Saturday, July 19, 2014

ကြောက်စရာ ယန္တရားကြီး အသက်ပြန်ဝင်လာပြီလား

ဦးစည်သူအောင်မြင့်
VOA - 19.07.2014

ပြည်သူလူထုတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးယန္တရား ခြေမှုန်းခံလိုက်ရတာ ၁၀ နှစ်တိတိ ရှိခဲ့ပါပြီ။ အာဏာရှင်တွေဟာ စစ်ထောက်လှမ်းရေး မရှိတော့ပေမယ့် စရဖ လို့ ခေါ်တဲ့ စစ်ဖက်ရေးရာ လုံးခြုံရေးအဖွဲ့၊ အက်စ်ဘီ လို့ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကို အသုံးပြုပြီး သူတို့ အာဏာတည်မြဲရေး၊ သူတို့ အာဏာကို စိန်ခေါ်လာသူတွေကို နှိမ်နင်းရေး လုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ယန္တရား ၃ ခုရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး အတိုက်အခံနိုင်ငံရေးသမားတွေ၊ ပြည်သူတွေကတော့ အရင်စစ်ထောက်လှမ်းရေးတွေလောက် ကြောက်ရွံ့ထိတ်လန့်စရာကောင်းတယ်လို့ မမှတ်ယူကြပါဘူး။ အခု နောက်ပိုင်း ပြည်ထဲရေးဝန်ကြီးဌာနက စာနယ်ဇင်းတွေကို ဖိနှိပ်လာတဲ့အခါမှာတော့ အဲဒီ ထိတ်လန့်ကြောက်ရွံ့စရာ ယန္တရားကြီး ပြန်ပေါ်လာပြီလားလို့ မေးခွန်းထုတ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သိပ်မကြာသေးခင် အချိန်တုန်းက အက်စ်ဘီလို့ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့ဟာ သတင်းစာ၊ ဂျာနယ်တိုက်က တာဝန်ရှိသူတွေကို ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုကို လုပ်ခဲ့ပါတယ်။ အဓိကကတော့ ဘယ်ကရတဲ့ ငွေတွေနဲ့ ဘယ်လို လည်ပတ်နေသလဲ သိချင်လို့ ဆိုပါတယ်။ တကယ်ဆို ဒီလို သတင်းစာ၊ ဂျာနယ်တိုက်တွေရဲ့ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စတွေ သိချင်ရင် ခေါ်ယူစစ်မေးခွင့်ရှိတာက စ သုံးလုံးလို့ ခေါ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ပါ။ အခု အက်စ်ဘီရဲ့ ခေါ်ယူစစ်မေးမှုကိုတော့ ဥပဒေနဲ့ မညီဘူး၊ ခြိမ်ခြောက်မှုတခုအဖြစ်ပဲ မြင်တယ်လို့ စာနယ်ဇင်းသတင်းမီဒီယာလောကက တုန့်ပြန်ခဲ့ကြပါတယ်။

''အရေးယူခံနေရတဲ့ ဘိုင်မွန်းတည့်နေဂျာနယ်ကို အက်စ်ဘီက စစ်ဆေးနေပုံမှာလည်း အဲလိုသဘောတွေ အများကြီး မြင်တွေ့နေရပါတယ်။ အခြား သတင်းစာ၊ ဂျာနယ်တွေထက် တရက် ကြိုတင် ဖော်ပြခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲသတင်းတပ်ဖွဲ့ဟာ အယ်ဒီတာနဲ့ သတင်းထောက်တွေကို ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အရေးယူ ဖမ်းဆီးထားပါတယ်။ ဒါပေမယ့် တကယ့်တကယ် စစ်ဆေးတဲ့နေရာမှာတော့ သတင်းကို ရယူသူ၊ ဖော်ပြသူ၊ ခွင့်ပြုသူတွေကိုတင်မက အမှုနဲ့ မသက်ဆိုင်တဲ့သူတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ပါတယ်။ အမှုနဲ့ မသက်ဆိုင်သူတွေရဲ့ နေအိမ်တွေကို သော့ဖျက်ဝင်ရောက်ပြီး စစ်ဆေးတာတွေ လုပ်ပါတယ်။ အဆိုးဆုံးကတော့ အမှုနဲ့ မဆိုင်တာတွေကို ဖိအားပေး စစ်မေးတာပါ။''

ပြီးခဲ့တဲ့ လအတွင်း ဖြစ်ခဲ့တဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီး ရုံးတင် တရားစွဲတဲ့ အဖြစ်ကလည်း ဟိုးလေးတကြော် ဖြစ်ခဲ့ပါတယ်။ ဦးဆန်းဆင့်ကို ဖမ်းဆီး ရုံးတင် တရားစွဲရာမှာ ကျပ်ငွေ သိန်း ၁၀၀ တောင် မပြည့်တဲ့ အစိုးရပိုင်ငွေကို အလွဲသုံးစားလုပ်တယ် ဆိုတဲ့ အမှုနဲ့ ဖမ်းဆီးချုပ်နှောင် တရားရုံးတင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားတွေမှာ အစိုးရငွေနဲ့လှူပြီး ပြန်မဆပ်ထားတာလို့ စွပ်စွဲပါတယ်။ တကယ်ဆို အခြားသော စစ်ဗိုလ်ချုပ်ဟောင်းတွေလို ကျပ်ငွေ သိန်းပေါင်း သောင်းးနဲ့ချီ ချမ်းသာတဲ့ ဦးဆန်းဆင့်လို ၀န်ကြီးတယောက် ကျပ်ငွေ သိန်း ၇၀ လောက် အလွဲသုံးတယ်ဆိုတာ လူရယ်စရာပါ။ ဒါနဲ့ပတ်သက်လို့ တရားရုံးထုတ်လာတဲ့ တနေ့မှာ ဦးဆန်းဆင့်က ဒီကိစ္စ စစ်ဆေးပြီးသား၊ သူ့မှာ အပြစ်မရှိဘူး၊ သမ္မတကို မနာခံတာနဲ့ပဲ ခုလို မတရားလုပ်တာ ခံရတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဖမ်းဆီးရုံးတင်တဲ့ မှုခင်းသတင်းတပ်ဖွဲ့ဟာ အရင်စစ်အာဏာရှင်ခေတ်က စစ်ထောက်လှမ်းရေးတွေ လုပ်ခဲ့သလို ဖမ်းချင်၊ အပစ်ပေးချင်သူတွေကို အမှုဆင်ဖမ်းဆီး၊ အရေးယူထောင်ချခဲ့တဲ့ နည်းတွေအတိုင်း လုပ်ခဲ့တာ ဖြစ်ပါတယ်။

အလားတူပါပဲ။ လက်ရှိ အကျဉ်းကျနေသူ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု MDCF အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ကို “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့် အရေးယူခံနေရတဲ့ ဘိုင်မွန်းတည့်နေဂျာနယ်ကို အက်စ်ဘီက စစ်ဆေးနေပုံမှာလည်း အဲလိုသဘောတွေ အများကြီး မြင်တွေ့နေရပါတယ်။ အခြား သတင်းစာ ဂျာနယ်တွေထက် တရက် ကြိုတင် ဖော်ပြခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲသတင်းတပ်ဖွဲ့ဟာ အယ်ဒီတာနဲ့ သတင်းထောက်တွေကို ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အရေးယူ ဖမ်းဆီးထားပါတယ်။

ဒါပေမယ့် တကယ့်တကယ် စစ်ဆေးတဲ့နေရာမှာတော့ သတင်းကို ရယူသူ၊ ဖော်ပြသူ၊ ခွင့်ပြုသူတွေကိုတင်မက အမှုနဲ့ မသက်ဆိုင်တဲ့သူတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ပါတယ်။ အမှုနဲ့ မသက်ဆိုင်သူတွေရဲ့ နေအိမ်တွေကို သော့ဖျက်ဝင်ရောက်ပြီး စစ်ဆေးတာတွေ လုပ်ပါတယ်။ အဆိုးဆုံးကတော့ အမှုနဲ့ မဆိုင်တာတွေကို ဖိအားပေး စစ်မေးတာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ဘိုင်မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ ဒေါ်ကြူကြူဝင်းရဲ့ နေအိမ်ကို အက်စ်ဘီတွေ ရောက်လာပြီး အမှုနဲ့ မပတ်သက်တဲ့ ဒေါ်ကြူကြူဝင်းရဲ့ ခင်ပွန်း အသက် ၇၀ လောက်ရှိတဲ့ ဦးစံတင်ကို မေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ အက်စ်ဘီတွေ ဦးစံတင်ကို အဓိက မေးတာကတော့ လက်ရှိအစိုးရက အရေးယူထားတဲ့ သတင်းဖော်ပြမှုနဲ့ လုံးဝ မသက်ဆိုင်တဲ့ မိသားစုကိစ္စတွေ၊ ဘာသာရေး၊ လူမျိုးရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေပါ။ ဥပမာအားဖြင့် မွန်းတည့်နေဂျာနယ်နဲ့ ဘိုင်မွန်းတည့်နေဂျာနယ် ထုတ်ဝေတာဟာ ပြည်ပအခြေစိုက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ ထုတ်နေတာ မဟုတ်ဘူးလား၊ နိုင်ငံခြားဘဏ်တွေကနေ ငွေပို့ပေးနေတာတွေ ရှိသလား၊ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်တွေက အထောက်အပံ့ပေးနေသလား ဆိုတဲ့ မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။

အလားတူပါပဲ။ ဇူလိုင် ၁၂ ရက်နေ့မှာလည်း ဂျာနယ်တိုက်က ဒီဇိုင်နာ ကိုဇွဲ ကို အက်စ်ဘီက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ခေါ်ယူစစ်ဆေးရာမှာ သတင်းထည့်တဲ့ ကိစ္စ၊ ဒီဇိုင်းကိစ္စတွေနဲ့ မဆိုင်တဲ့ နိုင်ငံခြား အစ္စလာမ်မစ် အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာ ရှိသလား၊ နိုင်ငံခြားက ငွေပို့ပေးတာမျိုး သိသလား၊ ပြည်တွင်းက အစ္စလာမ် စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပံ့တာတွေ ရှိသလား ဆိုတဲ့ မေးခွန်းမျိုးတွေချည်း မေးခဲ့တယ်လို့ သိရပါတယ်။ ပြောရရင် အခြား သတင်းစာ ဂျာနယ်တွေက ဖော်ပြခဲ့တဲ့ သတင်းတပုဒ်ကိုပဲ တရက်စောပြီး ဖော်ပြခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းထောက်၊ အယ်ဒီတာတွေကို ဖမ်းဆီးပြီး ရေးသားဖော်ပြမှုနဲ့ မဆိုင်တဲ့ ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေ တပ်ထားရုံမက ပြည်ပ ဘာသာရေး အဖွဲ့အစည်းတွေက ထောက်ပံ့ငွေနဲ့ ထုတ်နေတဲ့ ဂျာနယ်အဖြစ် စွပ်စွဲပြီး အမှု မကြီးကြီးအောင် အမှုဆင်နေတဲ့ သဘော တွေ့မြင်နေရပါတယ်။ အလွန် ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ အနေအထားပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စ ဘိုင်မွန်တည့်နေ ထုတ်ဝေသူ ဒေါ်ကြူကြူဝင်းနဲ့ သူ့ခင်ပွန်း ဦးစံတင်တို့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို စာရေး တိုင်ကြားထားပါပြီ။ ခုလို မတရား အမှုဆင် စစ်ကြောနေတဲ့အပေါ် ယာယီ စာနယ်ဇင်းကောင်စီဘက်က ဘယ်လောက် ဖြေရှင်းပေးနိုင်မလဲ စောင့်ကြည့်ကြရပါလိမ့်မယ်။ သေချာတာကတော့ အက်စ်ဘီ လို့ ခေါ်တဲ့ ရဲမှုခင်းသတင်းတပ်ဖွဲ့ဟာ အတိုက်အခံတွေ၊ အစိုးရဂိုဏ်းကို မနာခံသူတွေ၊ အစိုးရကို ဝေဖန်တဲ့ မီဒီယာတွေကို ဖိနှိပ်ဖို့ အရင်ကြောက်ရွံ့စရာကောင်းတဲ့ စစ်ထောက်လှမ်းရေးယန္တရား ပုံစံအတိုင်း ပြန်အသက်ဝင်လာနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ
- Bi မွန်းတည့်နေဂျာနယ် ပိုင်ရှင်နှင့် ရုံးတာဝန်ခံကို မဲဆောက်တွင် ဖမ်းဆီး click
- Bi မွန်းတည့်နေဂျာနယ် ထုတ်ရန် ငွေထုတ်ပေးသူကို ထိုင်းရဲ ဖမ်းဆီးပြီး မြန်မာသို့ လွှဲပြောင်းပေး click

1 comment:

Unknown said...

ကြောက်​စရာမိဒိယာ​လောကကြီးပါ