Monday, July 7, 2014

ဥယျာဉ်မှူးနှင့် မျောက်များ

Aung Naing Moe’s Facebook Status

ရှေးအခါက မင်းနေပြည်တော်ရှိ ရေပန်းဥယျာဉ် အဲ ပန်းဥယျာဉ်ကို ပြုစုစိုက်ပျိုးရသော ဥယျာဉ်မှူးတယောက် ရှိ၏။ ထိုဥယျာဉ်ရှိ သစ်ပင်ကြီးများတွင် မှီတင်းနေထိုင်ကြသော မျောက်တအုပ်လည်း ရှိရာ ဥယျာဉ်မှူးနှင့် မျောက်များသည် အဆွေခင်ပွန်းဖွဲ့လျက် ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြလေသည်။

တနေ့သ၌ ဥယျာဉ်မှူးသည် မကြည်သောနှလုံး မပြုံးသောမျက်နှာဖြင့် ဥယျာဉ်ခြံတိုင်ကို မှီလျက် စိတ်ပျက်လက်ပျက် ငေးမှိုင်နေသည်ကို မိတ်ဆွေဖြစ်သူ မျောက်များ မြင်သော် အကြောင်းကို သိလို၍ "ယို့ယို့ ... ဝှပ်စ်အပ်ပ် မဲန်း။ ဘာအတွက် မပျော်မရွှင် ဖြစ်နေပါသလဲ အဆွေ" ဟု မေးမြန်းကြလေသည်။ ထိုအခါ ဥယျာဉ်မှူးလည်း ယနေ့ နေပြည်တော်တွင် ဖြူဖြူကျော်သိန်း ရှိုးပွဲရှိ၍ မိမိအနေဖြင့် သွားရောက်ကြည့်ရှုအားပေးလိုသော်လည်း မိမိမှာ ဥယျာဉ်မှူးဖြစ်သည့်အလျောက် သစ်ပင်များကို ရေလောင်းပြုစုရန် တာဝန်ရှိသဖြင့် မသွားရောက်နိုင်သောကြောင့် စိတ်နှလုံး ညှိုးချုံးနေရကြောင်း အကြောင်းစုံကို ခိုသံနှော၍ ညည်းညူရှင်းပြလေသည်။ ထိုအခါ မျောက်များက မိမိတို့မှာ မျောက်များဖြစ်၍ လူဖြစ်သော ဖြူဖြူကျော်သိန်းကို သူမ၏ ဖက်ရှင်မှ လွဲ၍ ခရေဇီမဖြစ်လှကြောင်း၊ ဥယျာဉ်မှူး သွားရောက်ကြည့်ရှုလိုပါက သစ်ပင်ပန်းမာလ်များကို မိမိတို့ မျောက်အပေါင်းက ရေလောင်းကြည့်ရှုပေးထားမည်ဖြစ်ကြောင်း မိတ်ဆွေကောင်းပီသစွာ ပြောကြားကြလေသည်။ သို့နှင့် ဥယျာဉ်မှူးလည်း ဥယျာဉ်ကို မျောက်များလက်သို့ စိတ်ချစွာ အပ်နှံလျက် ရှိုးပွဲသို့ ပျော်ရွှင်တက်ကြွစွာ သွားလေတော့သည်။

ဥယျာဉ်မှူးထွက်သွားလတ်သော် မျောက်တို့လည်း ကတိအတိုင်း သစ်ပင်ရေလောင်းရန် ပြင်ကြလေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိ ရှိဟန်တူသူ မျောက်ခေါင်းဆောင်က ရှေးဦးစွာ မိန့်ခွန်းခြွေ၏။

"အမောင်တို့ ... ငါတို့နေထိုင်ရာ ကမ္ဘာတွင် ရေချိုအရင်းအမြစ် ရှားပါးမှုနဲ့ ကြုံတွေ့နေရသည်။ ရေကို အရမ်း အရမ်း မဖြုန်းကြလင့်။ ရေကို ချွေတာနိုင်ရန် သစ်ပင်ကို ရေမလောင်းမီ နှုတ်ကြည့်ရမည်။ အမြစ်ရှည်လျှင် ရေများများလောင်း၍ အမြစ်တိုလျှင် ရေနည်းနည်း လောင်းကြကုန်လော့။ ငါလည်း သင်တို့နဲ့အတူ လောင်းမည်။ အနီးဆုံးသစ်ပင်ကို ရှာလောင်းကြ" မျောက်တို့လည်း နောက်လိုက်ကောင်းပီသစွာ အပင်တိုင်းကို ရေမလောင်းမီ အမြစ်ကို ဆွဲနှုတ်ကြည့်ပြီးမှ ရေလောင်းကြလေသည်။ အကျိုးဆက်အနေဖြင့် ဥယျာဉ်မှူး ရှိုးပွဲမှ ပြန်လာသောအခါ ကျိုးကြေညှိုးနွမ်းနေသော အပင်များကို တွေ့ရလေတော့သည်။

သင်ခန်းစာ
(၁) ပညာဥာဏ်နည်းသူတို့လက်တွင် တိုင်းပြည်ကို ယုံကြည်အပ်နှံမိပါက အမြစ်ကလှန် ဖျက်ဆီးခံရတတ်သည်။
(၂) အမြော်အမြင်နည်းသူတို့ကို တပ်ဦးပါတီ တင်မိလျှင်လည်း မျောက်အပင်ရေလောင်းသလို ဟို issue လှန်ကြည့်၊ ဒီ Issue လှန်ကြည့် စမ်းတဝါးဝါးဖြင့် နိုင်ငံရေးဇာတ်မျောတတ်သည်။

No comments: