Tuesday, July 1, 2014

ရခိုင်အမျိုးသားပါတီ (ANP) အမတ်များ၏ အလျှော့ပေး အညံ့ခံရေး စံချိန်သစ်

တူမောင်ညို
မိုးမခ၊ ဇူလိုင် ၁၊ ၂၀၁၄
အလျှော့ပေး အညံ့ခံရေး စံချိန်သစ်ကို အတိုက်အခံပါတီခေါင်းဆောင်ဆိုသူများ၊ အတိုက်အခံအမတ်ဆိုသူများက အာဏာရ အုပ်စိုးသူထံ သူ့ထက်ငါဦး အပြိုင်တင်နေကြတယ်ထင်ပါရဲ့။

၂၃- ၆- ၂၀၁၄ရက်နေ့စွဲဖြင့် ဗိုလ်ချုပ်မောင်မောင်အုန်းအား“ရခိုင်ပြည်နယ်ဝန်ကြီးချုပ်” ခန့်အပ်မည့်ကိစ္စ ရခိုင်အမျိုးသားပါတီ (ANP)က သဘောထားထုတ်ပြန်ချက်အမှတ်(၂/၂၀၁၄) ထုတ်ပြန်ခဲ့ပါတယ်။ ထိုထုတ်ပြန်ချက်တွင် ရခိုင်အမျိုးသားပါတီသဘောထားကို အချက် ၃ ချက်နဲ့ တိကျစွာဖော်ပြထားပါတယ်။

အဆိုပါ အချက် ၃ ချက်အနက် ပထမ ၂ ချက်ရဲ့ သဘောထားက ပြည်နယ်ဝန်ကြီးချုပ်လောင်းဟာ ကြံ့ဖွံ့ပါတီက ဖြစ်မည် ဆိုလည်း ကျေနပ်ပါတယ်၊ လက်ခံပါမယ်ဆိုတဲ့ မျက်ရည်ခံထိုးပြီး နွဲ့ဆိုး ဆိုးတဲ့ သဘောသာဖြစ်ပါတယ်။ နုတ်ထွက်သွားသူ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ဟာ ရခိုင်တိုင်းရင်းသား၊ ကြံ့ဖွံ့ပါတီကရွေးချယ်ခံကိုယ်စားလှယ် (အမ်း ၁ ) ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မောင်မောင်အုန်းအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်မယ်ဆိုတာ ဒေါက်တာအေးမောင်တို့ သိပြီးသားဖြစ်ပါတယ်။ တတိယအချက် တစ်ခုထဲသာ ရခိုင်အမျိုးသားပါတီ(ANP) အတွက် မရဲတရဲ အဆိုပြုထားချက်ဖြစ်ပါတယ်။

ထိုကြေညာချက်ထွက်ပြီးနောက် ၅ ရက်မျှအကြာ ( ဇွန်လ ၂၈ ရက်နေ့)တွင် (ANP) ပါတီဥက္ကဋ္ဌ၊ ဒေါက်တာအေးမောင်က “ရခိုင်တိုင်းရင်းသား မဟုတ်တာ၊ တပ်မတော်ကလာတာဆိုတဲ့ အယူအဆကို ခေတ္တမေ့ပေးပါ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်သူနဲ့မဆို ကျွန်တော်တို့ လက်တွဲဆောင်ရွက်ရပါမယ်” လို့ပြောထွက်လာပါတယ်။

ဒေါက်တာအေးမောင်ရဲ့ ဒီပြောဆိုချက်ဟာ တကယ်တော့ ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သဘောထားထုတ်ပြန်ချက် အမှတ် (၂/၂၀၁၄) အား “ရုပ်သိမ်းပါတယ်” ပြောခြင်းဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီခေတ်မှာ ဆရာတော်ဦးဥတ္တမက အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်အား ( Craddock get out !) “ ကရက်ဒေါက်ထွက်သွား”လို့ ရဲရဲရင့်ရင့်ပြောပါတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာလည်း (အခြေအနေအရ ရခိုင်နဲ့အထက်ဗမာပြည်) အစောဆုံးတော်လှန်ခဲ့ကြတာပါ။ (မဆလ) ခေတ်မှာလည်း စစ်တွေဆန်လုပွဲအပါအဝင် သပိတ်တိုက်ပွဲတွေ၊ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲတွေနဲ့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရခိုင်သားတွေဟာ ဒေါက်တာအေးမောင်တို့၊ ဦးဦးလှစောတို့ ခေတ်ရောက် တော့မှပဲ သမိုင်း အစဉ်အလာတွေ မှေးမှိန်သေး သိမ်သွားတာမျိုးမဖြစ်စကောင်းပါဘူး။

စည်းကမ်းပြည့်ဝသောဒီမိုကရေစီခေတ်မှာတော့ (ANP) ပါတီဥက္ကဋ္ဌကြီး ဒေါက်တာအေးမောင်ရဲ့စကားက ရာဇဝင်တွင် လောက်ပါပေတယ်၊ “ခေတ္တမေ့ပေးပါ”တဲ့။ “ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်သူနဲ့မဆို လက်တွဲလုပ်မယ်”တဲ့။

“ဘယ်သူနဲ့မဆို” လို့ ဆိုတဲ့အထဲမှာ(OIC)တို့၊(RSO)တို့တော့ မပါလောက်ဘူးထင်ပါရဲ့။ ဒေါက်တာအေးမောင် ပြောချင်တာက “ ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ထဲက ဘယ်သူနဲ့မဆို ” လက်တွဲလုပ်ပါ့မယ်လို့ပြောချင်တာဖြစ်မှာပါ။

ဒေါက်တာအေးမောင် ခင်ဗျား — ဘယ်သူနဲ့မဆိုတွဲလုပ်မယ့်ကိစ္စတွေထဲမှာ (PR) ကိစ္စများပါသေးသလား။

“ဖွဲ့စည်းပုံပြင်ဆင်ရေး ၃၁ ဦးကော်မတီ” ထဲက ထွက်မယ်ဆိုပြီး ဒေါက်တာအေးမောင် လေသံပစ်နေတာလည်း အမတ်ချုပ် ဗိုလ်ရွှေမန်းကို စိတ်ကောက်ပြနေတာလို့သာ ယူဆပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုတဲ့အပေါ် ရခိုင်အမျိုးသားပါတီ(ANP)က ကန့်ကွက်ဖို့ရှိ /မရှိ မေးတဲ့အခါ ဦးအောင်မြကျော်က “ကန့်ကွက်ချင်တဲ့ဆန္ဒကတော့ ရှိကြတာပေါ့။ ဒါပေမဲ့ Constitution က အတားအဆီးလုပ်ထားတော့ ဘာမှတော့ ဆက်လုပ်လို့ မရတဲ့သဘောမို့ပါ” လို့ဖြေသွားပါတယ်။

ဒီလိုဆိုရင် ဒီချုပ်ပါတီက ပြင်ဆင်ရန် အဆိုပြုနေတဲ့ “ပုဒ်မပေါင်း ၁၆၈ ခု ” တွင် ပြည်နယ်အစိုးရဖွဲ့စည်းခြင်း၊ ပြည်နယ် ဝန်ကြီး ချုပ် ခန့်အပ်ခြင်းကိစ္စများနဲ့ပတ်သက်ပြီးပြည်နယ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိစေရေးအတွက် “၂၀၀၈ အခြေခံဥပဒေ” ထဲက ပုဒ်မ ၂၄၈ ၊ ပုဒ်မ၂၆၁၊ ပုဒ်မ၂၆၂၊ ပုဒ်မ ၂၆၄ စသည်တို့အား ပြင်ဆင်ရန် ကျိုးကြောင်းဖော်ပြချက်နဲ့တကွ တင်ပြထားပါတယ်။ ဒီအချက်တွေအပေါ် မှာ (ANP) က ဘယ်လို သဘောထားပါသလဲ။ ဘယ်လိုများဆောင်ရွက်နေပါသလဲ။

အခုတော့ ဗိုလ်ချုပ်မောင်မောင်အုန်း အား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် “(ANP) ပါတီက အမတ်နေရာအများစုရရှိထားသော” ရခိုင်ပြည်နယ် လွှတ်တော်က “ကန့်ကွက်သူမရှိ” အတည်ပြုလိုက်ပါပြီ။

ဒီအချက်က ရွေးကောက်ခံကိုယ်စားလှယ်များက ရွေးကောက်ခံမဟုတ် သူကို အညံ့ခံအရှုံးပေးရတာပါ။ ရခိုင်လွှတ်တော် အမတ်များရဲ့ “အလျှော့ပေး အညံ့ခံရေးစံချိန်သစ်” တင်မှုလည်းဖြစ်ပါတယ်။

ဒါကြောင့် “သံပုံးတီးမယ်” ဆိုတာဟာ ဗိုလ်ချုပ်မောင်မောင်အုန်း ဝန်ကြီးချုပ်ဖြစ် လာရင် “သံပုံးတီးပြီး ကြိုဆိုမယ်” လို့ပြော တာပဲ ဖြစ်မှာပါ။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ရခိုင်ပြည်နယ်မှာ ဒီချုပ်ပါတီက လာရောက်ဟောပြောတဲ့အခါ (ANP) က ဘယ်လိုပါဝင်ဆောင်ရွက် မလဲ။ ဒီချုပ်ပါတီကြေညာချက်အရ ဇွန်လ ၃၀ ရက်နေ့အထိ လက်မှတ်ပေါင်း ၃၃ သိန်းရထားတဲ့အ ထဲမှာ ဒေါက်တာအေးမောင်တို့ လက် မှတ်တွေ ပါသလား။ ရခိုင်ပြည်နယ်မှာ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” လာရောက်ဟောပြောတဲ့အခါ ကပျက်ယပျက် သံပုံးတီးသံတွေ ထွက်ပေါ်လာမယ်ဆိုရင်တော့ ဒေါက်တာအေးမောင်တို့ (ANP) မှာ မပြေးသော်လည်းကန်ရာရှိနေပါလိမ့်မယ်။

ညွန်း
- ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ခန့်အပ်တာဝန်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ သဘောထားထုတ်ပြန်ချက်အမှတ် (၂/၂၀၁၄)
- “ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်သည် တပ်မတော်မှ လာခြင်းကို မေ့ထားရန် ဒေါက်တာအေးမောင် ပြော” ရန်ကုန်၊ မဇ္ဈိမ။ (၂၈-၆-၂၀၁၄)
- (ဒီချုပ်ပါတီ၏ ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့သာသုံးအကြံပြုချက်စာတမ်း။

No comments: