Friday, July 4, 2014

၈၈ အဖွဲ့ဝင် ၁၁ ဦးကို မကွေးရဲစခန်းက အမှုဖွင့်

RFA - 2014-07-03

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မကွေးမြို့၊ အေးစေတီဘုရားဝင်းမှာ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ ကျင်းပခဲ့လို့ဆိုပြီး ဟောပြောပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူ ၁၁ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ မကွေးမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

မနက်ဖြန် ဇူလိုင်လ ၄ရက်နေ့မှာ မကွေးမြို့နယ်ရဲစခန်းမှာ သွားရောက်အစစ်ခံရမှာဖြစ်ကြောင်း အမှုဖွင့်ခံထားရ သူတွေထဲမှာပါတဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

"သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးဌါနကို တင်ပြပြီးတော့မှ ဒီလူထုဟောပြောပွဲကို ကျင်းပခဲ့သော်လည်း သူတို့ဘက်ကတော့ အေးစေတီဘုရားဝင်းမှာ ကျင်းပတာဟာ ပိုင်နက်ကျူးလွန်မှု၊ ခွင့်မပြုပဲနဲ့ ဝင်ပြီးတော့မှ စင်တွေထိုးတယ်၊ ဆောက်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ စွဲတာပါ၊ ငြိမ်း စု စီ ပုံစံတစ်အရတော့ ခွင့်ပြုမိန့်မရဘူး၊ ဒီဘုရားကွင်းနဲ့ ပက်သက်လို့ကတော့ ဂေါပကအဖွဲ့ရဲ့ ခွင့်ပြုချက် ကျနော်တို့ ရပြီးဖြစ်ပါတယ်ဗျ၊ မနက်ဖြန်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ပုဒ်မ ၄၄၇ ကို အမှုတည်ဆောက်ဖို့ ကျနော်တို့ကို ရဲကနေပြီးတော့မှ ပြောဆိုထား ပါတယ်"

အမှုဖွင့်ခံထားရသူတွေက မကွေးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးစိုးမိုးနဲ့ အဖွဲ့ဝင် ၄ဦး စုစုပေါင်း ၅ ဦး၊ မကွေးမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၆ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမကွေးမြို့ဟောပြောပွဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်မယူဘဲ အသံချဲ့စက် အသုံးပြုလို့ဆို ပြီး အေးစေတီဘုရားဝင်းရှိတဲ့ ကံသာရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

No comments: