Saturday, June 28, 2014

အစွန်းရောက်မှုကသာ နောက်ကြောင်းပြန်တာပါ

ဇော်မင်း
ဆဲဗင်းဒေး၊ Sat, 2014-06-28 06:23

မြန်မာပြည်ဟာ အနာဂတ်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် တည့် တည့်လျှောက်လှမ်းပြီး နိုင်ငံသား တို့ တိုးတက်ဖွံ့ဖြိုးလာမယ့်လမ်း ကြောင်းပေါ်ကို သွားနေပြီလား။ ဒါမှမဟုတ် ခေတ်နောက်ပြန်ဆွဲတဲ့ လမ်းကြောင်းပေါ်ကိုတက်ဖို့ တာစူ နေသလား။ အခုလက်ရှိနိုင်ငံရေးအခြေအနေက အကောင်းဘက်ကို ရောက်စပြုနေပြီဖြစ်လို့ နောက်ကြောင်းပြန်သွားစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ ပြောနေသူများလည်းရှိပါတယ်။ နောက်ကြောင်းပြန်သွားနိုင်တယ်ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်း စစ်တပ်ကအာဏာပြန်သိမ်းတာကို ဆိုလိုတာပါ။

နောက်ကြောင်းပြန်တို့၊ ဂငယ်ကွေ့တို့ဆိုတာ လှန့်လုံးတွေလို့ ပြောလိုပါတယ်။ အမှန်အတိုင်းပြောရရင် မြန်မာပြည်မှာ စစ်တပ်က အာဏာထပ်သိမ်းစရာမလိုတော့ပါ။ ဘာကြောင့်ပါလဲ။ ရပ်ကျေးကနေ သမ္မတအထိ ရာထူးတွေ၊ နေရာတွေကို စစ်တပ်ကပဲ ယူထားတာမဟုတ်လား။ အဲ.. နောက်တစ်ခုကလည်း ဌာနဆိုင်ရာဆိုတာတွေမှာလည်း များ သောအားဖြင့် တပ်ကထွက်ထားတဲ့သူတွေက နေရာကောင်းတွေကိုယူထားပြန်ပါတယ်။ လက်ရှိ အာဏာရနေတာကလည်း ပြည်ခိုင်ဖြိုးဆိုတော့ ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်နေတဲ့ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းသော ပါတီခေါင်းဆောင်တွေဟာ တပ်မတော်ကအငြိမ်းစားယူထားတဲ့ အရာရှိကြီးတွေမဟုတ်ဘူးလား။ နောက်တစ်ချက်ကတော့ လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း အော်တိုမက်တစ်လာထိုင်နေတယ်ဆိုတော့ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါနေတယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါတွေအပြင် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံတစ်ခုလုံးကလည်း လက်ရှိတပ်မတော်ခေါင်းဆောင်တွေနဲ့ အငြိမ်းစားယူထားတဲ့ တပ်မတော်ခေါင်းဆောင်တွေအတွက် ရည်စူးပြီး ရေးဆွဲထားတာ ဖြစ်နေပြန်ပါ တယ်။ ဒါကြောင့်မို့ နောက် ကြောင်းပြန်ဖို့ဆိုတာ တကယ်က တော့မလိုဘူး။ စစ်တပ်က နောက် တစ်ခါ အာဏာသိမ်းဖို့မလိုဘူး လို့ ထောက်ပြခဲ့တာဖြစ်ပါတယ်။

ဟုတ်ပါတယ်။ နိုင်ငံရေးအာဏာအရတော့ နောက်ကြောင်းပြန်လှည့်ဖို့ နည်းပါးပါတယ်။ ဂငယ်ကွေ့လည်း ကွေ့ဖို့ မလိုပါဘူး။ဒါပေမဲ့ အခုလက်ရှိမှာ ပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ ဥပဒေတွေထဲမှာတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခေတ်နောက်ပြန်ဆွဲဖို့ ဥပဒေအကြောင်းအချက်တွေ မြင်နေရပါတယ်။ အဲဒါကတော့ ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေပဲဖြစ်ပါတယ်။ ဒီဥပဒေက ဗုဒ္ဓဘာသာဝင်တွေကိုပဲ အသားပေးမယ့် အနေအထားမျိုး မြင်နေရပါတယ်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားမှာကို စိုးရိမ်တဲ့အတွက် ပြဋ္ဌာန်းလိုတဲ့ ဥပဒေလို့ ရှုမြင်ပါတယ်။

အခုမြန်မာနိုင်ငံမှာ မြန်မာ တိုင်းရင်းသား ဗုဒ္ဓဘာသာအမျိုး သမီးတွေ ဘာသာခြားနဲ့ လက် ထပ်ထိမ်းမြားတဲ့ အရေအတွက် က ကြောက်ခမန်းလိလိမြင့်တက် လာနေလို့ ဒီဥပဒေကို ပြဋ္ဌာန်းလို တာလား။ ဒါမှမဟုတ် ဘာသာ ခြားနိုင်ငံသားတွေ ဗုဒ္ဓဘာသာကူး ပြောင်းလာအောင် ဥပဒေကို အကြောင်းပြုပြီး ဖိအားပေးလိုတဲ့ သဘောလား။ ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းခဲ့ရင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်၊ မရောက် စဉ်းစားတာမျိုး ရှိခဲ့သလား။ ဒီဥပဒေကြောင့် အနာဂတ်မှာ မိမိနိုင်ငံတွင်း တခြားသောနိုင်ငံရေးအရ ဂယက်ထတာမျိုး ဖြစ်လာနိုင်တာကို ထည့်သွင်းတွက်ချက်ခဲ့ပါသလား။ ဥပမာဆိုရရင် တစ်ချိန်တုန်းက ဝန်ကြီးချုပ်ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည် ပြုတဲ့အချိန်နဲ့ ခရစ်ယာန်လူများစု ဖြစ်တဲ့ ကချင်လူမျိုးတွေ သူပုန်ထ ခဲ့တာ တိုက်ဆိုင်မှုမဟုတ်ပါလို့ ပြောလိုပါတယ်။

ဘာသာတရားကို ကိုးကွယ် တယ်ဆိုတာ ယုံကြည်မှုပါ။ လူ သားတိုင်းဟာ မိမိနှစ်သက်ရာကို မိမိယုံကြည်ခွင့်ရှိပါတယ်။ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဟီဘရူး၊ နတ် အစရှိတဲ့ ဘာသာတရားတွေကို လူတွေဟာ သူတို့နှစ်သက်သလို ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်၊ ဆည်းကပ်ခွင့်ရှိပါ တယ်။ ဘယ်ဘာသာမှ မကိုး ကွယ်တဲ့ ဘာသာမဲ့တွေလည်း ရှိနိုင်ပါသေးတယ်။ အဲဒါအပြင် ကနေ့ ခရစ်ယာန်ဘာသာဝင်တစ် ဦးဟာ မနက်ဖြန်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်နိုင်သလို ဗုဒ္ဓဘာ သာကိုလည်း ကူးပြောင်းသွားနိုင် ပါတယ်။ မနေ့က သူယုံကြည်တာ ကို ကနေ့မှာ မယုံကြည်တော့ဘူး ဆိုတာ ကာယကံရှင်ရဲ့ ရွေးချယ် ခွင့်ပဲဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ ရွေးချယ်မှုမပါဘဲနဲ့ ဘာသာတစ် ခုခုကို ကူးပြောင်းဖို့ ဖိအားပေး တာ၊ ခြိမ်းခြောက်တာဟာ ဥပဒေ ကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တာ ပဲဖြစ်ပါတယ်။

မွတ်စလင် တိုင်းပြည်မှာ မွတ်စလင်နဲ့ လက်ထပ်ရင် အစ္စလာမ်ဘာသာကို ကူးပြောင်းရမယ့် ဘာသာရေးဆိုင်ရာ ဥပဒေမျိုးတွေရှိနေလို့ တို့တိုင်းပြည်မှာလည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဦးနဲ့ လက်ထပ်ရင် ဗုဒ္ဓဘာသာကို ကူးပြောင်းယုံကြည်ရမယ်လို့လုပ်လိုတဲ့ ဆန္ဒမျိုးရှိနေတာဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ သူများလုပ်တိုင်း လိုက်လုပ်ဖို့ မလိုဘူးလို့ မြင်ပါတယ်။ မြန်မာပြည်မှာ ရှေးဘုရင်များလက်ထက်ကစလို့ လူတိုင်းကို သူတို့ယုံကြည်ရာ ဘာသာရေးအတိုင်း ကိုးကွယ်ခွင့်ပြုထားပါတယ်။ ဓားမိုးပြီး ဘာသာမပြောင်းခိုင်းခဲ့ပါဘူး။ ဆိုလိုတာက မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပြည့်အဝရှိခဲ့ပါတယ်။

ဘာသာကူးပြောင်းမှု ဆိုင်ရာဥပဒေကို မပြဋ္ဌာန်းရသေးပေမယ့် အခုပဲကျိုက်ထိုဘက်မှာ ဆရာတော်တစ်ပါးဘွဲ့အမည်နဲ့ ဆိုင်းဘုတ်တစ်ခုထောင်ထားတာကို တွေ့ရပါတယ်။ ဘာသာခြားနဲ့ လက်ထပ်ရင် ဒဏ်ငွေသိန်း ၅၀ ဆောင်ရမတဲ့။ ဘာသာခြားဈေး ဆိုင်မှာ ဈေးဝယ်ရင် ဒဏ်ငွေငါး သိန်းတဲ့။ ဘာသာခြားအတွက် နာမည်ခံပြီး မြေတွေ၊ အိမ်တွေ ဝယ်မပေးရဘူးတဲ့။ အခြေခံဥပဒေ အရ နိုင်ငံသားဆိုရင် ဘယ်ဘာ သာပဲ ကိုးကွယ်ကိုးကွယ် မြန်မာ ပြည်ကြိုက်တဲ့နေရာမှာ နေခွင့်ရှိ ပါတယ်။ အိမ်မြေဝယ်ယူခွင့်၊ ပိုင် ဆိုင်ခွင့်ရှိပါတယ်။ ဥပဒေတောင် မပြဋ္ဌာန်းရသေးခင်မှာဖြစ်နေတဲ့ ကိစ္စတွေပါ။ ဥပဒေသာ ပြဋ္ဌာန်း လိုက်ခဲ့ရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာ မစဉ်းစားရဲလောက် အောင်ပါပဲ။ ဘာသာရေးဆိုင်ရာ ရဲတွေ၊ ဘာတွေများ ပေါ်လာဦး မလားဆိုတာ မသိနိုင်ပါ။ ဘာသာ ခြားနဲ့ ရည်းစားထားတဲ့သူတွေကို ဖမ်းပြီး ဒဏ်ငွေတပ်မယ့် သဘော မျိုးတောင် ဖြစ်လာနိုင်ပါတယ်။

ဂျာမနီမှာ တစ်ချိန်ကဖြစ်ခဲ့ တာတွေကို သင်ခန်းစာယူဖို့ ပြော လိုပါတယ်။ ဟစ်တလာ လက် ထက်မှာ ဂျာမန်အမျိုးသား၊ အမျိုး သမီး ဂျူးတွေနဲ့ လက်မထပ်ရ၊ ဂျူးဆိုင်တွေမှာ ဈေးမဝယ်ရ၊ ဂျူး တွေနဲ့ စီးပွားရေးဖက်စပ်မလုပ်ရဆိုတာ ဥပဒေပြုခဲ့ပါတယ်။ နောက်ပိုင်း ဘာဖြစ်သလဲ။ ဂျူးတွေကိုအစုလိုက် အပြုံလိုက်အကျဉ်းစခန်းပို့၊ အစုလိုက် အပြုံလိုက် သုတ်သင်သတ်ဖြတ်ခဲ့ကြတယ် မဟုတ်လား။ ဒီအဖြစ် အပျက်တွေဟာ ဘာမှမကြာသေးပါဘူး။ နှစ်ပေါင်း ၇၀ ကျော်ပဲ ရှိပါသေးတယ်။ နောက်ဆုံးတော့ အမျိုးသားရေး အစွန်းရောက်မှုကြောင့် ဖက်ဆစ်တွေဖြစ်ခဲ့ကြတာ မမေ့သင့်ပါ။ တစ်ချက်တည်း စကားစပ်မိလို့ပြောရရင် ဟစ်တလာ အာဏာရလာတာဟာ အဲဒီအချိန် ဂျာမနီရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့တဲ့ ပီအာရ်မဲစနစ်ကြောင့်ပါ။ မြန်မာပြည်လို အခုမှ ဒီမိုကရေစီကို တစ်ကနေပြန်စနေရတဲ့ တိုင်းပြည်မှာ လူတိုင်းအတွက် နားလည်လွယ်တဲ့ ရွေးကောက်ပွဲစနစ်ကို ပစ်ပယ်ပြီး ဘာကြောင့် ပီအာရ်စနစ်ကို အသုံးပြုချင်ကြတာလဲ။ ပီအာရ်စနစ်ဟာ ဒီမိုကရေစီကျင့်စဉ် အသား ကျသွားတဲ့ နိုင်ငံများမှာသာ ကျင့်သုံးပါတယ်။

ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းမယ့်ကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများက လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို မြင်တဲ့အတွက် မလုပ်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။ တကယ်တမ်းကျတော့ ဘာကြောင့် မြန်မာပြည်မှာ ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းသင့်တာလဲဆိုတာနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါကမှ တိတိကျကျဖြေရှင်း ပြောကြားနိုင်စွမ်းမရှိပါ။ အမျိုးဘာသာစောင့်ရှောက်ရေးဆိုတာနဲ့ပဲလုံးသုပ်ထားပါတယ်။ အခု လတ်တလောမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန်အသင်းတော်များက ဘာသာကူးပြောင်းမှုဆိုင်ရာဥပဒေပြဋ္ဌာန်းမှာကို ကန့်ကွက်ထားပါတယ်။

ဘာသာရေးယုံကြည်မှု ကူး ပြောင်းတာဟာ သက်ဆိုင်ရာ လူ ပုဂ္ဂိုလ်တစ်ဦးရဲ့ လွတ်လပ်ခွင့်သာ ဖြစ်ပါတယ်။ ဘယ်အရာရှိ၊ ဘယ် အာဏာပိုင်က ထောက်ခံပေးမှ၊ အသိအမှတ်ပြုမှ ကူးပြောင်းခွင့် ရတာမဟုတ်ဘူးလို့ မြင်ပါတယ်။ အကယ်၍ မြန်မာပြည်မှာ အာ ဏာပိုင်အသိအမှတ်ပြုမှ၊ ထောက် ခံပေးမှဆိုတဲ့ အခြေအနေဖြစ်လာ ရင် အဲဒါကို အကြောင်းပြုပြီး လူ အာဏာပိုင်တွေနဲ့ သံဃာအာဏာ ပိုင်တွေအကြားမှာ လာဘ်ပေး လာဘ်ယူ မသမာမှုတွေကို မလွဲ မသွေမြင်ကြရတော့မှာပါ။

မြန်မာပြည်ဟာ နိုင်ငံရေး အာဏာအရ နောက်ပြန်မသွား နိုင်ပေမယ့် ဘာသာရေးယုံကြည် မှု ကူးပြောင်းခြင်း ဥပဒေကြောင့် စီးပွားရေး ထိခိုက်လာနိုင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး ကို လည်ပတ်နေအောင် ဆောင် ရွက်နေသူတွေဟာ နိုင်ငံသားတွေ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံသားတွေ ထဲမှာ ဗုဒ္ဓဘာသာလည်းပါပါ တယ်။ မွတ်စလင်လည်း ပါပါ တယ်။ ခရစ်ယာန်လည်းပါပါ တယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်သူ တွေ စီးပွားရေးအရ ချေမှုန်းခံရ မယ်ဆိုရင် သူတို့သက်သက်ကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ တိုင်း ပြည်ရဲ့ လည်ပတ်နေတဲ့ စီးပွား ရေး ယန္တရားကြီးတစ်ခုလုံးကို ထိခိုက်တာနဲ့ အတူတူပဲဖြစ်ပါ တယ်။ ဒါကြောင့် စီးပွားရေးထိ ခိုက်တာနဲ့ လူထုအတွင်းမှာ လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးတွေ လည်း နောက်ဆက်တွဲအနေနဲ့ ထိခိုက်လာနိုင်ပါတယ်။ အဲဒီလို ထိခိုက်လာတာဟာ တိုင်းပြည်ဖွံ့ ဖြိုးရေးအတွက် နောက်ပြန်သွား တာနဲ့အတူတူပဲလို့ ပြောပါရစေ။

ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းတော့ နောက်ဆက်တွဲအနေ နဲ့ တစ်သီးပုဂ္ဂလလုပ်ငန်းရှင်တွေ ဆီက ပိုင်ဆိုင်မှုတွေကို ပြည်သူ ပိုင်ဆိုပြီး သိမ်းပါတယ်။ နာမည် ကတော့လှပါတယ်။ ပြည်သူပိုင် တဲ့။ ဒါပေမဲ့ အဲဒီလို ပြည်သူပိုင် သိမ်းလိုက်တာဟာ တိုင်းပြည် တစ်ခုလုံးရဲ့ မှန်မှန်လည်ပတ်နေ တဲ့ စီးပွားရေးဖြစ်စဉ်ကို ဖျက်ချ လိုက်သလို ဖြစ်ခဲ့တဲ့အတွက် ရေ ရှည်မှာ တိုင်းပြည်ပဲမွဲသွားခဲ့တာ အဖတ်တင်ပါတယ်။ အဲဒီလို ပြည်သူပိုင်သိမ်းလိုက်တဲ့အထဲမှာ မွတ်စလင်ပိုင်တာရော၊ ခရစ် ယာန်ပိုင်တာရော၊ ဗုဒ္ဓဘာသာပိုင် တာရော အကုန်ပါပါတယ်။အခု လည်း ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းလိုတဲ့ နောက်ကွယ်မှာ အဲဒီလို သဘောထားမျိုးပါနေတာကို တစ်စွန်းတစ်စမြင်နေရပါတယ်။ သဘောချင်းတူနေတယ်လို့ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ တချို့ကတော့ ဒီလိုပြောပါတယ်။ ဘာသာဆိုင်ရာကူးပြောင်းမှုဥပဒေဟာ အနောက်တံခါးကျိုးပေါက်သွားခဲ့လို့ အဲဒါကို ပြန်လည်ကာကွယ်ဖို့ လိုတာလို့ဆိုပါတယ်။ အကြောင်းပြပါတယ်။ အဲဒီလိုဆိုရင် အရှေ့တံခါးကကော လုံလို့လား မေးစရာဖြစ်လာပါတယ်။ အရှေ့ တံခါးလုံ၊ မလုံကိုတော့ ရှမ်းပြည်သားတွေနဲ့ မန္တလေးသားတွေပိုသိပါတယ်။

နိုင်ငံရေးအရ ငါတို့သာ အမြဲနိုင်ရမယ်ဆိုတာကြောင့် ညစ်ပတ်တာမျိုးကသာ နောက် ကြောင်းပြန်တာကို ဖြစ်စေပါတယ်။ တိုင်းပြည်ကို ပိုနစ်နာစေပါတယ်။ အလားတူပါပဲ ဒီမိုကရေစီလို့ပြောနေပြီး လူတွေရဲ့ အခွင့်အရေးကို ကာကွယ်ရမယ့်အစား အခွင့်အရေးကိုချိုးဖောက်ဖို့အတွက် (သို့မဟုတ်)သွယ်ဝိုက်ပြီး ချိုးဖောက်ဖို့အတွက် ပြဋ္ဌာန်းမယ့် ဘယ်လိုဥပဒေမျိုးကိုမှ မထောက်ခံပါ။ လက်မခံပါ။ ကန့်ကွက်ပါတယ်။အမျိုးသားရေး၊ ဘာသာရေးအစွန်းရောက်မှုကို တွန်းအားပေးတဲ့ ဘယ်လိုဥပဒေမျိုးကိုမှ ပြဋ္ဌာန်းမှာကို မထောက်ခံပါ။ ဆန့်ကျင်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှုတွေသာလျှင် တိုင်းပြည်ကို ဆင်းရဲတွင်းထဲမှာဆက်နေစေပြီး နောက်ကြောင်းပြန်သွားစေမယ့် အခြေခံအကြောင်းတရားတွေ ဖြစ်ပါကြောင်း။ ။

No comments: