Sunday, July 13, 2014

ယူနတီသတင်းထောက်များ ထောင် ၁၀ နှစ်ချခံရမှု ပြန်သုံးသပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဝင်းကိုကိုလတ်
ပခုက္ကူ၊ မဇ္ဈိမ - 12 July 2014

၁၉၂၃ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃/၁(က)အား ဖောက်ဖျက်သည်ဟုဆိုကာ ယူနတီ အပတ်စဉ်စာစောင်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် ၄ ဦးအား ပခုက္ကူမြို့နယ် တရားရုံးက ဇူလိုင်လ ၁ဝ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းကို ပြန်သုံးသပ်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၂ ရက်က ပခုက္ကူမြို့နယ်တွင် ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ နောက်ဆုံးမြို့နယ်အဖြစ် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ ကျင်းပရာ ပရိသတ်များထဲမှ မေးခွန်းမေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီသတင်းထောက်တွေကို ထောင်ဆယ်နှစ်ချမှတ်တာနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ သုံးသပ်သင့်ပါတယ်။ ဒါက ကျွန်မ တဦးတည်းရဲ့ ပုဂ္ဂလိကအမြင်ပါ” ဟု ပြောကြားခဲ့သည်။

၎င်းက တရားဥပဒေအမြင်ကျတော့ ကျွန်မက ဥပဒေပညာရှင်မဟုတ်တဲ့အတွက် မပြောချင်ပါဘူးဟု ဖြည့်စွက်ပြောသည်။ သတင်းထောက်များအား ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခြင်းအား အင်မတန်လွန်သည်ဟု ထင်ကြောင်း ဥပဒေအရ ပြန်သုံးသပ်ရမည်ဖြစ်ကြောင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လုပ်နေသည်ဆိုကာ သတင်းထောက်များ၏ လုပ်ပိုင်ခွင့်ကို ချုပ်တည်းလာသည်ဆိုပါက စဉ်းစားစရာတွေဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ဒါပေမယ့် နိုင်ငံတော်လုံခြုံရေးနဲ့ ဆိုင်တယ်ပြောတယ်။ လုံခြုံရေးနဲ့ဆိုင်တယ်ဆိုတာကို လက်မခံလို့တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်အောက်မှာ လုံခြုံရေးနဲ့ လွတ်လပ်ရေးဟာ ချိန်ခွင်လျှာ မျှနေရမယ်” ဟုဆိုသည်။

ထို့ပြင် “ လုံခြံရေး၊ လုံခြုံးရေးဆိုပြီး လွတ်လပ်ရေးကို ကန့်သတ်လို့မဖြစ်ဘူး။ လွတ်လပ်ရေး လွတ်လပ်ရေး ဆိုပြီးတော့လည်း လုံခြုံရေးကို လျစ်လျူရှုလို့မရပါဘူး။ ဒီနှစ်ခုဟာ ချိန်ခွင်လျာမျှနေရမယ်” ဟု ဆက်လက်ပြောသည်။

၂ဝ၁၃ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် ယူနတီစာစောင်တွင်အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်စွာ တည်ဆောက်ထားသော ဓာတုလက်နက်စက်ရုံဟု ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည့်အတွက် ယင်းလ ၃ဝ ရက်မှာပင် အဆိုပါစက်ရုံမှူး ဒုတိယ ဗိုလ်မှူးကြီးကျော်ကျော်ဦးက တရားလိုလုပ်တိုင်တန်းခဲ့ရာ (ပ) ၈/ ၂ဝ၁၄ မြန်မာနိုင်ငံ လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃(၁) (က) /၉ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး အခုလ ၁၀ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ
- သတင်းထောက်တွေရဲ့ ထောင်ဒဏ် များလွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန် click
- သတင်းထောက်တွေရဲ့ ထောင်ဒဏ်ကို ပြန်သုံးသပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်သံ) click
- ယူနတီသတင်းထောက်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ဟု စာနယ်ဇင်းကောင်စီ ပြော click
- သတင်းသမားတွေ ထောင်ချခံရမှု BNI အပြင်းအထန် ကန့်ကွက် click
- နွားနို့ပို့သူများသာ အလိုရှိသည် (ဆောင်းပါး) click
- သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်ကို အပြည့်အဝပေးရန် သမ္မတထံသို့ သတင်းမီဒီယာ အိတ်ဖွင့်စာ ပေးပို့ click

No comments: