Thursday, July 17, 2014

အစိုးရဌာနတွေ တာဝန်ကျေပွန်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

RFA - 2014-07-16
လျှပ်စစ်ကြိုးပြတ်ကျတဲ့အတွက် ဓါတ်လိုက်သေဆုံးမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ကြိုတင် ကာကွယ်ရေးကို ထိထိရောက်ရောက် အရေးတကြီး ဆောင်ရွက်ဖို့လိုနေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ကပြော ကြားလိုက်ပါတယ်။ အများပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ အစဉ်အမြဲ စစ်ဆေးပြီး လိုအပ်သလို မွန်းမံပြင်ဆင်ဖို့ တာဝန်ရှိတယ်လို့လည်း သူကပြောပါတယ်။

"ဒါဖြစ်မှ အရေးယူတယ်ဆိုတဲ့ ကိစ္စဟာ ဒါမဟုတ်သေးဘူးထင်တယ်၊ မဖြစ်အောင်လို့ကာကွယ်ရမှာပေါ့ ဒီ ဓါတ်ကြိုးတွေ ဓါတ်ကြိုးဟောင်းတွေ အခြေအနေတွေနဲ့ ပတ်သက်လို့ ဓါတ်တိုင်ဟောင်းတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ကျမတို့ လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ယောက်ကနေပြီးတော့ မကြာခင်တုန်းက ဓါတ်လိုက် တာတွေ အန္တရာယ်ရှိတယ် ဒီဟာတွေကို လဲသင့်တယ် ကောင်းအောင်လည်း ပြုပြင်သင့်တယ်ဆိုတာကို ပြော သွားတာ ရှိပါတယ်၊ ဓါတ်ကြိုးတွေ ဓါတ်တိုင်တွေ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေပဲ လယ်လိုလုပ် ဒါတွေကို လှစ်လျူရှု့ထားနိုင်လဲတော့ နားလည်ရတောင်မှ ခက်နေတယ်"

RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေအပေါ် လတ်တလော အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ အစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲမှု လမ်းကြောင်းလျှောက်လှမ်းပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရမယ့်အချက် ဖြစ်တယ်လို့ ပြောပါတယ်။

"မီဒီယာတွေကနေပြီးတော့ တာဝန်သိမှု ရှိရမယ်ဆိုတာ ဒါမှန်ပါတယ် ဒါဟာလည်း လူတိုင်းက တာဝန်သိမှု ရှိရမှာပဲ သို့သော်ငြားလည်း မတန်တဆပေါ့နော် မီဒီယာတွေကို အရေးယူတာဆိုတာ လွတ်လပ်စွာ ပြောဆို ပိုင်ခွင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့် လွတ်လပ်စွာ သတင်းဖြန့်ချိပိုင်ခွင့်တွေကို ချုပ်ချယ်ချင်လို့လား ဆိုတဲ့ မေးခွန်းတွေကတော့ မမေးလို့ မဖြစ်တော့ဘူး"

တဆက်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ စည်ကမ်းတွေအပေါ် သဘောထားနဲ့ အာဇာနည်နေ့ မှာ ပြုလုပ်မယ့် အစီအစဉ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အပြည့်အစုံကို အပေါ်က ''ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်'' ရုပ်သံအစီအစဉ်မှာ နားဆင်ပါ။

No comments: