Monday, July 21, 2014

ရွေးကောက်ပွဲ နည်းဥပဒေများ ပြင်ဆင်ရန် အန်အယ်လ်ဒီ အကြံပြု

နော်နိုရင်း
DVB - 21 July 2014

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုတင်မဲပေးစနစ် အပါအ၀င် ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့ နည်းဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လယ်ဒီ) ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က ဒီကနေ့ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ အကြံပြုချက် ၁၀ ချက်ကို တင်ပြ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီအကြံပြုလွှာမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၃၀ အစား ရက်ပေါင်း ၆၀ ပေးသင့်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးတဲ့နေ့က စလို့ ၁၅ ရက်အတွင်း စုဝေးဟောပြောမယ့် အစီစဉ်ကို ကော်မရှင်ဆီ လျှောက်ထားရမယ်ဆိုတာ မဖြစ်နိုင်တဲ့အကြောင်းနဲ့ ဟောပြောမယ့်ရက် မတိုင်ခင် ၅ ရက် ကြိုတင်အကြောင်းကြားရုံနဲ့ လုံလောက်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ကြိုတင်မဲနဲ့ အနိုင်ရခဲ့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီလိုတင်ပြရတာဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တဲ့အတွက် တင်ပြရတာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ အကြံပြုချက်တွေထဲမှာ မဲဆန္ဒရှင် အသုံးအနှုန်း၊ မဲရုံထဲ ၀င်ခွင့်ရတဲ့ ပုဂ္ဂိုလ်နဲ့ ပယ်မဲကိစ္စတွေအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟာ သမာသမတ်ကျတဲ့ အများပြည်သူလေးစားပြီး ဂုဏ်သိက္ခာရှိတဲ့သူ၊ နိုင်ငံရေးပါတီဝင်အဖြစ်က ၅ နှစ် ကင်းလွတ်သူ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေလည်း ပြင်ဆင်ဖို့ ထောက်ပြထားပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲနည်းဥပဒေနဲ့ ပတ်သက်ပြီး မူကြမ်းအဆင့်ပဲ ရှိသေးတာကြောင့် အကြံပြုထားတဲ့ အချက် ၁၀ ချက်ကို ထည့်သွင်းစဉ်စားပြီး ပြင်ဆင်ပေးဖို့လည်း အန်အယ်လ်ဒီပါတီက တောင်းဆိုထားပါတယ်။

နိုင်ငံရေးပါတီတွေဟာ အရင်ကလည်း အလားတူ ပြင်ဆင်မှုတွေ ပြုလုပ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆို တိုက်တွန်းမှုတွေ လုပ်ခဲ့ဖူးပေမယ့် ကော်မရှင်က ပြင်ဆင်ပေးခြင်းမရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ နိုင်ငံရေးပါတီတွေဆီ ပေးပို့ထားတာဖြစ်ပါတယ်။



ဆက်စပ်သတင်း
- နိုင်ငံ​ေ​ရးပါ​တီ​ေ​တြ​အေ​ပ​ၚ သူ​ ညစ္ပတ္ခ်င္တဲ့​စိ​တ် မ​ရှိ​ဘူး​လို့​ ဦး​တ​င်ေ​အး​ ပြော (ရုပ်သံ) click
- ေ​ရြး​ေ​ကာက္ပြဲ​ေ​ကာ​္​မ​ရွင္ကို ဘယ္သူ​ေ​တြ ဘယ​္ေ​လာက္ယံု​ၾ​က​ည​္​ၾ​က​လဲ (ရုပ္သံ) click

No comments: