Friday, June 27, 2014

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ် မခန့်ရန် ရခိုင်တွင် ဆန္ဒပြ

ခင်မောင်အေး
http://www.thevoicemyanmar.com/
Friday, 27 June 2014 05:04

စစ်တွေ၊ ဇွန် (၂၆) - နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်လွှတ်တော်ကို ပေးပို့ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုအပေါ် မကျေနပ်၍ မြို့သုံးမြို့တွင် ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက စကောတီး၍ ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ယင်းသို့ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်ခန့်ရန် လက်မခံသူများ အချင်းချင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ည ၈ နာရီတွင် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့မှ အမျိုးသားရေးလှုပ်ရှားသူ ကိုထွန်းနေဝင်းက ပြောကြားသည်။ “မောင်မောင်အုန်း ထွက်ထွက် ဆိုပြီး တပြိုင်တည်း စကောကို တီးပြီး မောင်းထုတ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လမ်းပေါ်ထွက် ဆန္ဒပြရန် အဆင်မပြေသဖြင့် ယခုပုံစံအတိုင်း ဆန္ဒပြရခြင်းဖြစ်ကြောင်း စစ်တွေမြို့ စည်းကမ်းထိမ်းသိန်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းပျိုအသင်း၏ သတင်းမှတ်တမ်း တာဝန်ခံ ဦးပညာသာမိက ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတ အဆိုပြုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားအကျိုးစီးပွားနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ရခိုင်ပြည်နယ်ကို ကောင်းမွန်အောင် လုပ်ဆောင်မည့်သူဆိုပါက မည်သူကိုမဆို လက်ခံကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။ “ရခိုင်ဒေသ ပိုကောင်းဖို့ လိုတယ်လေ။ အဲဒီနေရာမှာ ပုဂ္ဂိုလ်ရေးအရ မကြည့်ဘဲနဲ့ လုပ်နိုင်တဲ့လူ ဖြစ်ဖို့ကိုပဲ ကြည့်ဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်မည်ကို ကန့်ကွက်လိုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကန့်ကွက်နိုင်ပြီး ကန့်ကွက်လွှာကို ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား တင်ပြရမည်ဖြစ်သည်။

၁၉၈၂ နိုင်ငံသားဥပဒေဖြင့် ပြတ်သားစွာ ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ပြောကြား
အောင်ခိုင်
http://www.7daydaily.com
Fri, 2014-06-27 06:20

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် စိစစ်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ထိရောက် ပြတ်သားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ၀န်ကြီးချုပ်အဖြစ် အဆိုပြုထားသော ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသားများနှင့် နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ရန်ရှိသည်များကို မည်သူ့မျက်နှာမှ မထောက်ဘဲ ပြတ်ပြတ်သားသား ဆောင်ရွက်ရမည်ဟု ဇွန်လ၂၆ ရက်၌ ရခိုင်နိုင်ငံရေးပါတီ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအပြီးတွင် မီဒီယာများ မေးမြန်းမှုကို ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒီကိစ္စက အရေးကြီးတယ်။ နိုင်ငံသားဖြစ်သင့်တဲ့သူကို ပေးတာ ပြဿနာမရှိဘူး။ နိုင်ငံသား မပေးသင့်တဲ့ လူတယောက်ကို ပေးလိုက်ခြင်းဟာ နိုင်ငံအတွက် အများကြီး နစ်နာတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် မြေပုံမြို့နယ်ကို ရှေ့ပြေးစီမံကိန်းအဖြစ် သတ်မှတ်၍ ဇွန်လ ၁၅ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။ အခြားမြို့နယ်များတွင် ဆက်လက်ဆောင်ရွက်ရန်မှာ အတည်ပြု၍မရသေးကြောင်း တာဝန်ရှိသူများက ပြောကြားထားခဲ့သည်။ နယ်စပ်ဒု-၀န်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ‘‘မပေးသင့်တဲ့သူ တယောက်မှ ပေးလို့မရအောင် တိတိကျကျ ဆောင်ရွက်ရမယ်’’ ဟု ဆက်လက်ပြောကြားသည်။

ဇွန်လ ၂၆ ရက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော စစ်တွေမြို့မိမြို့ဖ ရှေ့နေဦးသာပွင့်က ၁၉၈၂ ဥပဒေနှင့် မကိုက်ညီသည့်သူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်မှာ အရေးကြီးသည်ဟုလည်း ထောက်ပြပြောဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ်ကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်၌ ရှစ်နှစ်ဆက်တိုက် တဆက်တည်း နေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့် ရရှိမည်ဖြစ်သည်။

No comments: