Friday, June 27, 2014

“အံ့မောင်တခု အရင်းပြု၍ ...” နှင့် “အောင်မင်းနည်း”

Aungmyo Tun's Facebook Status

June 24
သန္တိသုခအံ့မောင်ကို စစစ ဌာနက ခေါ်ယူစစ်ဆေးမေးမြန်းတဲ့သတင်းတွေ အပြင်မှာ ထွက်ပေါ်နေတာနဲ့ ပက်သက်ပြီး ယမန်နေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးများ ခေတ္တရပ်နားနေချိန်မှာ ပြည်ထဲရေး ဒုဝန်ကြီး ကျော်ကျော်ထွန်းက မီဒီယာများရဲ့ မေးမြန်းမှုကို “ကျနော်တော့ မကြားမိဘူးဗျ။ သူတို့  ခေါ်ယူစစ်ဆေးတာဆိုရင်လည်း တချို့ ခေါ်ယူစစ်ဆေးတာမဟုတ်ဘဲနဲ့  တခါတရံကျရင်လည်း ခေါ်တွေ့ တာမျိုးတွေ ဘာတွေ ရှိရင်လည်း ရှိမှာပေါ့လေ။ ဒါပေမယ့် အတိအကျတော့ ကျနော်မသိသေးဘူး” လို့  ပြန်လည်ဖြေကြားသွားတာကို ဒီနေ့ ထုတ် သတင်းစာတစောင်မှာ ဖတ်ရပါတယ်။

ထို့အတူ သာသနာရေးဌာနက တာဝန်ရှိသူတွေကို အံ့မောင်အဖမ်းခံထားရတဲ့ကိစ္စ အတည်ပြုနိုင်ခြင်း ရှိမရှိ မီဒီယာတချို့ ရဲ့ မေးမြန်းမှုကိုလည်း ရဲဌာနဘက်ကိုသာ မေးမြန်းကြပါလို့  လက်လွှဲပေးလိုက်တာမျိုးတွေ တွေ့ နေရတယ်။ သန္တိသုခအံ့မောင် ဆွဲစေ့ခံရတဲ့သတင်းကို အာအက်ဖ်အေသတင်းဌာနက စတင် ဖော်ပြခဲ့ပြီးမှ တောမီးလို ပျံ့ နှံ့ ခဲ့တာပါ။ ဒါ့အပြင် အဖမ်းခံဘုန်းကြီး ၅ ပါးကို ရုံးထုတ်ပြီးတဲ့နောက်မှာ ဒီသတင်း ထွက်ပေါ်လာတာပါ။ လန်ဒန်ဘုန်းကြီးတို့  တာမွေတရားရုံး အမှုရင်ဆိုင်တဲ့နေ့ မှာ ရွှေည၀ါ၊ ၀ီရသူနဲ့  ပါမောက္ခတို့ အစီအမံနဲ့  သန္တိသုခအရေး အဓိက တရားခံဖြစ်သူဟု သူတို့  စွပ်စွဲကြတဲ့ အံ့မောင်ကို အပြစ်ပေးရန် ကြွေးကြော်သံများ အော်ဟစ်၊ ဗီနိုင်းချပ် ပိုစတာများ ထောင်ပြတာတွေကို ထုတ်ဖော်ပြုလုပ်ကြပါတယ်။ ကာယကံရှင်ဖြစ်တဲ့ ပီနန်ဘုန်းကြီးကလည်း ကျောင်းချိတ်ပိတ်ပြီး ဘုန်းကြီးများ အဖမ်းခံရတဲ့ကိစ္စရဲ့ လက်သည်ဟာ အံ့မောင်လို့ သာ အမည်တပ်ကာ အင်တာဗျူးတွေ ပေးခဲ့တာကြောင့် “အံမောင် အဖမ်းခံရရေး”ဟာ သန္တိသုခရဲ့  ကျေနပ်ဖွယ် အဖြေတခုလိုဖြစ်လာတယ်။ ပြဿနာရဲ့ ထွက်ပေါက်ဟာ “ကျောင်းပြန်မရရင် နေပါစေ၊ အံ့မောင် ထောင်ကျရင် ပြီးရော” ဆိုတဲ့ လမ်းကြောင်းဆီ ရောက်လာအောင် ပုံဖော်နေကြပါတယ်။

“အံ့မောင် အဖမ်းခံထားရပြီ” သတင်းဟာ သာသနာရေးဝန်ကြီး ဗိုလ်ဆန်းဆင့်ကို သမ္မတအမိန့် နဲ့  တာဝန်က ဖယ်ရှားပြီးနောက်ပိုင်းမှ ဆက်တိုက် ပေါ်လာတာပါ။ ဒီသတင်း ပြန့် နှံ့ သွားစေချင်တာမှာ သမ္မတ ဗိုလ်သိန်းစိန်တယောက် ထိပ်ဆုံးက ပါနေပါတယ်။ မဘသ ခေါင်းဆောင် ဘုန်းကြီးတချို့ နဲ့  နောက်လိုက်များရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးသင့် မသင့် ဆိုတာထက် “မင်းတို့  ဒီ ကန်ပိန်းကို လုပ်၊ ငါတို့ က အံ့မောင်ကို ဖမ်းသလို မဖမ်းသလိုနဲ့  အရူးကွက်နင်းမယ်၊ Win Win ပေါ့ကွာ” ဆိုတဲ့ ဂိမ်းတခုကို အတိုင်အဖောက်ညီညီ ကစားနေပြီလား ဘက်အခြမ်းကို ပိုမိုအားစိုက် ချဉ်းကပ်သင့်ပါတယ်။ ထို့ အတူ ပြည်တွင်းဂျာနယ် အင်တာဗျူးတခုမှာ အံ့မောင်က သူနဲ့ သမ္မတ နီးနီးကပ်ကပ် အခေါ်အပြော ရှိထားကြပုံမျိုး ထုတ်ပြောခဲ့တာလည်း တွေ့ ရပါတယ်။ ဒီနေရာမှာ အံ့မောင်နဲ့  ဗိုလ်ဆန်းဆင့် မတူကွဲပြားတာကို သတိပြုရပါမယ်။ ဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ် ဖမ်းဆီးတဲ့ကိစ္စဟာ စစ်အုပ်စုအတွင်းစည်းက ခေါင်းဆောင်များရဲ့  အာဏာပြဿနာနဲ့  သစ္စာဖောက် ရှင်းလင်းရေး စီမံချက်သာဖြစ်ပြီး အံ့မောင်ဟာ ခြေသုတ်ပုဆိုး မြွေဆွယ်ကျိုးတဲ့ သက်တော်ရှည် အရပ်သား ခိုင်းဖတ်ကြီးမျှသာ ဖြစ်ပါတယ်။ ပုံသဏ္ဍာန်နဲ့  တန်းအရ အဆင့် ကွာခြားပါတယ်။ ဒါ့အပြင် အံ့မောင်ဟာ ဗိုလ်သိန်းစိန်တို့ ဆရာသမားဖြစ်သူ စစ်အာဏာရှင်ခေတ် အခေါင်အချုပ် ဗိုလ်သန်းရွှေရဲ့  ဗောင်းတော်ညိတ် စိတ်တော်သိ စွမ်းအားရှင်တဦး ဖြစ်ခဲ့ပြီး စစ်အုပ်စုက ညှစ်လိုက်တိုင်း အရည်ထွက်နေသေးတဲ့ ကြံတချောင်းလို ဘုန်းကြီးများရဲ့  အပျော့အမာ မပျော့မမာ အတွင်းရေးများ အားလုံးကို အူမကအစ ချေးခါးမကျန် သိထားတဲ့အတွက် ပစ်ရက်စရာမရှိသူ ဖြစ်ပါတယ်။

ဘုန်းကြီးငါးပါးကို အတင်းဖမ်း၊ လူဝတ်လဲ၊ ထောင်ထဲနေခိုင်း၊ တရားစွဲ၊ အမှုရင်ဆိုင် စတဲ့ လုပ်ဆောင်ချက်များကို မြင်ရတဲ့အခါ ဗုဒ္ဓဘာသာဝင် အများစုရဲ့  စိတ်ထဲမှာ ညှိုးခြုံး မကျေမချမ်း ဖြစ်ကြရပါတယ်။ ဒီလုပ်ရပ် တရားခံဟာ သမ္မတလို့  အတွေးမပေါက်အောင် တက်ကြွ ဘုန်းကြီးတချို့ က လမ်းလွှဲ ၀ါဒဖြန့် ထားတာကြောင့် သတ္တ၀ါကြီး အံ့မောင်ဟာ ပစ်မှတ်လို ဖြစ်လာခဲ့တယ်။ အံ့မောင်ကို ဖမ်းဆီးအရေးယူ အပြစ်ပေးပြီဆိုတဲ့ သတင်းများနဲ့ အတူ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကျေနပ်ထောက်ခံသံ၊ လက်ခုပ်သံတွေ ဆက်တိုက်ဆိုသလို ထွက်လာပါတယ်။ ဒါပေမယ့် သတင်းအတိုင်း လက်တွေ့ အပြင်မှာ ဟုတ် မဟုတ် ဆိုတာကို အတည်ပြုနိုင်ဖို့  ကြိုးစားကြတဲ့အခါ သာသနာရေးဝန်ကြီဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအ၀င် သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူတို့ ကပါ ဗူးလုံးနားမထွေးနဲ့ ဟိုလိုလိုဒီလိုလို လုပ်ပစ်ကြပါတယ်။ ခေါ်ယူစစ်ဆေးခဲ့သလား၊ အလ္လာပ သလ္လာပ ပြောကြတာလား၊ နေမြဲလား ဆိုတာကို အဓိက တာဝန်အရှိဆုံးဖြစ်သူ ပြည်ထဲရေးဌာနက ဒုဝန်ကြီးကိုယ်တိုင် တိတိကျကျ အဖြေမပေးနိုင်တာ ထူးဆန်းပါတယ်။ ၀န်ကြီးဖြစ်လျက်နဲ့  အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ မိမိဌာနတွင်းက လုပ်ဆောင်ချက်များကို ဂဃနဏ မပြောပြနိုင်တာဟာ တာဝန်လစ်ဟင်းမှု ဖြစ်ပါတယ်။ ဒါမှမဟုတ် အထက်အမိန့် မရ၊ မီးစိမ်းမပြရင် ဆွံ့ အ ကန်းသွားရရှာတဲ့ ရုပ်ပြ၀န်ကြီးဘ၀ ရောက်သွားတာလားလို့  မေးရမှာပါ။ အစိုးရတာဝန်ရှိသူများဘက်က “အံ့မောင်ဘာဖြစ်နေသလဲ”ကို တရားဝင် မဖြေဆိုတာကြောင့် မီဒီယာများဘက်က ဒီကိစ္စကို ဖိဖိစီးစီး သတင်းလိုက်ပြီး ပြည်သူကို အသိပေးဖို့ သာ ရှိပါတော့တယ်။ အံ့မောင်သတင်း စဖွပေးတဲ့ အာအက်ဖ်အေဌာန အပါအ၀င် အံ့မောင်နဲ့  သတင်းအပေးအယူ လုပ်ဖူးကြတဲ့ ပြည်တွင်းမီဒီယာတွေက ဒါကို ပိုမို အားစိုက်ထုတ်သင့်ပါတယ်။ အံ့မောင် ရုံးထိုင်တဲ့ သာသနာရေးဌာနကို သွားရောက်သင့်သလို အံ့မောင်နေထိုင်ရာ အိမ်ပတ်ဝန်းကျင်နဲ့  သူ့ ဆွေမျိုးများထံ ချဉ်းကပ်ပြီး သတင်းယူသင့်ပါတယ်။ အံ့မောင်နဲ့  နောက်တကြိမ် အင်တာဗျူးဖို့ ၀ီရိယထားသင့်ပါတယ်။ ဒါမှသာ “အံ့မောင်တခု အရင်းပြု၍” သန္တိသုခပြဿနာ နောက်ကွယ်က အရှုပ်အထွေး အဖုံးအဖိများကို ဖြောင့်တည့်စွာ သုံးသပ်လာနိုင်ပြီး ဘုန်းကြီးများ ပါဝင်တဲ့ နိုင်ငံရေးဟာလည်း မရိုးပါလား ဆိုတာကို သက်သေပြရာ ရောက်ပါလိမ့်မယ်။

June 23
ဗကပ ၀က်ဘ်ဆိုက်ကနေ ပေတလွှာစာတရွက် ရေးဖွဲ့ ရတဲ့အထိ ဗိုလ်အောင်မင်း တောင်းပန်စာဟာ ရိုးပုံရရဲ့ လားလို့ သံသယ၀င်မိတယ်။ ဇွန် ၇ ရက်၊ UMFCCI မှာ ပြုလုပ်သွားတဲ့ “မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလ အနာဂတ်ရည်မှန်းချက်များ” အမည်ရ ဆွေးနွေးပွဲက ဗိုလ်အောင်မင်းရဲ့  စကားသွားစကားလာတွေထဲ တိုင်းကျိုးပြည်ပြု ဒီမိုကရေစီရှေ့ ရှုချက်များ ဘယ်မျှ စစ်မှန်စွာ ပါမပါ မသိရပေမယ့် သူ့ ရဲ့  “တောင်းပန်စာ”ကတော့ ထုတ်ပြန်အပြီး နောက်တရက်မှာ မီဒီယာကြား အရေးကြီးသတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ ဗိုလ်အောင်မင်းရဲ့ စာပါအရ စစ်မိသားစုများ စိတ်အနှောက်အယှက် ဖြစ်ရတဲ့အကြောင်း ပါဝင်တဲ့ ဟောပြောပွဲကို တက်ရောက်သူ လူဦးရေဟာ အလွန်ဆုံးရှိ ၅၀၀ ထက် ပိုမည် မဟုတ်ပါ။ ဒီပွဲအပြီး ၂ ပတ်အကြာမှ သူ့ ရဲ့ တောင်းပန်စာကို ထုတ်ပြန်တာဖြစ်လို့  ဒီကြားထဲက ၁၄ ရက်အတွင်းမှာ ဗိုလ်အောင်မင်း ရည်ညွှန်းတဲ့ “ဗမာစစ်တပ်ဘက်က တိုက်ခိုက်ရေးသမားတွေကို သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်တွေ ပေးစရာမလို၊ ဟိုဘက်က သေသွားတဲ့သူ အားလုံးဟာလည်း တိုင်းရင်းသားများဖြစ်တယ်”ဆိုတဲ့ အဓိပ္ပာယ်ရ စကားများဟာ သတင်းစာနဲ့ ဂျာနယ်များအတွက် အဆီတ၀င်းတ၀င်း သတင်းရင်းမြစ် ဖြစ်ပေမယ့် ရှေ့ တန်းထွက်မလာ ထိန်ငုတ်နေခဲ့ပါတယ်။ ဒီစကားကြောင့် စစ်တပ်ဘက်က ဆရာသမားများနဲ့  ဗိုလ်မင်းတစုက မျက်ထောင့်နီကပ်ကြတယ်လို့  သူ့ စာအရ သိရတာပါ။ ပြောစကားကို လူမသိကြပေမယ့် တောင်းပန်စာက “ပွ”ခဲ့တာကြောင့် ရိုးရဲ့ လားလို့  မေးရတာပါ။

ဗိုလ်အောင်မင်းဟာ အတိုက်အခံအင်အားစုအပေါ် ရာဇ၀တ်မှု အမြောက်အများ ကျူးလွန်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဌာနက အရာရှိကြီးတဦးဖြစ်ခဲ့ပါတယ်။ ကျောင်းသား ပြည်သူ တိုင်းရင်းသားတွေကို သတ်ဖြတ်ညှင်းဆဲတဲ့ တရားခံထဲမှာ ဗိုလ်အောင်မင်းတယောက် ပါပါတယ်။ အတိုက်အခံအကြောင်း အထာနပ်လာတဲ့ ဗိုလ်အောင်မင်းဟာ ကြံ့ဖွံ့ စစ်အစိုးရလက်ထက်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို စစ်အုပ်စုအတွေးအခေါ်များ နို့ သက်စို့ ခံလာအောင် အနုနည်း ချဉ်းကပ်စည်းရုံးရတဲ့ တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသူ ဗိုလ်ချုပ်ဟောင်းတဦးပါ။ ဗိုလ်အောင်မင်းချည်တိုင်နဲ့  လွတ်ကင်းသူ အလွန်ရှားပါတယ်။ တချို့ က “နိုး”ဆိုပြီး အပိုင်ငြင်းပေမယ့် ကြားခံ ပရောက်စီနဲ့  ငြိနေတယ်ဆိုတာ ကာယကံရှင်များ မသိပါ။ ဗိုလ်အောင်မင်းတို့  ဘာပြောမလဲ စောင့်ဆိုင်းပြီးမှာ ကြွေးကြော်သံ ထုတ်ကြသူတွေ မနည်းမနော ရှိလာပါပြီ။ နိုင်ငံရေးအလုပ်ရှင်သူဌေးနဲ့  နိုင်ငံရေးအလုပ်သမားဘ၀ ရောက်မှန်းမသိ ရောက်သွားကြပါပြီ။ ဒီအခြေအနေ နောက်ခံမှာ စစ်တပ်ကို မပြစ်မှားနဲ့ ၊ စစ်တပ်ကို မစော်ကားနဲ့ ၊ စစ်တပ်ကို ဘုရားမှတ်ကွဲ့  ဆိုတဲ့ “ကျနော့်ရဲ့ တောင်းပန်စကား”ကို ပြန်ကြားရေး ဒုဝန်ကြီး ဖေ့စ်ဘွတ်မှတဆင့် ၀ါဒဖြန့်  သွတ်သွင်းခဲ့တာပါ။ ဗိုလ်အောင်မင်းရဲ့  အထွေထွေ အကျိုးစီးပွား ပြဿနာများကို ကျော်လွှားရာမှာ ရှောရှူချောမွေ့ စေရန်အတွက် ကြိုတင်ပြီး ချောဆီထည့်တဲ့ ရည်ရွယ်ချက်အပြင် ဗိုလ်အောင်မင်း မျက်နှာတော်ကြည့်ပြီး အလုပ်လုပ်ရရှာတဲ့ တက်ကြွထိပ်သီးများကို “ငါနဲ့ အတူ လိုက်ခဲ့ကြ”လို့  ဥပယ်တမျဉ် နှပ်ကြောင်းပေးလိုက်တာဖြစ်ပြီး ဒါဟာ “အောင်မင်းနည်း”ဆိုနိုင်ပါတယ်။

No comments: