Tuesday, July 15, 2014

ဓာတ်ကြိုးပြတ်ကျ သေဆုံးမှုများအတွက် ခုံရုံးဖွဲ့ စစ်ဆေးမည်

သိမ့်သိမ့်စိုး
Tuesday, July 15, 2014
http://www.7daydaily.com/

ဓာတ်ကြိုးပြတ်ကျ၍ အများပြည်သူသေဆုံးမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်သူများကို အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ဓာတ်ကြိုး ပြတ်ကျပြီး ဓာတ်လိုက်သေဆုံးမှု ၁၉ ရက်အတွင်း ၃ ကြိမ်ဖြစ်ပွားပြီး လူ ၆ ဦး သေဆုံးခဲ့သည်။

‘‘အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတည်းက စုံစမ်းစစ်ဆေးရေးခုံရုံးတွေဖွဲ့ပြီး ဒါတွေကို စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူမှုတွေ ပြုလုပ်သွားမှာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဇွန် ၂၃ ရက်က ကမာရွတ်မြို့ နယ် လှည်းတန်းဈေးအနီး ဓာတ်ကြိုးပြတ်ကျရာ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

လှည်းတန်းဖြစ်စဉ်အပြီး ဇွန် ၃၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း ကန်စွန်းခင်းလုပ်သားတဦးလည်း ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့ရသည်။

ဇူလိုင် ၁၁ ရက်ကလည်း လှိုင်သာယာမြို့နယ်အတွင်း ၁၅ ဈေးတွင် ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီး ၃ ဦး သေဆုံးပြီး ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့သည်။

‘‘အခုတာဝန်ယူမှုအတွက် စလုပ်နေပြီဆိုတော့ ဘာမှမလုပ်တာထက်စာရင် ကောင်းသွားတာပေါ့။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တဖြည်းဖြည်းနဲ့ တိုးပြီး လုပ်ဆောင်ပေးလာတာတွေရှိရင် အများပြည်သူအတွက်လည်း ကောင်းသွားပါတယ်’’ ဟု တရားရုံးချုပ်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

သက်ဆိုင်ရာဝန်ကြီးဌာနက ပထမပိုင်းတွင် နာရေးကိစ္စ တာဝန်ယူမှုမျှသာ ပြုလုပ်ပေးရာမှ နောက်ပိုင်းတွင် လျော်ကြေးငွေကိစ္စ တာဝန်ယူလာပြီး ယခုအခါ သက်ဆိုင်သူများကို အရေးယူမှုများ ပြုလုပ်ရန် စီစဉ်လာခဲ့သည်။

ဓာတ်ကြိုး ပြတ်ကျမှုကြောင့် သေဆုံးမှုများတွင် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ဌာန တာဝန်ရှိပြီး တာဝန်ရှိသူများ ပေါ့ဆမှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄(က) ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ဦးခင်ဇော်က ဓာတ်ကြိုးပြတ်ကျ၍ ပြည်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းနှင့်ပတ်သက်၍ ပြောသည်။ ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးမှုများ ဖြစ်ပေါ်ပြီးနောက် ဓာတ်ကြိုးလဲလှယ်ရန် လိုအပ်သည့် ရန်ကုန်မြို့ မြို့နယ်အချို့ရှိ ဓာတ်ကြိုးများကို ဇူလိုင်လဆန်းမှစ၍ သက်ဆိုင်ရာက အသစ်လဲလှယ် တပ်ဆင်ပေးလျက်ရှိသည်။ ရန်ကုန်မြို့ တွင် လျှပ်စစ်ကြိုးများ အရေးပေါ် အစားထိုးရန် ကျပ် ၃၇ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။

ဆက်စပ်သတင်းများ
- လှိုင်သာယာမှာ ဓာတ်ကြိုး ပြတ်ကျ၊ ဈေးသည်အမျိုးသမီး ၃ ဦး သေဆုံး (ရုပ်သံ) click
- ဓာ​တ်ြ​ကိုးပြတ်ကျ​လို့ ေ​သ​ဆံုး​ခဲ့​တဲ့ အမ်ဳ​ိး​သမီး ၃ ေ​လာ​င်းြ​ပိုင်ရဲ့​ ဈာပန​ကို ဇူ​လို​င် ၁​၃​ ရ​က်ေ​န့​​မှာ ထိန်ပင်သုသာန်မှာ မီး​သြ​ဂိုဟ်ခဲ့​ (ရုပ်သံ) click
- ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးသူ ၃ ဦး၏ နာရေး ဒု-၀န်ကြီး လိုက်ပါပို့ဆောင် click
- ဓာတ်လိုက်သေဆုံးခဲ့သူတွေ ဈာပနမှာ လျှပ်စစ်ဒု-၀န်ကြီး ထောက်ပံ့ငွေပေး (ရုပ်သံ) click

No comments: