Tuesday, July 8, 2014

အစိုးရစစ်တပ်၏ အဓမ္မပြုကျင့်မှုများ ရပ်တံ့ရန် ဆန္ဒထုတ်ဖော်သူ ချင်းအမျိုးသမီးခေါင်းဆောင် ၄ ဦးကို တရားစွဲ

နန်းဆိုင်နွမ်
ဧရာဝတီ - July 8, 2014

ဇူလိုင် ၈ ရက်နေ့က ရန်ကုန်မြို့ရှိ မီဒီယာစာကြည့်တိုက်တွင် ပြုလုပ်သော “ချင်းပြည်နယ်၊ မတူပီတွင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး သတင်း မီဒီယာရှင်းလင်းပွဲ” ကို တွေ့ရစဉ် (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)
အစိုးရစစ်တပ်က အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ ရပ်တန့်ရန် ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် ချင်းပြည်နယ် မတူပီမြို့ ရေဆွာမြို့နယ်မှ ခေါင်းဆောင် ၄ ဦး ကို မတူပီမြို့ ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲပြီး ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲတွင် ဇွန် ၁၀ ရက်က အစိုးရ ခြေလျင် တပ်ရင်း (ခလရ – ၂၆၉) မှ တပ်သား မျိုးသူရကျော်က ဒေသခံ အမျိုးသမီး တဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့မှုတခု ဖြစ်ပွားခဲ့ကာ ဇွန် ၂၃ နှင့် ၂၄ ရက်တွင် မတူပီ အမျိုးသမီး နှင့် ရေဇွာ အမျိုးသမီး ၆၀၀ကျော်တို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ခဲ့သည့် ချင်းအမျိုးသမီးခေါင်းဆောင် ၄ ဦးကို ပုဒ်မ ၁၈ ဖြင့် ဇူလိုင် ၄ ရက်နေ့တွင် တရားစွဲဆိုပြီး ဇူလိုင် ၈ ရက်နေ့တွင် စတင်ရုံးချိန်းကြောင်း၊ တရားစွဲဆိုခံရသူများမှာ မိုင်ငွန်ချင်းပါရ်၊ မိုင်ဆွေးဆွေးကြည်၊ ဒေါ်တင်တင်ရီနှင့် ဒေါ်ကော်ထွေတို့ ဖြစ်ပြီး အဆိုပါ အမျိုးသမီးများ ထောင်ဒဏ် မကျခံနိုင်ပါက ငွေဒဏ်ဆောင်ရန် ခြိမ်းခြောက်မှုများလည်း ရှိနေရကြောင်း မတူပီ အမျိုးသမီးများအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လီက ယနေ့ ရန်ကုန်မြို့ရှိ မြန်မာမီဒီယာ စာကြည့်တိုက်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုကို ပြန်လည် ရုပ်သိမ်းပေးရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဓမ္မ ပြုကျင့်ခဲ့သည့် တပ်သားကို အရပ်ဘက်တွင် တရားစီရင်ရန် တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။

“အဓမ္မပြုကျင့်တဲ့ တပ်သားကို ဘယ်လိုအရေးယူလဲ၊ ဘယ်နေရာရောက်နေလဲ ဆိုတာမသိဘူး။ ဆန္ဒထုတ်ဖော်တဲ့ သူတွေကိုတော့ ပုဒ်မ ၁၈ နဲ့ တရားစွဲတယ်။ ပြီးတော့ ရှေ့နေငှားစရာမလိုဘူး၊ တရားသူကြီးနဲ့ပဲ ရှင်းရမယ်၊ ထောင်မကျ ချင်ရင် ဒဏ်ငွေဆောင်ရမယ်လို့ ပြောပါတယ်” ဟု ဒေါ်အယ်လီက ဆိုသည်။

ချင်းပြည်နယ်တွင် အမျိုးသမီးများ၏ ဘဝ လုံခြုံမှုမရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း အားနည်းနေကြောင်း၊ အမှုမှန်များကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူစေလိုကြောင်း ဒေါ်အယ်လီက ထပ်မံဖြည့်စွက်ပြောသည်။

“ကျမတို့အဖွဲ့ကတော့ နေပြည်တော် လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားပေးရေးနဲ့ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ ကို တင်ပြထားပါတယ်။ သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကိုလည်း တင်ပြသွားမှာပါ” ဟု အမျိုးသမီးများလက် မြန်မာ ဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်မိုင်တီဆွီလျန်းက ယနေ့ပြလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြာခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို အရပ်ဘက် တရားရုံးများတွင်သာ တရားစီရင်ပေးရန်၊ ပွင့်လင်း မြင်သာမှုရှိစွာနှင့် ထိရောက်စွာ အရေးယူပေးရန်၊ အကြမ်းဖက်ခံရသော အမျိုးသမီးများ တရားမျှတမှု ရရှိခံစားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အရှက်သိက္ခာပိုင်ဆိုင်ရာ ထိခိုက် နစ်နာ ဆုံးရှုံးမှုအတွက် ထိုက်သင့်သော နစ်နာကြေး ပေးရန် ချင်းအမျိုးသမီးများက တောင်းဆို ထားကြောင်း သိရသည်။

“ကျမတို့ အမျိုးသမီးထု အနေနဲ့ ဒီအမှုတွေကို ရုပ်သိမ်းပေးဖို့ အတွက် တောင်းဆိုသွားမယ်။ ပြီးတော့ လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုကိုလည်း ရန်ကုန်ကနေ ရှေ့နေတွေငှားပြီး လုပ်ဆောင်ပေးသွားမယ်။ ချင်းအမျိုးသမီးတွေ အတွက် ငွေအားရော လူအားရော ကူညီသွားပါမယ်” ဟု Women’s Organizations Network မြန်မာ မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် အကြမ်းဖက်ခံ အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက် ဥပဒေဖြင့် အာမခံချက်ပေးရန်၊ အကာအကွယ်ပေးရန်၊ အရည်အချင်း ပြည့်ဝပြီး လူနာများအပေါ် စာနာထောက်ထားစိတ် ရှိသော သားဖွားမီးယပ် ကျွမ်းကျင် ဆရာဝန်များ ခန့်ပေးရန်၊ ချင်းအမျိုးသမီး များ၏ မူလအခွင့်အရေးကို ကန့်သတ်ချုပ်ခြယ် ချိုးဖောက်သော ချင်းဓလေ့ထုံး အက်ဥပဒေပါ အချက်များကို ခေတ်နှင့်အညီ ဥပဒေအသစ် အစားထိုးပေးရန်နှင့် မတူပီ မြို့နယ် ပြည်သူ့ဆေးရုံတွင် လူ့အခွင့်အရေး ချိုးဖောက်သော ဆရာဝန်ကြီးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ပေးရန်လည်း တောင်းဆိုချက်တွင် ထည့်သွင်း ရေးသားထားသည်။

၂၀၁၀ ပြည့်နစ် နောက်ပိုင်းမှ စတင်ပြီး အစိုးရ စစ်တပ်များသည် ချင်းပြည်နယ် အတွင်းသို့ တပ်စခန်းများ လာရောက် နေရာချသဖြင့် ဒေသခံ အမျိုးသမီးများ၏ လုံခြုံမှုမှာ စိုးရိမ်မှုများ ရှိလာကြောင်း၊ လယ်ယာမြေများသို့ သွားရောက် လုပ်ကိုင်ရန် အတွက် ကြောက်ရွံ့ စိုးရိမ်မှုများ ရှိလာကြောင်း ဒေသခံ အမျိုးသမီးများက ပြောသည်။

မြန်မာ နိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။

ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီးများနှင့် ပတ်သက်သည့် အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခု ကဲ့သို့ အသုံးပြုနေမှုကို ရပ်တန့်စေလိုကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို စုံစမ်း စစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ
- စစ်သား၏ အဓမ္မကျင့်ခြင်းခံရသည့် ချင်းအမျိုးသမီးအရေး ဆန္ဒပြသူများ တရားစွဲဆိုခံရမှု ပျက်ပြယ်သည်အထိ တောင်းဆိုမည် click
- ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေ ဖော်ထုတ်အရေးယူဖို့ WLB တိုက်တွန်း click
- တိုင်းရင်းသား ဒုက္ခသည်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖော်ထုတ်ထားသည့် အစီရင်ခံစာ ထွက်ရှိ click

1 comment:

Maung Maung Kyaw Win said...

When Muslims rape Burmese girls the bogey monk Wirathu raised his voice so loud and when the members of Burmese Armed Forces committed the same crime his mouth is shut tight. Is that fair and square? This prove that Wirathu is not a follower of Lord Buddha but the disciple of military demons.