတဲ့သဘောနဲ့  ထုတ်ပြောခဲ့တာဖြစ်ပြီး အနာဂတ် ဗမာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ “တာ”သွား ထိရောက်မှု ရှိနေဦးမယ်လို့  အချက်ပြလိုက်တာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုဘက်က သူတို့ လုပ်ကိုင်ရမယ့် စီမံချက်များကို စစ်ကျွန်ဖွဲ့ စည်းပုံ အားကိုးနဲ့  တစိုက်မတ်မတ် ရှေ့ တိုးလုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။

ဗိုလ်မောင်မောင်အုန်းနဲ့  ရခိုင်တိုင်းရင်းသားများပြဿနာမှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များရဲ့  အတိုက်အခံလုပ်ရပ်များဟာ အဆံမပါတဲ့ သင်္ကြန်အမြှောက်နဲ့ တူလှပါတယ်။ Dr အေးမောင်နဲ့  ဦးအေးသာအောင်ဟာ နိုင်ငံရေးဝမ်းစာ မပြည့်ဝသူတွေ မဟုတ်ပါ။ နိုင်ငံရေး အင်မတန် ပါးနပ်ပြီး လည်ဝယ်ကြသူများ ဖြစ်ပါတယ်။ ANP က ထုတ်ပြန်လိုက်တဲ့ အချက် ၃ ချက်ပါ သဘောထားဟာ နိုင်ငံရေးအရ အတိုက်အခံ “တန်း”တခုဆီ တွန်းပို့ နိုင်ခဲ့တာဖြစ်လို့  စံမီပြီး ဟန်ကျတဲ့လုပ်ရပ်လို့ မြင်ပါတယ်။ ဒါပေမယ့် မိမိတို့ ရဲ့  ထုတ်ပြန်မှုကို တဘက်က လိုက်လျောလိုမှုမရှိ၊ ရခိုင်ဝန်ကြီးချုပ်နေရာမှာ ကာချုပ်လူတယောက်ကို မဖြစ်မနေ ခန့် အပ်မယ်လို့ ရှေ့ ဆက် ဇွတ်တိုး လုပ်လာခဲ့ရင် နောက်တဆင့် Plan B အနေနဲ့  ဘာလုပ်ကြမလဲ ဆိုတာ အရန်သင့်ရှိထားဖို့  လိုအပ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဥက္ကဌလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ၂၀၀၈ ဖွဲ့ စည်းပုံကို လေးစားလိုက်နာ ကာကွယ်ပါ့မယ် ဆိုပြီး ကတိက၀တ် အခါခါပြုထားတဲ့၊ ရခိုင်လူမျိုးများ ဦးဆောင်တဲ့ပါတီတွေအနေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံစာအုပ်ထဲက ဥပဒေ ပုဒ်မများကို အလွတ်နီးပါး ကျေညက်ထားပြီးနေမှာပါ။ ဒါကြောင့်လည်း စစ်အုပ်စုဘက်က ဗိုလ်ချုပ်တယောက်ကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ဆက်သမယ့် အရိပ်အယောင်ကို ကြိုတင် တွက်ဆပြီးသားဖြစ်ပါလိမ့်မယ်။ ဖွဲ့ စည်းပုံ ခြေမန်းကွင်းမှာ ထူးခတ်မိနေရှာတဲ့ သူတို့ အဖြစ်ကိုလည်း သိကြမှာပါ။ ရခိုင်လွှတ်တော်မှာ ကြံ့ဖွံ့ အမတ် ၁၄ ဦး၊ စစ်အမတ် ၁၂ ဦး ရှိပြီး ၂ အုပ်စုပေါင်းဟာ ၂၆ ဦး ရှိကြလို့  ANP အမတ် ၁၈ ဦးထက် များစွာ သာလွန်နေတဲ့အတွက် ဖွဲ့ စည်းပုံအရ မဟုတ်ဘဲ သဘောချိုစွာနဲ့  “ကဲ.. ရခိုင်လွှတ်တော်မှာ မဲခွဲကြစို့ ” ဆိုရင်တောင် မရှုမလှ ရှုံးကြမယ့်ပုံ ရှိပါတယ်။ ဒီအခြေအနေအရပ်ရပ်ကို ANP ခေါင်းဆောင်တွေ ကောင်းကောင်း ကြိုမြင်ပြီးဖြစ်လျက်နဲ့  ဇွန်လ ၂၃ ရက် ရက်စွဲနဲ့  ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ပေါ်ထွက်လာတာဟာ ဘာကြောင့်လဲဆိုတာ နားလည်ရခက်ပါတယ်။

ဗိုလ်မောင်မောင်အုန်းတယောက် သူ့ လက်ထက်မှာ ရခိုင်ဒေသကို မိုးပျံမတတ် ကောင်းမွန်သွားအောင် လုပ်နိုင်ခြင်း ရှိ၊ မရှိဆိုတာ ရခိုင်အပါအ၀င် တိုင်းရင်းသားများပေါင်းစုံ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ သာတူညီမျှခွင့်တူရရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီပြည်ထောင်စုစနစ် ဖော်ဆောင်ရေး ပန်းတိုင်များနဲ့  စပ်လျဉ်းမှု မရှိပါ။ စစ်ကြီးစိုးရေးဝါဒ အခြေကျခိုင်မြဲအောက်မှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်းသည်သာ ဗမာတပြည်လုံးရဲ့  ထွက်ရပ်လမ်းမှန် ဖြစ်ပါတယ်။ ANP ပါတီက ထုတ်ပြန်ခဲ့တဲ့ သဘောထားမှာ ဒီထွက်ရပ်လမ်းရဲ့ အနံ့ အသက်နဲ့  လှုပ်ရှားမှုတွေ လွှမ်းခြုံနေတာကို သတိပြုမိလောက်အောင် ပေါ်လွင်နေပါတယ်။ ဒါကြောင့်လည်း စစ်ဖိနပ်အောက်မှ ကွင်းလုံးကျွတ် လွတ်မြောက်လိုတဲ့၊ ရခိုင်လူမျိုး မဟုတ်တဲ့ ရဟန်းရှင်လူ ပြည်သူတွေဘက်က ANP ရဲ့  အချက် ၃ ချက်ပါ သဘောထားကို “မိမိတို့ အရေး”လို့ မှတ်ယူကာ သည်းသည်းလှိုက်လှိုက် ထောက်ခံအားပေး ဓားသွေးထားခဲ့ကြပါတယ်။ စစ်အုပ်စုက အလျှော့မပေး၊ ရှေ့ တိုး ဆက်လုပ်မယ် ဆိုလာခဲ့ရင် ရခိုင်ပြည်နယ် လွှတ်တော်ထဲက ANP ပါတီအမတ်တွေအားလုံး လက်ကျန်သက်တမ်း ၁ နှစ်ကျော် ကာလအတွင်း လွှတ်တော်ကို ဆက်မတက်ဘဲ တယောက်မကျန် ညီညီညွတ်ညွတ်နဲ့  လွှတ်တော်ကို သပိတ်မှောက်၊ လွှတ်တော်ကို စွန့် ခွာထွက်လာ၊ “ဒါမရရင် ဒါကိုလုပ်မယ်” ဆိုတဲ့ အဆင်ဒီဇိုင်းများ တက်လာလေမလားလို့ တွက်ဆ မျှော်လင့်ထားကြတာပါ။

ဒါပေမယ့် “စောင့်ကြည့်ရမှာပေါ့”နဲ့  တုံးတိတိ ကိစ္စပြတ်သွားရတာကြောင့် ဟာခနဲ ဖြစ်ကုန်ကြတယ်။ နောင်အခါ ပေါ်ထွက်လာဦးမယ့် အတိုက်အခံ လှုပ်ရှားသူများရဲ့ ထစ်ချုန်းသံများအတွက်လည်း ချီတုံချတုံ ဖြစ်လာရပါပြီ။ နည်းနာပြောင်းလဲမှုကို လက်ခံနိုင်စရာရှိပေမယ့် မူဝါဒ ဗွက်ပေါက်ခြင်းဟာ နိုင်ငံရေးအဖွဲ့ အစည်းတခုရဲ့ ရှေ့ အလားအလာအတွက် ကောင်းကျိုးထက် ဆိုးကျိုးဆီကိုသာ ဦးတည်စေပါတယ်။

June 30

1 comment:

ငြိမ်းစိုးဦး said...

စစ်ဦးမှာ အဖျားရှူးခံကြရတဲ့ အခြေအနေမို့ နင်းခြေဖို့က လွယ်သွားပါပြီ ... ဒီခြေဥမှာ ဒီသံသရာလည်မှာပါပဲ ...