Tuesday, July 1, 2014

ပြည်တွင်းအင်တာနက် Bandwidth မှာ ပြီးခဲ့သည့် ၃ နှစ်ထက် ၇ ဆကျော် တိုးချဲ့ထားပြီး ၅၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုနေ

မောင်မန်း
Mizzima - Tuesday, 01 July 2014

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုပမာဏ မြင့်တက်လာသည့်အလျှောက် အင်တာနက် Bandwidth ကို လွန်ခဲ့သည့် သုံးနှစ်ကထက် ခုနစ်ဆကျော် ပိုမိုမြှင့်တင်ထားသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၄ ခုနှစ်၊ မေလတွင် အင်တာနက် Bandwidth 27.36 Gbps အထိရရှိနေပြီး ၂၀၁၁ ခုနှစ်တွင် ၃.၇၂ ရရှိခဲ့သည်။ လက်ရှိအချိန်တွင် အသုံးပြုနိုင်သည့် အင်တာနက် Bandwidth မှာ လုံလောက်မှုရှိပြီး အသုံးပြုနိုင်သည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုနေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးဌာန(အဝေးဆက်)က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။

ဦးစိုင်းစောလင်းထွန်းက “လက်ရှိသုံးလို့ရနေတဲ့ Bandwidth က လုံလောက်မှုရှိပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ခုနှစ်၌ အင်တာနက်အသုံးပြုသူ ၆၆,၄၅၀ ဦးတွင် အင်တာနက် Bandwidth 3.72 Gbps ရှိပြီး ၂၀၁၄ခုနှစ်၊ မေလအထိ စာရင်းများအရ အင်တာနက် အသုံးပြုသူအရေအတွက် သုံးသန်းနီးပါးအထိ တိုးတက်လာချိန်တွင် အင်တာနက် Bandwidth 27.36 Gbps တိုးချဲ့ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နှိုင်းယှဉ်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများသည် ယခုနှစ်များ၌ ပိုမိုကောင်းမွန်လာသည်ဟု Open Myanmar Initiative က Chief Technology Officer ကိုစိုးသီဟနောင်က သူ၏ အမြင်ကို သုံးသပ်ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ ဒီနှစ်တွေအတွင်းမှာ Telecom Infrastructure က အရင်ကထက် ပိုကောင်းလာတာ မြင်နေရပါတယ်။ အင်တာနက်ချိတ်ဆက်နိုင်မှု ပိုပြီး ကောင်းလာရင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့ ရှိပါတယ်” ဟု ဆိုသည်။

ပြည်တွင်းအင်တာနက် Bandwidth ပမာဏ တိုးချဲ့နိုင်ရန်အတွက် Sea-Me-We 5 ကေဘယ်လ်သွယ်တန်း မှုကို ၂၀၁၆ နှစ် ကုန်ပိုင်းတွင် ပြီးစီးနိုင်စေရန် ဆောင်ရွက်နေပြီး အဆိုပါကေဘယ်လ်သွယ်တန်းပြီးပါက အင်တာနက် Bandwidth 300 Gbps အထိ တိုးချဲ့နိုင်မည်ဖြစ်သည်ဟုလည်း ဦးစိုင်းစောလင်းထွန်းက ဆိုသည်။

လက်ရှိပြည်တွင်းတွင် ပေးနေသည့် ၀န်ဆောင်မှုများကို ပိုမိုကောင်းမွန်စေရန်အတွက် အဆင့်မြှင့်တင် ဆောင်ရွက်မှုများ ပြုလုပ်နေပြီး တင်ဒါများခေါ်ယူနေသည်ဟုလည်း ၎င်းက ဆိုသည်။ လက်ရှိဝန်ဆောင်မှု ပေးနေသည့် Sea-Me-We 3 ကေဘယ်လ်မှ 50 Gbps နှင့် ကုန်းတွင်းဆက်ကြောင်းများမှ 30 Gbps ခန့်အထိ အင်တာနက် Bandwidth တိုးချဲ့ပေးနိုင်ရန်လည်း ဆောင်ရွက်နေသည်ဟု ဦးစိုင်းစောလင်းထွန်းက ဆိုသည်။

၎င်းက “၀န်ဆောင်မှုပေးနေတဲ့ လိုင်းတွေမှာ ကျပ်နေတာတွေရှိတယ်။ လိုအပ်တာတွေကို ဖြည့်နိုင်ဖို့ လိုက်လုပ်နေပါတယ်။ ပြည်တွင်း ဆက်ကြောင်းတွေကနေ တိုးချဲ့နိုင်ဖို့လည်း လုပ်နေပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအလုံးရေ စုစုပေါင်း ၈ ဒသမ ၈၅ သန်း ချထားပေးပြီးဖြစ်ပြီး တယ်လီဖုန်းသိပ်သည်းမှု ရာခိုင်နှုန်း သည် ၂၀၁၄ ခုနှစ်၊ မေလတွင် ၁၅ ဒသမ ၆၀ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်သည်။

တယ်လီဖုန်းသိပ်သည်းဆကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

No comments: