Friday, July 18, 2014

ပြည်သူလူထုက တာဝန်ကျေပါတယ်

တူမောင်ညို
မိုးမခ၊ ဇူလိုင် ၁၇၊ ၂၀၁၄

“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကို အခုရော၊ နောင်ရော တစိုက်မတ်မတ် ဆန့်ကျင်သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားပါတယ်။ ၈၈ အရေးတော်ပုံကြီးနောက်ပိုင်း (နဝတ-နအဖ) စစ်အစိုးရရဲ့ အပြင်းထန်ဆုံး ဖိနှိပ်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းခံခဲ့ကြရတဲ့ ဒီချုပ်ပါတီဝင်များအပေါ်လည်း စာနာလေးစားပါတယ်။ ဒီချုပ်ပါတီဝင်များက ဒီချုပ်ပါတီကို “တသက်မှာ နှစ်ဘဝ” ပါလို့ မချင့်မရဲ ပြောဆိုသံကိုလည်း ကြားပါတယ်။

ဒီချုပ်ပါတီဟာ “တသက် နှစ်ဘဝ” အတွင်းမှာ သဝေထိုးသွားတဲ့ အကြိမ် ၄ ကြိမ် ရှိခဲ့ပါတယ်။

- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ချီတက်ရေးကိစ္စ၊
- ဂန္ဒီခန်းမ ဆုံးဖြတ်ချက်ကို ပစ်ပယ်ကာ ၁၉၉၂ ခုနှစ်၊ အမျိုးသားညီလာခံ(ကျိုက္ကဆံ) တက်ရန် ဆုံးဖြတ်ခြင်းနှင့် (နဝတ) စစ်အစိုးရရဲ့ (၁/၉၀) ကို လက်မှတ်ထိုးကြခြင်း၊
- (အခြေခံဥပဒေကို လက်မခံ/ပါတီမှတ်ပုံမတင်ဟု ဆုံးဖြတ်ခဲ့ကြပြီး) “ရွှေဂုံတိုင်ကြေညာချက်” ကို ပစ်ပယ်ကာ “အရှိကို အရှိတိုင်း အသိအမှတ်ပြုတယ်” လို့ ဆိုကာ ပါတီမှတ်ပုံတင်ခြင်း/ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း၊
- “ဇယား ၄ ကတိသစ္စာပြုချက် ပြင်ဆင်ပေးရန်” တောင်းဆိုခဲ့ပြီး “ဇယား ၄ ” ပါ စကားလုံးအတိုင်း ကတိသစ္စာပြုမည်ဟု ဆုံးဖြတ်ကာ ၂ မေ ၂၀၁၂ တွင် လွှတ်တော်ထဲ ဝင်ရောက်သွားခြင်း၊

အခု ဒီ/ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်ပြောလာသကဲ့သို့ပင် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဟာ အောက်တန်းအကျဆုံး နည်းတွေ မီးကုန်ယမ်းကုန် သုံးပြီး တိုက်ခိုက်လာနေပါတယ်။ မကြာခင်က မန္တလေးမှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ဒီ/ချုပ်ပါတီက ထုတ်ပြန်ခဲ့သော ကြေညာချက်ကိုပင် “အတု” လုပ်ပြီး ဖြန့်တဲ့အထိ ဇက်ရဲလက်ရဲ လုပ်လာကြပါတယ်။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” နဲ့ပတ်သက်ရင် ကြံ့ဖွံ့အစိုးရကလည်း ပြင်ချင်တဲ့ဆန္ဒမရှိ၊ စစ်တပ်ကလည်း မပြင်ချင်ဘူးဆိုတာ ဒီ/ချုပ်ပါတီ ကောင်းကောင်းသိနေပါတယ်။ “ဖြောင့်မတ်သော” နာယကကြီးမှာရော ဘယ်လိုဆန္ဒရှိသလဲ။

အမတ်တယောက် လစာ ၃ သိန်းသာ ရနေချိန် အမတ်ချုပ်လစာ ၃၅ သိန်းရနေလို့ မလုံမခြုံ ခံစားရတယ်လို့ (မဲဆွယ်အပြောလေးနဲ့) နတ်သံနှောနေတဲ့ အမတ်ချုပ် ဗိုလ်ရွှေမန်းက ပုဒ်မ ၄၃၆ ကိစ္စကိုတော့ ဘာခံစားချက်မှ မရှိဘဲ ပြောထွက်လာပြီ။

ဗိုလ်အောင်သောင်း၊ ဗိုလ်ဌေးဦးတို့ ခြံရံထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမတ်ချုပ်ဗိုလ်ရွှေမန်းက ဒီ/ချုပ်ပါတီက လုပ်နေတဲ့ ပြင်ဆင်ရေးလှုပ်ရှားမှုတွေဟာ “၃၁ ဦးကော်မတီ” အပေါ် “သိပ်ပြီး သြဇာသက်ရောက်မှုမရှိပါဘူး” လို့ ပြောနေပြီ။ ဒီပြောဆိုချက်က ဒီ/ချုပ်ပါတီအနေနဲ့ လက်မှတ်တွေ ဘယ်လောက်ပဲရရ အရေးမစိုက်ဘူးလို့ ပြောတာပါ။

ဒီစကားကို ဗိုလ်အောင်သောင်းနဲ့ ဗိုလ်ဌေးဦးတို့ ဝဲယာခြံရံပြီးမှ ပြောတာမို့ ကြံ့ဖွံ့ပါတီရဲ့ သဘောထားလည်း ဖြစ်တယ်။ ဒီတော့ ကြံ့ဖွံ့အမတ်တွေနဲ့ ကာချုပ်အမတ်တွေ စီးနင်းထားတဲ့ လွှတ်တော်ဟာ ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာ ရှင်းနေပါတယ်။

ဒါကြောင့် “ပြင်မပေးရင် ဘာဆက်လုပ်မလဲ” လို့ ပြည်သူတွေက ဒီချုပ်ပါတီကို မေးနေကြတာပါ။ ပြည်သူတွေရဲ့ ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ “တာဝန်ရှိတယ်” လို့ ပြောပြီး ပြန်အဖြေပေးနေပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာလည်း တာဝန်သိတဲ့ ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြပါတယ်။ ဒီ/ချုပ်ပါတီကို မဲတွေ ပုံအောပေးခဲ့ကြပါတယ်။ “ဂန္ဒီခန်းမလှုပ်ရှားမှု” ဆိုတော့လည်း ပြည်သူတွေပဲ အားတက်သရော ဝန်းရံခဲ့ကြတာပါ။ (စီအာပီပီ) ဆိုပြန်တော့လည်း ပြည်သူတွေဟာ ဗေဒါပျံ အံကိုခဲ ဆိုတာလို ရင်စီး၊ ခါးစီးပြီး အားပေးခဲ့ကြတာပဲမဟုတ်ပါလား။ ဒါပေမယ့် ဘာတွေဖြစ်သွားခဲ့သလဲ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ အားတက်သရော ဒီ/ချုပ်ပါတီကို မဲတွေ ပုံအောပေးခဲ့ကြပြန်ပါတယ်။ အခုလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူတွေဟာ တက်တက်ကြွကြွ ပါဝင်လက်မှတ်ရေးထိုးနေကြပါတယ်။ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ ဒီ/ချုပ် ကြေညာချက်အရ (၃၃ သိန်း) ရနေပြီလို့ ဆိုပါတယ်။

ပြည်သူတွေဘက်ကပြောရင် ဘယ်အခြေအနေမှာဖြစ်ဖြစ် တာဝန်ကျေပါတယ်။ ပြည်သူတွေဘက် တာဝန်ပျက်ကွက်တာ မရှိခဲ့ပါဘူး။ ပြည်သူတွေဟာ တရားရှိနဲ့ တရားမဲ့သူ၊ ဖိနှိပ်အုပ်စိုးသူနဲ့ အဖိနှိပ်ခံတွေဘက်က ရပ်တည်တိုက်ပွဲဝင်သူကို ရှင်းရှင်းပြတ်ပြတ် ခွဲခြားသိမြင်နိုင်သူတွေ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာတွေ၊ တရားဥပဒေတွေ စိုးမိုးတာတွေ မစိုးမိုးတာတွေ၊ အခြေခံဥပဒေဘာညာတွေ၊ နိုင်ငံရေးသဘောတရား ဘာညာဟောတတ်ပြောတတ်ချင်မှ ပြောတတ်ကြပါလိမ့်မယ်။ အမှန်နဲ့အမှား၊ အတုနဲ့အစစ်၊ တရားတာနဲ့မတရားတာတော့ ကောင်းကောင်း ခွဲခြားသိကြသူတွေဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုမှာ တာဝန်ရှိသလို၊ ပြည်သူလူထုကို ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ပါတီအဖွဲ့အစည်းတွေမှာလည်း မှန်ကန်တဲ့ ဦးတည်ချက်ကို ချီတက်နိုင်ဖို့ ဦးဆောင်လမ်းပြရမယ့် တာဝန်ရှိပါတယ်။ မှန်ကန်ပြတ်သားတဲ့ ဦးဆောင်မှုရှိမှသာ သိသာထင်ရှားတဲ့ ရလဒ်ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောနေဆိုနေတာတွေ ချုပ်ကြည့်လိုက်ရင် စိန်ခေါ်ခြင်းတဝက်၊ ဖြောင့်ဖျနားချခြင်းတဝက်နဲ့ သူ့ဘက်ကနေ အလျော့အတင်း အပေးအယူတွေ ကမ်းလှမ်းနေတာကို တွေ့ရပါလိမ်မယ်။

သာဓကပြရရင်ဖြင့် စစ်သားအမတ် ၂၅% နဲ့ပတ်သက်ပြီး “လွှတ်တော်အတွင်းမှာ ပြည်သူလူထုကရွေး ချယ်တင်မြှောက်ထားခြင်း မရှိတဲ့ ကိုယ်စားလှယ်တွေ ပါရင် ပါပါစေ၊ ဒါပေမဲ့ အဓိကကျတဲ့ ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့်တော့ မရှိစေသင့်ဘူး” တဲ့။

ဒီချုပ်က ပြင်ဆင်လိုတဲ့ “ပုဒ်မ ၁၆၈ ခု” (၂၀၀၈ အခြေခံဥပဒေပေါ် လေ့လာသုံးသပ်အကြံပြုချက်စာတမ်း) ထဲမှာ အခြေခံဥပဒေ၊ ပုဒ်မ ၆ (ဃ) “စည်းကမ်းပြည့်ဝသော” ဆိုတဲ့ စာသားကို ဖြတ်ပယ်ရန်နဲ့ ပုဒ်မ ၆(စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းနိုင်ရေးတို့ကို အစဉ်တစ်စိုက် ဦးတည်သည်” ဆိုတဲ့ ထိုစာပိုဒ်များ၊ ပုဒ်မများကို ဖြုတ်ပယ်ရမယ်လို့ ဆိုထားသော်လည်း ပုဒ်မ ၁၄ “ကာချုပ်ခန့် စစ်သားအမတ်များကိစ္စ” ကိုမူ “ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသောကြောင့်” ဆိုတဲ့ အကြောင်းပြချက်ပေးကာ “အထွေထွေသဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တဆင့်ပြီးတဆင့် ပြင်ဆင်သွားရန်” အဆိုပြုထားပါတယ်။

ဒီအချက်တွေက တဖက်မှာ အခြေခံဥပဒေပြင်ဆင်ရေးကို စိန်ခေါ်သလို အလေးတင်းပြောနေပေမယ့်လည်း အခြားတဖက်မှာ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ပန်းတိုင်ကို ဘယ်တော့မှ မျက်ခြည်မပြတ်ပါဘူး” ဆိုတဲ့ လေပြေထိုးမှုကလေးတွေနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေနဲ့ပတ်သက်လို့ တဖက်က (ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ဘက်က) စိမ်းကားလှပါတယ်။ ဘာမှမတုန့်ပြန်ပါဘူး။

ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေတဲ့ ဒီမိုကရေစီစံနှုန်းတွေကို မသိလို့ မဟုတ်ပါဘူး၊ သိပ်သိပါတယ်။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုတာ စစ်အုပ်စုက သူတို့ ပေးချင်သလောက်သာ အကန့်အသတ်နဲ့ ပေးသနားထားတဲ့ “ဒီမိုကရေစီအခွင့်အရေး” မျှသာ ဖြစ်ပါတယ်။ ဒါဟာ “၂၀၀၈ အခြေခံဥပဒေ” ရဲ့ အနှစ်သာရလည်း ဖြစ်ပါတယ်။

သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အကန့်အသတ်နဲ့သာ နေရာပေးချင်တာပါ။ အာဏာခွဲဝေပေးဖို့ သူတို့မှာ သဘောထားမရှိပါဘူး။ အနောက်အုပ်စုနဲ့ သူတို့အကြားက ၁၉၈၈ ကတည်းက စိမ်းကားဝေးကွာသွားကြတာကို ပြန်လည်နီးစပ်ရေးအတွက် ၂ ဖက်စလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့ကြတာ၊ အသုံးချနေကြတာသာ ဖြစ်ပါတယ်။

ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ထိုင်းကာချုပ်နဲ့ တွေ့စဉ် ပြောတဲ့စကားက ရှင်းနေတာပါပဲ။ “ဒီမိုကရေစီသည် စည်းနှင့် ကမ်းနှင့် သွားရသည်ဆိုသည့် အမြင်ရှိရန် လိုအပ်ကြောင်း” ပြောနေတယ်မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် “၂၀၀၈ အခြေခံဥပဒေ”ကို လွှတ်တော်တွင်းကနေ ပြင်ဆင်ရေးဆိုတဲ့ ဒီ/ချုပ်ပါတီရဲ့ “စမ်းသပ်ချက်” ဟာ လုံးဝ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာ ရရှိတယ် ဆိုတဲ့ဘက်က ပြောမယ်ဆိုရင် ပြည်သူများအတွက် အကျိုးရှိပါတယ်။ ။

No comments: