Tuesday, July 1, 2014

ရဲသတင်းတပ်ဖွဲ့က သတင်းဌာနများကို စုံစမ်းမေးမြန်းမှု စာနယ်ဇင်းကောင်စီ(ယာယီ) လွှတ်တော်တွင် တင်ပြမေးမြန်းမည်

ကို​ထွေး
DVB - 1 July 2014

ရဲသတင်းတပ်ဖွဲ့တွေက ရန်ကုန်မှာရှိတဲ့ သတင်းစာ ဂျာနယ်တွေက အယ်ဒီတာတွေကို ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့တဲ့ ကိစ္စကို စာနယ်ဇင်းကောင်စီ(ယာယီ)က လွှတ်တော်မှာ တင်ပြမေးမြန်းသွားဖို့ ရှိနေပါတယ်။

ဒီလို ရဲသတင်းတပ်ဖွဲ့က အယ်ဒီတာတွေကို ခေါ်ယူမေးမြန်းနေတဲ့ ကိစ္စတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုပေးထားသလား ဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမေးမြန်းဖို့ မီဒီယာသမားတွေရဲ့ လက်မှတ်တွေကို စုဆောင်းနေတယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ )က ပြောပါတယ်။

ဒီလို မေးမြန်းမှလည်း လွှတ်တော်က ဒီကိစ္စကို ကိုင်တွယ်နိုင်မယ်လို့ ယူဆတဲ့အကြောင်းနဲ့ ဒီဆောင်ရွက်ချက်ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဇော်သက်ထွေးက ဒီဗွီဘီကို ပြောပါတယ်။

“မီဒီယာသမားတွေကို သတင်းတပ်ဖွဲ့က ဆင့်ခေါ်ပြီး မေးမြန်းနေတာကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်လည်း စိတ်ပူစရာကောင်းတယ်၊ နောက်ပြီးတော့ ခြောက်လှန့်မှုလို၊ ခြိမ်းခြောက်မှုလို သဘောမျိုးတွေ ခံစားနေရတယ်။ တော်တော်တော့ မနှစ်မြို့ဘူး။ ဒါကြောင့် ဒါတွေအားလုံးကို ရပ်တန့်ပြီးတော့ သူ့ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအတိုင်းပဲ ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။”

အရင် သီတင်းပတ်တွေက ရဲသတင်းတပ်ဖွဲ့တွေက ရန်ကုန်အခြေစိုက် နေစဉ်နဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေရဲ့ စီးပွားရေး အရှုံးအမြတ်ကိစ္စရပ်တွေကို လိုက်လံမေးမြန်းခဲ့ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ချက်မှာ အခုလို အလားအလာမကောင်းတဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ပေးဖို့ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို လွတ်ပေးဖို့ အစိုးရရဲ့ စွက်ဖက်မှုမပါဘဲ သတင်းထောက်တွေကို သူတို့ရဲ့ အလုပ်တွေကို လုပ်ခွင့်ပေးဖို့ တောင်းဆိုထားတယ်။

မီဒီယာလွတ်လပ်ခွင့်ဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခံယူချက်ကို တိုင်းတာနိုင်တဲ့ ကိရိယာတခုဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀န်းက ကာကွယ်ပေးဖို့ လိုသလို လက်ရှိမှာတော့ မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ မှားယွင်းတဲ့ လမ်းကြောင်းကို ဦးတည်နေတယ်လို့ သတ်မှတ်ချက်တွေက ညွှန်ပြနေတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

No comments: