Friday, July 4, 2014

အိမ်အကူများနှင့် ပြည်ပလုပ်သားတင်ပို့မှု မူဝါဒ

သစ်ထွဋ်
http://news-eleven.com/

လက်ရှိမြန်မာနိုင်ငံမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအ၀င် အခြားနိုင်ငံတွေကို အလုပ်လုပ်ဖို့ သွားရောက်ကြသူတွေ သန်းနဲ့ချီပြီး ရှိနေပေမယ့် အများစုက လစာနည်းတဲ့ အလုပ်တွေမှာသာ လုပ်ကိုင်နေကြရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စင်ကာပူရှိ ဈေးဝယ်စင်တာတွေမှာ မြန်မာအိမ်အကူများ အပါအ၀င် အိမ်အကူ အလုပ်သမားများကို ရောင်းကုန်ပစ္စည်း တစ်ခုသဖွယ် ရောင်းချနေကြောင်း နိုင်ငံတကာ သတင်းတွေမှာ ပါရှိလာပြီးနောက် အိမ်အကူလုပ်ငန်းနဲ့ ပတ်သက်ပြီး အများပြည်သူများအကြား ဝေဖန်မှုတွေ ရှိလာပါတယ်။

စင်ကာပူက အိမ်အကူ အရောင်းပြခန်း

အယ်လ်ဂျာဇီးရား သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးမှာ စင်ကာပူရှိ ဈေးဝယ်စင်တာများတွင် မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အိမ်အကူလုပ်သားတွေကို ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် အရောင်းပြခန်းများ ဖွင့်လှစ်ပြီး ရောင်းချနေတာဖြစ်ပြီး လာရောက်ကြည့်ရှုသူများကို အိမ်အလုပ် လုပ်ကိုင်ပုံတွေကို လူကိုယ်တိုင် သရုပ်ပြကြရတယ်လို့ ပါရှိခဲ့ပါတယ်။ အိမ်အကူ လိုအပ်လို့ လာရောက်ကြည့်ရှုသူတွေကို ကလေးထိန်းခြင်း၊ မီးပူတိုက်ခြင်း၊ အိပ်ရာပြင်ခြင်း အစရှိတဲ့ အိမ်မှုကိစ္စတွေကို အရောင်းပြခန်းမှာ အိမ်အကူလုပ်ဖို့ ပြသထားခံရတဲ့ အမျိုးသမီးငယ်တွေက သရုပ်ပြကာ အလုပ်ရရေး ကြိုးစားရပုံကိုလည်း အဲဒီဆောင်းပါးမှာ ပါရှိခဲ့ပါတယ်။ အဲဒီ သတင်းဆောင်းပါးကို ပြည်တွင်းပုဂ္ဂလိက မီဒီယာတွေမှာ ဖော်ပြပြီးနောက်မှာတော့ အများပြည်သူတွေရဲ့ ဝေဖန်မှုတွေဟာ လူမှုကွန်ရက် facebook တွေပေါ်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဝေဖန်ကြသူတွေမှာ သူများတိုင်းပြည်မှာ အခုလို မြန်မာအမျိုးသမီးတွေ အိမ်အကူလုပ်ဖို့ ရောင်းကုန်တစ်ခုသဖွယ် ပြုမူဆက်ဆံခံနေရတဲ့အပေါ် လက်မခံနိုင်သူတွေ ရှိသလို အချို့ကလည်း သယံဇာတတွေ ပေါကြွယ်ဝပေမယ့် ကိုယ့်နိုင်ငံသားတွေ အခုလို အခြားနိုင်ငံတွေမှာ အိမ်အကူလုပ်ရတဲ့အထိ ဖြစ်နေရတဲ့အပေါ် အစိုးရရဲ့ အလုပ်အကိုင် အခွင့်အလမ်း စီမံခန့်ခွဲမှုနဲ့ ပြည်ပလုပ်သားတင်ပို့မှုမူ ၀ါဒများကို ဝေဖန်ကြသူတွေ အများအပြား ရှိခဲ့ပါတယ်။

''ပြည်ပကို အိမ်အကူတွေ တင်ပို့နေတဲ့ ဖြစ်ရပ်ဟာ လက်ရှိပြည်တွင်းမှာ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရအနေနဲ့ ပြည့်စုံစွာ မဖန်တီးပေးနိုင်တဲ့ ဖြစ်ရပ်ကို ညွှန်းဆိုနေသလို နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ ပြည်ပအလုပ်အကိုင်တွေ ခွင့်ပြုပေးတာထက် အိမ်အကူတွေကို တရားဝင်တင်ပို့ခွင့်ပြုခဲ့တဲ့ အစိုးရ၀န်ကြီးဌာနရဲ့ မူဝါဒတွေဟာလည်း အများရဲ့ ဝေဖန်နေကြသလို လွဲမှားတဲ့ စီမံမှုလို့ ဆိုချင်ပါတယ်။''

တန်ဖိုးကြီးပေးရသည့် အလုပ်

အရပ်အခေါ် အိမ်ဖော်လို့ခေါ်တဲ့ အိမ်အကူအလုပ်ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ပြည်ပကို တရားဝင်ပို့ခွင့်ပြုခဲ့တာ ဖြစ်ပေမယ့် တကယ်တော့ စင်ကာပူနဲ့ ယူအေအီးလို နိုင်ငံတွေမှာ မြန်မာအမျိုးသမီးငယ်တွေ အိမ်အကူအလုပ်တွေ လုပ်နေကြတာ ကြာခဲ့ပါ ပြီ။ ပြည်ပမှာ အိမ်အကူ သွားလုပ်ကြတယ်ဆိုလို့ လွယ်လွယ်နဲ့ သွားလုပ်လို့ရတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ပျမ်းမျှကျပ်သိန်း ၂၀ ကျော်လောက်ကုန်ကျတဲ့ အလုပ်တစ်ခုပါ။ တရားဝင်ပို့ခွင့် မရတဲ့ အချိန်ကဆိုရင် ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး ခိုးကြောင်ခိုးဝှက် သွားလုပ်ရတဲ့ အလုပ်အကိုင်တစ်ခုပါ။ တရားဝင် ခွင့်ပြုတယ်ဆိုတဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ဟောင်ကောင်ကို မြန်မာအိမ်အကူ တင်ပို့ရာမှာလည်း အလုပ်ရဖို့ ဒေါ်လာနှစ်ထောင်လောက် ပေးခဲ့ရတာကြောင့် အတော်တန်ဖိုးကြီးပေးရတဲ့ အိမ်အကူအလုပ်လို့ ပြောနိုင်ပါတယ်။ သို့ပေမဲ့လည်း အိမ်အကူအလုပ်ကနေ တစ်လကို ကျပ်ငွေ လေး၊ ငါးသိန်း ပြန်ရှာနိုင်တာကြောင့် ပြည်တွင်းမှာ တစ်လနှစ်သိန်း၊ သုံးသိန်းရတဲ့ အလုပ်မျိုးတွေ ရှားပါးနေချိန်မှာ ပြည်ပမှာ အိမ်အကူ သွားလုပ်ချင်တဲ့သူတွေ ရှိနေတာဖြစ်ပါတယ်။

ထင်သလောက် မလွယ်ပါ

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကြရာတွင် အများစုဟာ လုပ်ခလစာ နည်းပါးတဲ့ အလုပ်အကိုင်တွေများပြီး အန္တရာယ်ရှိသော၊ ခက်ခဲသော၊ သူများမလုပ်ချင်သော (အဆိုပါနိုင်ငံမှ နိုင်ငံသားများ မလုပ်လိုသော) အလုပ်တွေကို လုပ်နေကြရတာ ဖြစ်ပါတယ်။ အများသိတဲ့ Show Job လို့ခေါ်တဲ့ ပြည်ပသွားရောက်သူများမှာ ဘွဲ့တစ်ခုခုကို ရရှိထားသူတွေ ပါပေမယ့်လို့ လုပ်ငန်းခွင်သုံး အတတ်ပညာပိုင်းကို တတ်ကျွမ်းသူ နည်းပါးတာကြောင့် အများစုရဲ့ အခြေခံလစာတွေဟာ သွားရောက်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားလုပ်သားတွေကိုပေးတဲ့ အနည်းဆုံး လစာတွေကိုသာ ရကြတာ ဖြစ်ပါတယ်။ လုပ်ရတဲ့ အလုပ်အများစုဟာလည်း ကိုယ်ကာယကို အဓိကအသုံးချပြီး လုပ်ကြရတာ ဖြစ်ပါတယ်။ အိမ်အကူအလုပ်ဟာ တခြားကိုယ်ကာယကို ပင်ပန်းစွာအသုံးပြုပြီး လုပ်ရတဲ့ အလုပ်တွေနဲ့စာရင် သက်သာတယ်လို့ ထင်ကြသူတွေ ရှိနိုင်ပေမယ့် အိမ်အကူအလုပ်ဟာလည်း လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မကောင်းတဲ့ အိမ်ရှင်မျိုးနဲ့ ကြုံရလို့ အပြစ်ရှာပြီး ရက်စက်စွာ နှိပ်စက်မှုတွေ ခံရတဲ့ ဖြစ်ရပ်တွေဟာ ဥပဒေတွေ တင်းကျပ်တဲ့ စင်ကာပူလို နိုင်ငံမှာတောင် မကြာခဏ ဖြစ်ပွားနေတာကိုကြည့်ရင် ပြည်ပက အိမ်အကူအလုပ်တွေဟာ ထင်သလောက် မလွယ်ဘူးဆိုတာ ခန့်မှန်းနိုင်ကြမှာ ဖြစ်ပါတယ်။

တာဝန်ရှိပါသည်

တကယ်တော့ ပြည်ပမှာ အလုပ်သွားလုပ်ဖို့ဆိုပြီး ရန်ကုန်လေဆိပ်ကနေ ကြော့ကြော့မော့မော့ ထွက်သွားတဲ့သူတွေဟာ ဟိုရောက်ရင် ဘယ်လိုပင်ပင်ပန်းပန်း လုပ်ရတယ်ဆိုတာ ဒီမှာကျန်ခဲ့တဲ့သူတွေ မသိနိုင်ပါဘူး။ အချိန်တန် အိမ်ကိုပိုက်ဆံမှန်မှန် ပြန်ပို့နိုင်ဖို့၊ လာတုန်းကယူထားတဲ့ အကြွေးတွေ အမြန်ကျေဖို့အတွက် ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ခံစားနေကြရတဲ့ နေ့စဉ်ဖိအားတွေနဲ့ အနှိမ်ခံဘ၀တွေကို အများက မသိကြပါဘူး။ အထူးသဖြင့် စင်ကာပူမှာဆိုရင် အများစုက ပြည်ပကလာတဲ့ အလုပ်သမားတွေကို (အနောက်နိုင်ငံသားများမပါ) မတူမတန်သလို ဆက်ဆံတဲ့ အလေ့အကျင့်တွေ ရှိနေတယ်ဆိုတာ စင်ကာပူမှာ အလုပ်သွားလုပ်ဖူးသူတိုင်း သိကြပါတယ်။ ဒီလိုဆက်ဆံမှု အလေ့အထတွေ ရှိနေတဲ့ နယ်ပယ်ဒေသမှာ အိမ်အကူအလုပ် လုပ်ဖို့ဆိုတာဟာ တကယ့်ကို မလွယ်ကူတဲ့ အလုပ်လို့ ယူဆနိုင်ပါတယ်။ ဒီနေရာမှာ ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ပေးဖို့က အစိုးရတွေမှာ တာဝန်ရှိလာပါတယ်။ အပေါ်ယံ စောင့်ရှောက်မှုတွေထက် ကိုယ့်နိုင်ငံသား နစ်နာမှုရှိလာပါက သက်ဆိုင်ရာ အစိုးရတွေထံမှာ ဖြေရှင်းချက်တောင်းခံခြင်း အပါအ၀င် အခြားလိုအပ်တဲ့ စောင့်ရှောက်မှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ အခုလို လူသားတွေကို အရောင်းပြခန်းတင်ရောင်းတဲ့ ကိစ္စရပ်တွေမှာ မြန်မာလုပ်သားတွေ နစ်နာမှု ရှိနေသလားဆိုတာ မေးခွန်းတွေထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

မဖြစ်သင့်သည့်ကိစ္စ

စင်ကာပူမှာ အိမ်အကူတွေကို အရောင်းကုန်ပစ္စည်းသဖွယ် ပြခန်းဖွင့်လှစ် ရောင်းချခြင်းနဲ့ ပတ်သက်ပြီး သတင်းတွေ ပါရှိလာပြီးနောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက စင်ကာပူနိုင်ငံရောက် ယင်းတို့နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ကူညီစောင့်ရှောက်မှုတွေပြုလုပ်ဖို့ အသင့်ရှိကြောင်းနဲ့ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အချက်အလက် မှန်ကန်တယ်ဆိုပါက နိုင်ငံခြားရှိ ဖိလစ်ပိုင် အလုပ်သမားရုံး အနေဖြင့် စင်ကာပူ ရဲတပ်ဖွဲ့သို့ သတင်းပေးပို့နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေ ဖော်ပြထားကြောင်း သတင်းတွေ ပါရှိလာပါတယ်။ အခုလို ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ပေးရေး ကိစ္စဟာလည်း အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပြီး အစိုးရ တာဝန်ရှိသူများဟာလည်း ပြည်ပရောက်နိုင်ငံသားတွေရဲ့ အရေးအရာတွေကို ယခုထက် ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို သယံဇာတ ပေါကြွယ်ဝပြီး သဘာဝအရင်းအမြစ်တွေ ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ပြည်ပကို အိမ်အကူတင်ပို့နေတဲ့ အခြေအနေကို ရောက်နေတာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်လို့ ရှုမြင်မိပါတယ်။

ပြည်ပကို အိမ်အကူတွေ တင်ပို့နေတဲ့ ဖြစ်ရပ်ဟာ လက်ရှိပြည်တွင်းမှာ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရအနေနဲ့ ပြည့်စုံစွာ မဖန်တီးပေးနိုင်တဲ့ ဖြစ်ရပ်ကို ညွှန်းဆိုနေသလို နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ ပြည်ပအလုပ်အကိုင်တွေ ခွင့်ပြုပေးတာထက် အိမ်အကူတွေကို တရားဝင်တင်ပို့ခွင့်ပြုခဲ့တဲ့ အစိုးရ၀န်ကြီးဌာနရဲ့ မူဝါဒတွေဟာလည်း အများရဲ့ ဝေဖန်နေကြသလို လွဲမှားတဲ့ စီမံမှုလို့ ဆိုချင်ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု အေဂျင်စီတွေ အနေနဲ့လည်း နိုင်ငံတကာကိုပတ်ပြီး အိမ်အကူလို အလုပ်မျိုးတွေရှာကာ အေဂျင်ခတွေ မြိုးမြိုးမြက်မြက် ယူနေမယ့်အစား ကိုယ့်နိုင်ငံသားတွေ ရေရှည်အထောက်အပံ့ဖြစ်မယ့် ပြည်ပအလုပ်အကိုင်မျိုးတွေကိုသာ ရွေးချယ်ရှာဖွေ ၀န်ဆောင်မှုပေးကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

ဆက်စပ်သတင်းများ
- စင်ကာပူသို့ အိမ်အကူ စေလွှတ်ခြင်းကို အစိုးရ တားဆီးသင့်ဟု သံအမတ် ပြော click
- စင်ကာပူသို့ အိမ်အကူလုပ်သား တရာကျော်သာ စေလွှတ်ထားဟုဆို click

1 comment:

Burman Managers,Engineers and Scientists said...

ကျွှန်တော်တို့  ဝန်ဇင်းမင်းရာဇာ စာမျက်နှာကနေ ဤအရေးကို ကြိုတင်မြင်သဖြင့် ရေးသားတင်ပြ ခဲ့ပြီးဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် What is Nationalism? အမည်ရှိဆောင်းပါးဖြစ်ပါသည်။
အောက်ဖော်ပြပါ လင်ခ်ကိုနှိပ်ပြီးဖတ်ပါ။

http://wunzinminraja.blogspot.sg/2014/02/what-is-nationalism.html

ကုလားမင်းသား စရကား။