Wednesday, July 2, 2014

အရင်အတိုင်းပဲ

ကိုမွှေး

အရင်အတိုင်းပဲ
ဆင်းရဲခြင်းတွေ အထွက်တိုးတယ်။

အရင်အတိုင်းပဲ
မြို့ တွေ ရေလွှမ်းတယ်။

အရင်အတိုင်းပဲ
ဘုန်းကြီးတွေ ကျောင်းပျောက်တယ်။

အရင်အတိုင်းပဲ
ခေတ်လွန်ဒုက္ခတွေ ခေတ်သေကြီးကို
အာဏာရှိသူတွေ မြေသိမ်းသလိုသိမ်းတယ်။

အရင်အတိုင်းပဲ
လမ်းမခွဲ လက်တွဲမဖြုတ်ကြေးဆိုပြီး
ရင်ဘတ်သေနတ်ထောက်တယ်။

အရင်အတိုင်းပဲ
လေပြေလေးနဲ့ ကတိက၀တ်တွေ လိမ်းကျံထားတဲ့
အဆိပ်အတောက်တွေ ချကြွေးတယ်။

အရင်အတိုင်းပဲ
ပူးသတ်သူတွေ အစွယ်ထွက်လာတယ်။

အရင်အတိုင်းပဲ
ပညာရှိဆိုသူတွေ ပေါပေါပဲပဲ ပေါက်ဈေးရှိတယ်။

အရင်အတိုင်းပဲ
မော်လ၀ီနဲ့ ယောဂီ ပေါ်ပြူလာဖြစ်တယ်။

အရင်အတိုင်းပဲ
စက္ကဖြူစာတမ်းဟာ စက္ကဖြူစာတမ်းဖြစ်တယ်။

အရင်အတိုင်းပဲ ကျပ်မပြည့်သူတွေ ဓာတ်ငွေ့ရှာတယ်။

အရင်အတိုင်းပဲ
အာသီသရှိမှုတွေ ကစဥ့်ကရဲဖြစ်တယ်။

အရင်အတိုင်းပဲ
စကားပြောသူတွေ စကားတွေပဲပြောတယ်။

အရင်အတိုင်းပဲ ကံဆိုးသူမောင်ရှင်ဟာ အုန်းမြင့်နဲ့ တွေ့တယ်
ဒီတခါတော့ မောင်ရှင်ဟာ
အသာတကြည်ပဲ လှေပေါ်က ခုန်ချသွားတယ်
ဒီလိုကောင်မျိုးနဲ့တော့ တလှေတည်း မစီးဘူးဆိုပဲ။

အရင်အတိုင်းပဲ
မပဋာဟာ မြေလူးပြီး ခရေဖူးတွေ သီကုံးပန်ဆင်ရင်း
ရင်ကြားစေ့သီချင်းတွေ ဆိုတယ်။

အရင်အတိုင်းပဲ
တိုင်းရင်းသူတွေ နို့နှစ်လုံးဟာ
စစ်သွေးဆာ လက်ပေါင်းများစွာ ဆုပ်နယ်ဆွဲပွတ် ဖလှယ်ခံရတယ်။

အရင်အတိုင်းပဲ
ဝံပုလွေကို ဆင်ခြေနဲ့ မိတ်ဖွဲ့တယ်။

အရင်အတိုင်းပဲ
အာရုံပြောင်းမှုတွေ အာရုံနောက်လောက်အောင် များတယ်။

အရင်အတိုင်းပဲ
ကောင်းစားသူတွေ ဖောင်းကားတယ်။

အရင်အတိုင်းပဲ
နစ်နာသူတွေ နွံနစ်တယ်။

အရင်အတိုင်းပဲ
လက်ရဲဇက်ရဲတွေ အရှိန်အဟုန်နဲ့ လက်ရဲဇက်ရဲနေတုန်း။

အရင်အတိုင်းပဲ
အရှက်မဲ့သူတွေ မျက်လှည့်ပြစားတယ်
မျက်လှည့်ဆရာအစစ်တွေ ငေါင်ကိန်း။

အရင်အတိုင်းပဲ နာဂစ်ဟာ ဘာသစ္စာမှမရှိခဲ့။

အရင်အတိုင်းပဲ
ဥုံ ဟရီဟရီနဲ့ ရှိတာတွေလည်း ကုန်ခဲ့ပြီ။

အရင်အတိုင်းပဲ
မန္တလေးမြို့ဟာ ဟောင်လ ဟောင်လနဲ့ ပေါင်လှလှတွေ လမ်းသလား။

အရင်အတိုင်းပဲ
ရန်ကုန်ဟာ ရုန်းကန် အကြံကုန်။

အရင်အတိုင်းပဲ
မိန့်ခွန်းတွေ စားမြိန်ထုပ်ဖြစ်မလာခဲ့။

အရင်အတိုင်းပဲ
ကမ္ဘာမကြေသီချင်းတွေ ကြား ရွှေတူးသူများ။

အရင်အတိုင်းပဲ
ဖာသည်လှလှလေးတွေ မျိုးဆက်သစ်တွေနဲ့ ဈေးကွက်ကို ဖြည့်ဆည်းရ။

အရင်အတိုင်းပဲ
တတ်သိပညာရှင်ဆိုသူများ သူတို့ကိုယ်သူတို့ မမှတ်မိ။

အရင်အတိုင်းပဲ
လှံဖျား ပုဇဉ်းကလည်း နားမြဲ
ကျီးကန်းကလည်း ချေးပါမြဲ
ဒေါင်းများကလည်း ကဆဲ။

အရင်အတိုင်းပဲ
တိဘက်ခွေးတွေကလည်း ခြင်္သေ့ယောင်ဆောင်တယ်
လူတွေ့တိုင်းသာ မဟောင်ရင် ခြင်္သေ့ထင်စရာဖြစ်တုန်း။

အရင်အတိုင်းပဲ
အစိမ်းရောင်တွေ ပိန်းမှောင်ထအောင် ထွန်းကားနေတယ်။

အရင်အတိုင်းပဲ
ဆရာကြီးဇော်ဂျီရဲ့ ဘဲအုပ်ကို ကျုပ် ချက်စားချင် ကင်စားချင် ကျပ်တင်စားချင်တုန်း။

အရင်အတိုင်းပဲ
ဘောင်းဘီဝတ်ထားရင် တရုတ်မကိုတောင် ရှိန်ရတယ်။

အရင်အတိုင်းပဲ
မျိုးချစ်စိတ်နဲ့ မှိုချိုးမျှစ်ချိုးတယ် ချိုကျိုးနားရွက်ပဲ့။

အရင်အတိုင်းပဲ
ငါးတွေဟာ ငါးမျှားချိတ် မြင်ရင် ပါးစပ်တပြင်ပြင်။

အရင်အတိုင်းပဲ
ဖွင့်ထားမှုတွေ ပိတ်နေတယ်
ပိတ်ထားမှုတွေ ပွင့်နေတယ်။

အရင်အတိုင်းပဲ
လျှပ်စစ်မီးတွေဟာ အပြင်ကို လျှံထွက်တယ် အထဲမှာ သေနေတယ်။

အရင်အတိုင်းပဲ
သျှောင်အဆုံးခံမှ ထောင်လုံးလုံးကျ သင်္ကန်းကစဆွဲချွတ်ခံရတယ်။

အရင်အတိုင်းပဲ
ဖားတွေဟာ ထိုင်လိုက်ရင် ဘုရားရှေ့က ခြင်္သေ့လိုလို။

အရင်အတိုင်းပဲ
မေတ္တာတရားဟာ သေတ္တာမှားဝင်ပြီး ခရီးကြုံလိုက်တယ်။

အရင်အတိုင်းပဲ
ထမင်းရည်သောက်ခိုင်းတဲ့ ဆင်ပေါ်က ကောင်ထက် မော်ဒန်ကျ
နွားနို့သောက်ဟ ဆိုတဲ့
နို့ထွက်တဲ့ကောင်တွေ ပေါ်လာတယ်။

အရင်အတိုင်းပဲ
မသာကြီး သေချင်းဆိုကြီး ကာလနာကြီး
မြွေပွေးကိုက်ကြီး ခွေးကြီး နွားကြီး
မုဒိန်းကောင်ကြီး လူယုတ်မာကြီး လူလိမ်ကြီး သမ္မတကြီးဆိုပြီး
တို့လူမျိုးတွေရဲ့ မတိမ်ကောတဲ့ ဝေါဟာရတွေ ရှိနေတုန်း။

အရင်အတိုင်းပဲ
မသာကြီး သေချင်းဆိုးကြီးဟာလည်း မသာကြီး သေချင်းဆိုးကြီးပဲ။

အရင်အတိုင်းပဲ
ကာလနာကြီး မြွေပွေးကိုက်ကြီးကလဲ ထိုနည်းလည်းကောင်း ...။

အရင်အတိုင်းပဲ
ခွေးကြီး နွားကြီးကလည်း နွားကြီး ခွေးကြီးပဲ။

အရင်အတိုင်းပဲ
မုဒိန်းကောင်ကြီး လူယုတ်မာကြီး လူလိမ်ကြီး သမ္မတကြီးဆိုတာလည်း
အရင်အတိုင်းပေါ့ဗျာ။

အားလုံးဟာ
အရင်အတိုင်းထက် ပိုပြီး ဖောင်းပွလာတဲ့ အရင်အတိုင်းတွေ
လှိုင်လှိုင်ဝေလာတာကလွဲလို့
အရင်အတိုင်းပါပဲ။.....။

ကိုမွှေး

2 comments:

Tomahawk said...

What a masterpiece.
Thank you, brilliant Ko TokeGyi.

Maung Maung Kyaw Win said...

ကိုတုတျကြီးကပြောတယ်အရင်အတိုင်းပဲတဲ့။ဘာမှမပြောင်းလဲဘူး။မှန်လိုက်လေ။အဲသည်လိုကာလမှာအရင်ကနဲ့မတူတော့ပဲအသားထဲကထွက်လာတဲ့လောက်တွေတကောင်ပြီးတကောင်ချီးတောမှာပျော်မြူးနေကြတာတွေ့ရတော့ရွံစရာကောင်းလှချည်လားလို့ဆင်ခြင်မိတယ်ဗျာ။လောက်တွေပျော်မြူးရာချီးတွင်းကြီးတဖြေးဖြေးကြီးမားလာတာကတော့အနာဂတ်အတွက်ရင်လေးစရာပါပဲ။