Friday, June 27, 2014

နိုင်ငံတကာလူ့အခွင့်အရေးဆုတဆု ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ရရှိ

http://www.7daydaily.com
Friday, June 27, 2014

ကိုရီးယားနိုင်ငံရှိ The Truth ဖောင်ဒေးရှင်းက ပေးအပ်သည့် လူ့အခွင့်အရေးဆုကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှ ပထမဆုံးအဖြစ် ရရှိသွားကြောင်း သိရသည်။

အဆိုပါလူ့အခွင့်အရေးဆုမှာ စတုတ္ထအကြိမ်မြောက် ပေးအပ်ခြင်းဖြစ်ပြီး ယခင်က ကိုရီးယားနိုင်ငံသားများကိုသာ ပေးအပ်ခဲ့ကာ ယခုအကြိမ်တွင် ပြည်ပမှ လူပုဂ္ဂိုလ်နှင့် အဖွဲအစည်းအား ပထမဆုံး ပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ပထမဆုံးအကြိမ် လက်ခံရရှိခြင်းလည်းဖြစ်သည်။

ဆုပေးပွဲအခမ်းအနားကို ဇွန် လ ၂၆ ရက်တွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားသည့် ဗီဒီယိုင်ဖိုင်ကိုလည်း ဖွင့်လှစ်ပြသခဲ့သည်။

လူ့အခွင့်အရေးဆုကို ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နှင့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကိုယ်စား အတွင်းရေးမှူး ဦးကျော်အောင်နှင့် ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)တို့က သွားရောက်လက်ခံခဲ့ကြသည်။

The Truth Foundation သည် ကိုရီးယားနိုင်ငံအာဏာရှင် အစိုးရများလက်ထက်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဘ၀ပြန်လည်ထူထောင်ရေး ကိစ္စများကို ဆောင်ရွက်ပေးသူတို့အား နှစ်စဉ်ဆုပေးအပ်နေသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

ယခင်က ကိုရီးယားနိုင်ငံသားသုံးဦးကို ဆုပေးအပ်ခဲ့ပြီး ယခုနှစ်တွင် ပြည်ပနိုင်ငံသား (သို့) ပြည်ပမှ အဖွဲ့အစည်းတခုခုသို့ ပထမဆုံး ပေးအပ်ခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ဆုရရှိခဲ့ခြင်းဖြစ်သည်။

No comments: