Tuesday, July 1, 2014

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တရားစွဲမှု ပြည်သူများ ဆန္ဒပြ

ဒီဗွီဘီ၊ 1 July 2014

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တရားစွဲလိုက်တဲ့အပေါ် ဧရာဝတီတိုင်းဒေသကြီး ပြည်သူတွေက ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲက ပြည်သူ ၂၀၀ ကျော်က ပုသိမ်မြို့ကို လာရောက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ပွင့်လင်းမြင်သာစွာ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာ ပါဝင်တဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ဝင် ဦးထွန်းထွန်းဦးက “ကျနော်တို့ ပြည်သူပြည်သားတွေအနေနဲ့ ဦးဆန်းဆင့်အပေါ် စွဲဆိုထားတဲ့ နိုင်ငံတော်အစိုးရအနေနဲ့ ခိုင်မာတဲ့ ပြစ်ချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘူး။ မရှိဘဲနဲ့ ယခင်အစိုးရ ခေတ်အဆက်ဆက်က ပုံစံမျိုး ဖမ်းချင်သလို ဖမ်းတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်ထောင်စုအဆင့်ရော အောက်ခြေအဆင့်မှာရော ၀န်ထမ်းတွေ အကျင့်ပျက်လာဘ်စားနေတာ ကြားနေရတယ်။ ဦးဆန်းဆင့်နဲ့ပတ်သက်လို့ စွပ်စွဲထားတဲ့ ငွေကြေးပမာဏဟာ အောက်ခြေမှာဆိုရင် ရယ်စရာဖြစ်နေတယ်။ သူ သုံးစွဲခဲ့တဲ့ ကာလငွေကြေးတန်ဖိုးနဲ့ သူ သုံးတဲ့နေရာအနေအထား၊ သူ သုံးတဲ့ ပစ္စည်းတွေကို ပြန်ကြည့်ရင် စက်သုံးဆီ၊ ဌာနပိုင် မော်တော်ကားတို့ ယူသုံးတာမျိုးတွေ။ သူ သုံးခဲ့တဲ့ ပမာဏကိုကြည့်ရင် သူ့အိမ်အတွက် လုပ်တာမဟုတ်ဘဲ ဘုရားတည်တဲ့ ကိစ္စဖြစ်နေတယ်။ ဒါကြောင့် သူတို့ရဲ့ စွပ်စွဲချက်ဟာ ခိုင်မာတဲ့ စွပ်စွဲချက်မဟုတ်ဘူး” လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးထဲက ပုသိမ်၊ ရေကြည်၊ ငွေဆောင်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ငပုတောနဲ့ ပန်းတနော်မြို့နယ်က ပြည်သူတွေပါဝင်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်မှုကို မနက် ၁၀ နာရီကနေ ၁၁ နာရီထိ ပုသိမ်မြို့ထဲ လမ်းတွေတလျှောက် ချီတက်ခဲ့ကြပါတယ်။

ဦးဆန်းဆင့်ဟာ ပြည်ထောင့်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် နယ်ကပါဝင်ယှဉ်ပြိုင်ရင်း အနိုင်ရလာတာဖြစ်ပါတယ်။

ဦးဆန်းဆင့် အမှန်တကယ် ပြစ်မှုကျူးလွန်တယ်ဆိုရင် ပွင့်လင်းမြင်သာစွာ ပြည်သူတွေ သိအောင် လုပ်ပေးပါလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ငပုတောမြို့နယ် ကညင်ငူကျေးရွာသူ မအေးအေးခိုင်က ပြောပါတယ်။

ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ပါသည်။ တာဝန်ပေးအပ်ခဲ့မှုကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်နဲ့ ပန်တနော်မြို့က ပြည်သူ ထောင်နဲ့ချီလောက်က ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတခု ပြုလုပ်ခဲ့ပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ဌာနပိုင်ငွေ ကျပ် သိန်း ၁၀၀ ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ရမည်သင်း အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ ကျန်မိသားစုဝင်တွေကိုတော့ နေအိမ်အကျယ်ချုပ်ချထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် လက်မှတ်ထိုးပြီး ဦးဆန်းဆင့်ကို ၀န်ကြီးရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဦးဆန်းဆင့်ကို အရေးယူမှု ပွင့်လင်းမြင်သာရှိရန် ဆန္ဒပြ တောင်းဆို
ဆလိုင်းသန့်စင်
ဧရာဝတီ၊ July 1, 2014
ဦးဆန်းဆင့်အရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ဆန္ဒပြနေသူများ (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား ဌာနပိုင်ငွေ အလွဲသုံးစားမှုဖြင့် ဖမ်းဆီး အရေးယူခြင်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင် သာ စွာ ဆောင်ရွက်ရန် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ပုသိမ်မြို့၌ ဆန္ဒပြမှု ဖြစ်ပွားသည်။

ထိုဆန္ဒပြသူ ၂၀၀ ကျော်သည် ဧရာဝတီတိုင်း မြို့နယ် ၈ ခုမှ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဟောင်းလည်း ဖြစ်သည့် ဦးဆန်းဆင့် ကို ထောက်ခံသူများ ဖြစ်ကြောင်း သိရသည်။

“ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူတဲ့ကိစ္စက ပွင့်လင်းမြင်သာမှုမရှိဘူး။ အစိုးရက ထုတ်ပြန်တဲ့ ပြစ်မှုတွေဟာ ထင်ထင်ရှားရှား မရှိဘူး။ ဒါကြောင့် ဦးဆန်းဆင့် အနေနဲ့ ပြစ်မှုကျူးလွန်တယ်ဆိုရင်လည်း တိတိကျကျ ဖော်ထုတ်ပေးပါ။ အများပြည်သူကြားနာနိုင်တဲ့ တရားခွင်နဲ့ စစ်ဆေးပေးပါ။ ပြည်သူကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးပါလို့ တောင်းဆိုပါတယ်”ဟု ဆန္ဒပြပွဲ ဦးဆောင်သည့် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

သာသနာရေးဌာနပိုင် ငွေကျပ် သိန်း ၁၀၀ အား ကိုယ်ကျိုးအလွဲသုံးစားပြုသည်ဟု ဆိုကာ ဦးဆန်းဆင့်ကို ပုဒ်မ ၄၀၉/၁၀၉ (ယုံကြည် အပ်နှံရေး အလွဲသုံးစားမှု) ဖြင့် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က တရားလိုပြုလုပ်ကာ ဇွန်လ ၁၉ ရက်တွင် အမှုဖွင့် ဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးဆန်းဆင့်ကို လက်ရှိတွင် ရမည်းသင်း အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစု ဆွေမျိုးများနှင့်လည်း တွေ့ဆုံခွင့် ပိတ် ပင်ထားကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ဦးဆန်းဆင့်၏ မိသားစုဝင်များမှာလည်း နေအိမ် အကျယ်ချုပ် ကျခံနေရကြောင်း သိရ သည်။

ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူခြင်းအား ကန့်ကွက်သည့် ဆန္ဒပြပွဲပြုလုပ်ရန် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးက ဦးဆောင် လျှောက်ထားခဲ့ရာ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားဝင် ဆန္ဒပြရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဒု-ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သော ဦးဆန်းဆင့်အား ထောက်ခံသည့် ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ သာပေါင်း၊ ငပုတောနှင့် ပုသိမ်မြို့များမှ ပြည်သူပေါင်း ၂၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပြီး ဦးဆန်းဆင့် အမှန်တကယ် ပြစ်မှုကျူးလွန် သည် ဆိုပါက ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ကြေညာပေးရေး၊ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်း လွတ်ခွင့်ပြုရေး၊ အမှန်တကယ် လာဘ်ပေးလာဘ်ယူ ကျူးလွန်သူများအား အရေးယူပေးရေး စသည့် ကြွေးကြော်သံများ အော်ဟစ် ၍ ပုသိမ်မြို့ လူထု ဟစ်တိုင်မှ မြို့တော်ခန်းမရှေ့အထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

“ဦးဆန်းဆင့်ဟာ ကျမတို့ လယ်သမားတွေ၊ ဆင်းရဲသား ပြည်သူတွေဘက်က အမြဲရပ်တည် လုပ်ဆောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အဲဒီလို ပြည်သူအပေါ် ကောင်းတဲ့လူတွေ ထောင်ထဲကို မရောက်စေချင်ပါဘူး။ ပြီးတော့ သူ့အနေနဲ့ အခုလိုငွေကြေးအလွဲသုံးစား လုပ် တယ် ဆိုတာ ကျမတို့တော့ လုံးဝမယုံဘူး။ ဒါကြောင့်လည်း ပါဝင်ဆန္ဒပြတာပါ”ဟု ငပုတောမြို့နယ် ကညင်ငူကျေးရွာမှ ဒေါ်အေးအေး ခိုင် က ပြောသည်။

ယခုဆန္ဒပြပွဲမှာ ဒု အကြိမ်မြောက် ပေါ်ပေါက်လာသည့် ဆန္ဒပြပွဲဖြစ်ပြီး ၂၀၁၃ နှစ်ဆန်းပိုင်းတွင် သမ္မတ ဦးသိန်းစိန်က ဦးဆန်းဆင့် ကို သာသနာရေး ၀န်ကြီး ခန့်အပ်ခဲ့သည့် အတွက် ဧရာဝတီတိုင်းမှ ပြည်သူများက ပုသိမ်မြို့တွင် ပထမအကြိမ် ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။

ဦးဆန်းဆင့်သည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကွင်းသာကျေးရွာ ဇာတိဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို ရေကြည်မြို့ အထက် တန်း ကျောင်းမှ အောင်မြင်ခဲ့ပြီးနောက် ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ၆ လခန့် ကျောင်းတက်ခဲ့ပြီး စစ်တက္ကသိုလ်သို့ တက် ရောက်ခဲ့သည်။

ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ကျောင်းဆင်း တဦးဖြစ်သည့် ဦးဆန်းဆင့်သည် ဗိုလ်အဆင့်မှ ဒု ဗိုလ်ချုပ်ကြီး အဆင့် အထိ တပ်မတော်၌ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မနုတ်ထွက်မီ အချိန်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ကို နောက် ဆုံး ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ၂ လခန့်အလိုတွင် ရွေးကောက်ပွဲဝင်ရန် တပ်မှနုတ်ထွက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ခဲ့ရာ မည်သူမျှ ယှဉ်ပြိုင်အရွေးခံခြင်း မရှိသည့်အတွက် ဦးဆန်းဆင့် အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးချယ်တင်မြှောက်မှုဖြင့် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ၂ နှစ်နီးပါး ထမ်းဆောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ခန့်အပ်မှုအရ သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို ၂၀၁၃ ဖေဖော်ဝါရီလတွင် စတင်ထမ်း ဆောင် ခဲ့သည်။

ပြည်ထောင်စု အစိုးရက ဦးဆန်းဆင့်အား ဖမ်းဆီး အရေးယူပြီးနောက် ဇွန်လ ၂၀ ရက်တွင် သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် အမိန့်ပြန်တမ်း ထုတ်ပြန်၍ သာသနာရေး ၀န်ကြီး ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။



ဆက်စပ်သတင်းများ
- ဦးဆန်းဆင့်ကို လွှတ်ပေးဖို့ ပုသိမ်ဒေသခံတွေ ဆန္ဒပြတောင်းဆို click
- ဦးဆန်းဆင့် ပြန်လွှတ်ပေးရေး ဧရာဝတီတိုင်းသားတချို့ ပုသိမ်တွင် ဆန္ဒထုတ်ဖော် click
- ဦးဆန်းဆင့် ပြစ်မှုမှ ကင်းလွတ်ရေး ဧရာဝတီတိုင်းသားများ ဆန္ဒထုတ်ဖော်ပွဲ လမ်းမကြီးမှ ဖြတ်သန်းခွင့်မပြု click
- တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့် ဖမ်းဆီးခံရမှုအပေါ် ဧရာဝတီတိုင်း နယ်/လုံဝန်ကြီး နှုတ်ဆိတ် click
- ပုသိမ်ဟစ်တိုင်ကို ဦးဆန်းဆင့်အရေးဖြင့် ဖွင့်လှစ်မော်ကွန်းတင် click
- ဦးဆန်းဆင့်ကို တရားစွဲတဲ့အတွက် ဧရာဝတီတိုင်းမှာ ဆန္ဒပြ (ရုပ်သံ) click
- သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှု ပွင့်လင်းမြင်သာသည့် တရားစီရင်မှု ရရှိရေး ပုသိမ်၌ ဆန္ဒပြ (ရုပ်သံ) click

No comments: