မင်းမင်း
Mizzima - Monday, 30 June 2014
“ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသောအစိုးရ” ဖြစ်ရမယ်ဆိုပြီး မြန်မာပြည်သူတွေနဲ့ အနောက်နိုင်ငံတွေအပေါ် ဆွဲဆောင်မှုရှိတဲ့ စကားလုံးလှလှလေးသုံးပြီးတော့ စစ်ဗိုလ်ချုပ်ဟောင်း အများစုနဲ့ဖွဲ့ထားတဲ့ အရပ်သားအစိုးရအမည်ခံ သမ္မတ ဦးသိန်းစိန်အစိုးရတရပ်ဟာ ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ပေါ်ပေါက်လာပါတယ်။
ဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော်ခဲ့တဲ့အောင်မြင်မှုတွေထောက်ပြရမယ်ဆိုရင် လာဘ်စားတယ် ဆိုပြီးတော့ပြီးခဲ့တဲ့နှစ်က ညွှန်မှူးအဆင့်အပါအ၀င် အကောက်ခွန်ဝန်ထမ်း ၂၀ ကျော်ကို အရေးယူခဲ့တာ၊ ဆက်သွယ်ရေးကိစ္စတွေ၊ စီးပွားရေးပိတ်ဆို့ခံထားရမှုတွေလမ်းပွင့် လာတာမျိုးရှိပါတယ်။ ဒါတွေဟာ ဦးသိန်း စိန်အတွက်အမှတ်တွေ ရခဲ့ပါတယ်။ မြစ်ဆုံစီမံကိန်းကို သူ့ရဲ့အစိုးရသက်တမ်း အတွင်းမှာ ရပ်ဆိုင်းထား တာတွေ၊ ကား တင်သွင်းခွင့်ပေးတာတွေ၊ အခွန်လျှော့တာတွေကလည်း အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။
မအောင်မြင်တာတွေ လက်ညှိုးထိုးပြမယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးလို ကိစ္စတွေပါ။ ဘာကြောင့် လည်းဆိုရင် ဦးသိန်းစိန် တစ်ခုတ်တရပြောနေတဲ့ ငြိမ်းချမ်းရေးဟာ အခုချိန်ထိ ပြည်တွင်းစစ် တွေဖြစ်နေ ဆဲမို့ပါ။ သူ့ရဲ့ ရေဒီယိုမိန့်ခွန်းတွေထဲမှာ ပြောနေကျဖြစ်တဲ့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းကလည်း လက် ဆုပ်လက်ကိုင်ပြနိုင်စရာဆိုလို့ တရုတ်က ချေးထားတဲ့ငွေနဲ့ သမချေးငွေ ပြန်ချေးပေးတာမျိုးလောက်ပါပဲ။
ပြုပြင်ပြောင်းလဲရေးတွေကို နောက်မဆုတ်ပါဘူးလို့ တကြော်ကြော်ဟစ်ကြွေးပြီးတက်လာခဲ့ပေမယ့် ဇွန်လ ၁၀ ရက်က မဟာသန္တိသုခကျောင်းတိုက်ကို ညအချိန်မတော်ကြီးဝင်စီး၊ ကျောင်းကို ချိတ်ပိတ်၊ သံဃာတွေ ကို ဖမ်းဆီးခဲ့တဲ့ကိစ္စမျိုးမှာတော့ သမ္မတဦးသိန်းစိန်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာ ညံ့ဖျင်းတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီကိစ္စဖြစ်ပြီးတဲ့ ကိုးရက်အကြာမှာပဲ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ငွေ သိန်းတစ်ရာအလွဲသုံးစားလုပ်တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အာမခံပေးလို့မရတဲ့အမှုနဲ့ အမှု ဖွင့်ပြီး တာဝန်ကနေရပ်စဲလိုက်ပါပြီ။ ပြည်ထောင်စုအဆင့် ၀န်ကြီးတစ်ယောက်ကို ဒီငွေပမာဏနဲ့ ဖမ်းဆီး အရေးယူလိုက်တာဟာ ၀န်ကြီးတချို့နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် မပြောပလောက်စရာပါ။ နယ်လှည့်ပါး ရိုက်မယ့်ဝန်ကြီးနဲ့ လယ်သမားတွေကို ထမင်းတစ်နပ်လျှော့စားခိုင်းတဲ့ဝန်ကြီး တွေလောက်လည်း ဦးဆန်း ဆင့်က ပြည်သူတွေကိုစော်ကားခဲ့တာ မရှိခဲ့ပါဘူး။
“မမှန်မကန် စွပ်စွဲခံရတယ်လို့ယုံ ကြည်လို့စိတ်မကောင်းဖြစ်မိတယ်”လို့ ရေကြည်မြို့နယ်က ဧရာဝတီတိုင်း လွှတ်တော်အမတ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောပါတယ်။ ၂၀၁၁ ခုနှစ်ကစလို့ ၂၀၁၃ နှစ်ဆန်း ပိုင်းထိ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်းသားတွေရဲ့ ထောက်ခံ မှုကိုလည်း ရရှိခဲ့ပါတယ်။ ဦးဆန်းဆင့်အဖမ်းခံရတာကို မကျေနပ်လို့ ဧရာဝတီတိုင်းထဲက မြို့နယ် တချို့ဖြစ် တဲ့ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ဒေးဒရဲ၊ မြောင်းမြနဲ့ ငပုတောကဒေသခံတွေ တိုင်းမြို့ တော်ဖြစ်တဲ့ ပုသိမ်မြို့ပေါ်တက်ပြီး ဆန္ဒပြကြဖို့လာမယ့် ဇူလိုင် ၁ ရက်မှာ စီစဉ်ထားပါတယ်။
ဦးဆန်းဆင့် အဖမ်းခံရတဲ့ကိစ္စမှာ ကွဲလွဲမှုတစ်ခု ဖြစ်သွားတာကတော့ ငွေအလွဲသုံးစားမှုနဲ့ အမှုဖွင့် အရေးယူတယ်ဆိုပေမယ့် သမ္မတခိုင်းတာတွေ မလုပ်လို့၊ သမ္မတကို ဘောင်ကျော်ပြီးလုပ်လို့ အရေးယူလိုက်တာပါဆိုပြီး သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွဋ်ရဲ့ ဇွန် ၂၀ က ပြောဆိုချက်ပါ။ ဒီလိုသာဆိုရင် သမ္မတရဲ့ ညွှန်ကြားချက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အစိုးရတစ်ဖွဲ့လုံး လိုက်နာရတော့မယ့် ကိန်းဆိုက်နေပြီလား။ မှားတဲ့ ညွန်ကြားချက်မျိုးဖြစ်နေရင်လည်း ဘာမှဖြေရှင်းချက်မှပေးလို့မရတဲ့ အခြေအနေမျိုးလား။ ခိုင်းတာမလုပ်လို့ အရေးယူလိုက်တာဆိုရင် စစ်ဗိုလ်ချုပ်ကြီးဘ၀ကနေ တက်လာတဲ့ သမ္မတဟာ အာဏာရှင်တယောက်လေလား။
“၂၀၁၃ နောက်ပိုင်းကစပြီး ဒီနေ့အထိ ဖြစ်နေတဲ့အခြေအနေတစ်ခုလုံးဟာ ကျွန်တော်တော့ စိုးရိမ်စရာလို့ ထင်တယ်။ အစိုးရအဆက်ဆက်ရဲ့ မူလအထိုင်ကတော့ အင်အားသုံး ဖြေရှင်းနည်းတွေပေါ့လေ။ အဲ့ဒီဘက် ရွေ့လာတယ်လို့ထင်တယ်။ အဲ့ဒါဟာ မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည် ချောက်ကျမယ့် ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကြီးကို ဦးတည်နေတာပဲ။ တကယ်ဖြစ်ရမှာက ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်း၊ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲ့ဒါက ဝေးသထက်ဝေးလာသလို ဖြစ်နေတယ်” လို့ နိုင်ငံရေးစာပေတွေ၊ ဆောင်းပါးတွေ စဉ်ဆက်မပြတ်ရေးသားနေတဲ့ စာရေးဆရာကျော်ဝင်းက သုံးသပ်ပါတယ်။
တနှစ်ကျော်ကျော်လောက်ပဲ အစိုးရသက်တမ်းကျန်တော့တဲ့ သမ္မတဦးသိန်းစိန်ကတော့ သူ့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ နေရာအပြောင်းအလဲလုပ်နေတာ အခုချိန်ထိ ဂနာမငြိမ်သေးတာ တွေ့ရပါတယ်။
အစိုးရအဖွဲ့အတွင်း အကြီးမားဆုံးပြောင်းလဲမှုတွေကတော့ ဒု-သမ္မတတစ်ဦး ဖြစ်တဲ့ သီဟသူရဦးတင်အောင်မြင့်ဦး နုတ်ထွက်သွားတာ၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း နုတ်ထွက်တာ၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ နုတ်ထွက်တာတွေပါ။ ပြီးတော့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းကနေ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောင်းလဲခဲ့ပါတယ်။
ဒါ့အပြင် ထင်ရှားတဲ့ ၀န်ကြီးတွေဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို သမ၀ါယမ၀န်ကြီးအဖြစ် ပြောင်းရွှေ့ပစ်လိုက်တာ၊ အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်ကို ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စေတာ၊ မီးရထားဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ယူ စေတာတို့အပြင် အစိုးရအဖွဲ့စတင်ဖွဲ့စည်းစဉ်က သမ္မတရုံးဝန်ကြီး ဦးစိုးမောင်နဲ့ ဦးသိန်းညွန့်တို့ နှစ်ဦးသာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သမ္မတရုံး ခြောက်ခု၊ ၀န်ကြီးခြောက်ဦး တိုးချဲ့ဖွဲ့စည်းထားပါသေးတယ်။
အစိုးရတရပ်ရဲ့ ဟိုပြောင်းဒီလွှဲ လုပ်နေတာနဲ့တင် အလုပ်လုပ်ဖို့ များစွာကျန်နေသေးတဲ့ ပညာရေး၊ ကျန်းမာရေးလို အခရာကျတဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ အစစအရာရာ နိမ့်ကျနေတဲ့ ကျေးလက်ဒေသတွေ ဖွံ့ ဖြိုးလာဖို့ အကောင်အထည်ပေါ်လာမလား ဆိုတာတွေက ပြည်သူတွေကြားထဲမှာ သို့လော၊ သို့လော မေးခွန်းထုတ်စရာပါ။
ဆင်းရဲမှုလျှော့ချရေးကို ၁၆ ရာခိုင်နှုန်းထိ လျော့ကျအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ စကားတွေကရော တနှစ်ကျော်ကျော်လောက်ပဲ ကျန်တော့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ ဘယ်လောက်များ အကောင်အထည်ဖော်ပြီးနေပြီလဲ၊ ဒါမှမဟုတ်ဘဲ အခုအချိန်ထိ ဝေေ၀၀ါးဝါး ဖြစ်နေတုန်းလား။
“ကျွန်တော်တို့ အပြင်မှာမြင်ရ၊ တွေ့ရသလောက်ကသိပ်ပြီးတော့မထူးဘူး။ သိပ်ပြီးထိရောက်လာမှာလည်း မဟုတ်ဘူး”လို့ စီးပွားရေးတက္ကသိုလ်၊ ပါမောက္ခချုပ်(ငြိမ်း)ဖြစ်သူ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးမော်သန်းက စီးပွားရေးအနေအထားကို မှတ်ချက်ပြုပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ရအောင် တစိုက်မတ်မတ်လုပ်ဖို့ ပြောခဲ့တဲ့၊ ပြောနေတဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဟာ အခုဆိုရင် သက်တမ်းသုံးနှစ်ကျော်လာတာတောင် ထင်သလောက် ခရီးမပေါက်သေးပါဘူး။ ဒီလိုဆိုရင်တော့ နောက်ဆုံး အပြောင်းအလဲလုပ်လိုက်တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း အနေနဲ့ တနှစ်ကျော်လောက်ပဲ ကျန်တဲ့ အစိုးရသက်တမ်းမှာ ရခိုင်ပြည်နယ် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းရှိရဲ့လားဆိုတာ ယုန်ကောင်ကိုငုံပြီးတော့ ယုန်ရုပ်ရေးပြနေသလိုပါပဲ။
အခုလည်း ဇွန် ၂၅ ရက်ကမှ ပူပူနွေးနွေး ၀န်ကြီးချုပ်ဖြစ်သွားတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရဟတ်ယာဉ်တစ်စင်း ပေးထားတယ်လို့ ဆဲဗင်းဒေးဒေးလီး သတင်းစာမှာ ဖော်ပြထားပါတယ်။
လက်ရှိဖြစ်နေတဲ့ အနေအထားအတိုင်းဆိုရင်တော့ မြန်မာနိုင်ငံဟာ ၂၀၁၅ ရွေး ကောက်ပွဲအလွန်ကာလတွေမှာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုမှုတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် အီဂေါက ဟောဟိန်းထုတ်လိုက်ပါတယ်။
No comments:
Post a Comment