Saturday, June 28, 2014

လက်ရှိ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တရားမျှတမှုမရှိဘဲ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်ဟု Educational Initiatives အဖွဲ့ သုံးသပ်

ဖြိုးဝေ
http://www.news-eleven.com/
June 27, 2014

The Educational Initiatives မှ ကျောင်းအုပ်ကြီး Mr. Igor Blazevic က ရှင်းလင်းပြောကြားစဉ်
လက်ရှိ ဖြစ်ပေါ်နေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိနိုင်ဘဲ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အသွင်ကူးပြောင်းသည့် ဒီမိုကရေစီနိုင်ငံများအား မြန်မာနိုင်ငံ အခြေစိုက်၍ လေ့လာနေသည့် The Educational Initiatives မှ ကျောင်းအုပ်ကြီး Mr. Igor Blazevic က ဇွန် ၂၆ ရက်တွင် ပြောကြားသည်။

အာဏာရှင်နိုင်ငံများမှ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား လေ့လာ၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရှိနေခြင်း၊ ရှိမနေခြင်းများနှင့် စပ်လျဉ်း၍ ဇွန် ၂၆ ရက်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ The Educational Initiatives အဖွဲ့ရုံးခန်းတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် နှစ်ကုန်ပိုင်းအတွင်း ကျင်းပဖွယ်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သုံးသပ်ခဲ့သည့် ၂ဝ၁၅ ရွေးကောက်ပွဲ အခြေအနေနှင့် နိုင်ငံရေးဖြစ်စဉ် ကူးပြောင်းမှုများအား Mr. Igor Blazevic က လေ့လာသုံးသပ်ရာတွင် ကင်ညာနိုင်ငံ၌ ၂ဝဝ၇ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မဲမသမာမှုများ၊ အကြမ်းဖက်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားသည်အထိ အခြေအနေ ဆိုးရွားခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ရွေးကောက်ပွဲကိုမူ တရားမျှတအေးချမ်းစွာ ကျင်းပနိုင်ခဲ့ကြောင်း၊ အချက်အလက် နှစ်ခုအပေါ်တွင် အခြေပြု၍ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်သည့် အလားအလာများကို တက်ရောက်လာသည့် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း ၃ဝ ခန့်မှ တက်ကြွလှုပ်ရှားသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကင်ညာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် ရွေးကောက်ပွဲလုပ်စဉ်က ပြည်သူလူထု၏ မကျေနပ်မှု၊ ဒေါသထွက်မှုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ပါတီတစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်မှ လုပ်ဆောင်မှုအား ကြုံခဲ့ရသဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ အထိကြုံခဲ့ရပြီး ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင်လည်း ထိုသို့ ပါတီတစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်မှ ပြည်သူများအကြား သွေးထိုးလှုံ့ဆော်မှုများ ရှိလာနိုင်သလားဟု တက်ရောက်လာသူ မြန်မာအရပ်ဘက် အဖွဲ့အစည်းများအား မေးမြန်းရာ အဆိုးဆုံးအနေအထားဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာအရပ်ဘက် အဖွဲ့အစည်းများက ဖြေကြားသည်။

ထို့ပြင် ဆင်းရဲမွဲတေမှု၊ တရားမျှတမှု၊ ပြည်သူများ ပြုပြင်လိုနေသည့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်နိုင်မှု၊ ရွေးကောက်ပွဲပြိုင်ဆိုင်မှု ပြင်းထန်မှု၊ ခွဲခြားဆက်ဆံသည့် မမျှတသည့် ဥပဒေများ များပြားအသက်ဝင်နေမှု၊ အမျိုးသားရေး လူမျိုးရေးများ ခွဲခြားနေသည့် ပါတီများရှိနေမှု၊ ပဋိပက္ခများ ဖြစ်ပေါ်စေရန် လုပ်ဆောင်မှုနှင့် ပဋိပက္ခများအား တည်ငြိမ်အောင် ထိန်းကွပ်ခြင်းမရှိမှု၊ တရားစီရင်ရေးဘက်လိုက်မှု၊ ဘာသာရေးလူမျိုးရေး ခေါင်းဆောင်များက မိမိဘာသာ မိမိလူမျိုးအတွက် ပဋိပက္ခများ ဖြစ်ပွားမှုအား ဦးတည်နေသည့် လုပ်ဆောင်မှုများ ရှိ မရှိ စသည့် မေးခွန်းများအား တက်ရောက်လာသူများကို မေးမြန်းရာ ၂ဝ၁၅ ခုနှစ်တွင် အထက်ပါ ပြဿနာများမှာ ဆိုးရွားစွာ ကြုံတွေ့လာရနိုင်သည်ဟု မေးခွန်းအများစုအပေါ် တက်ရောက်သူများက မှတ်ချက်ပြုသည်။

“ကင်ညာမှာ ၂ဝဝ၇ ခုနှစ်တုန်းက ဖြစ်ခဲ့တာတွေက မြန်မာနိုင်ငံ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တယ်။ ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် ပဋိပက္ခတွေ ဖန်တီးထားတာက ရှိနေပြီ။ ဒီရွေးကောက်ပွဲကနေ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေမိတယ်”ဟု Mr. Igor Blazevic က ဆိုသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုမှာ ဒီမိုကရေစီဟု ခေါ်ဆိုနိုင်သည့် အဆင့်သို့ မရောက်သေးဘဲ လက်ရှိနိုင်ငံတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ကမ္ဘောဒီးယား၊ ရုရှား၊ အဇာဘိုင်ဂျန် စသည့်နိုင်ငံများကဲ့သို့ ဒီမိုကရေစီအစစ် မဟုတ်သည့် အနေအထား ဖြစ်ပေါ်နေပြီး အနှစ် ၂ဝ ကျော်ခန့် တည်တံ့သွားနိုင်မည့် အနေအထားသို့ ရောက်ရှိနေကြောင်းလည်း Mr. Igor Blazevic က ဆိုသည်။

No comments: