Thursday, June 26, 2014

ပြန်ပြင်သည့် (ငြိမ်းစုစီ) ဥပဒေ လှည့်စားထားခြင်းဟု ရှေ့နေများနှင့် နိုင်ငံရေးအင်အားစုများ ဝေဖန်

ဟိန်းကိုစိုး
Mizzima - Thursday, 26 June 2014 09:52

သမ္မတလက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်းစုစီ) ဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် မူလနှင့်ပို၍ ထူးခြားမလာဘဲ လှည့်စားထားခြင်းသာဖြစ်သည်ဟု ရှေ့နေအဖွဲ့အစည်း၊ တက်ကြွလှုပ်ရှားသူအချို့နှင့် နိုင်ငံရေးအင်အားစုအချို့တို့က ဝေဖန်လိုက်ကြသည်။

မူလဥပဒေပါ ခွင့်ပြုရန်လျှောက်ထားရခြင်းဆိုင်ရာတို့အစား အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ အတည်ပြုချက်ဖြင့် ခွင့်ပြုချက်ယူရမည့် သဘောပြန်လည်ပြင်ဆင်ခြင်း၊ ထောင်ဒဏ် ဆက်လက်ပါဝင်နေခြင်းတို့သည် လက်တစ်လုံးခြား လုပ်ရပ်များသာဟု ၎င်းတို့က ယူဆကြခြင်းဖြစ်သည်။

“အခုပြင်တဲ့ ဥပဒေထဲမှာ ထောင်ဒဏ်လည်း ထပ်ပါနေသလို နောက်တစ်ခုက မြို့နယ်ရဲတပ်ဖွဲ့မှူးက သက်ဆိုင်ရာ ထွေအုပ်ဆီမှာ အကြောင်းကြားတဲ့အပေါ် အတည်ပြုချက်နဲ့ ခွင့်ပြုချက်ထုတ်ပေးရမယ်ဆိုတာက တကယ်လို့ မြို့နယ်က အတည်မပြုလို့ ဆန္ဒဖော်ထုတ်ရင် ဖမ်းမှာပဲလေ။ ဒါက ဒီဥပဒေမှာ ပွင့်လင်းမြင်သာမှု မရှိတာ၊ နားလှည့်ပါးရိုက်လုပ်ထားတာ” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဇွန် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြန်လည်ပြင်ဆင်လိုက်သည့် ဥပဒေ အရငြင်းပယ်ခွင့် မရှိသော်လည်း အကြောင်းကြားစာ ရရှိသည်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာထွေအုပ် အတည်ပြုချက်ဖြင့် ခွင့်ပြုချက်ထုတ်ပေးရမည်ဟု ပါဝင်နေခြင်းဖြစ်သည်။

Generation Wave မှ ဦးနန္ဒာစစ်အောင်က “ခွင့်ပြုချက်ထုတ်ပေးရမယ်ဆိုတာက ပြဿနာ၊ ကျွန်တော်တို့ အရင်တုန်းကလည်း အသံချဲ့စက်တွေသုံးတဲ့အခါ ရဲက စည်ပင်ခွင့်ပြုချက်တောင်းတယ်၊ စည်ပင်ကိုသွားတော့ ရဲဘက်ကို ပြန်လွှဲတယ်၊ အဲဒီလိုတွေရှိခဲ့တယ်၊ နောက်တစ်ခုက ပြစ်ဒဏ်တွေကို ထည့်ထားတာလည်း လုံးဝမကြိုက်ဘူး”ဟု မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီအင်အားစုအဖွဲ့မှ ဦးသန်းဆွေကလည်း “အကြောင်းကြားတာပဲဆိုတာကိုတော့ ထောက်ခံတယ်၊ ဒါပေမဲ့ အရေးတကြီး ချက်ချင်းလုပ်ရမယ့်ဟာ ဆိုရင် ငါးရက်အချိန်ယူပြီး တင်ရမယ်ဆိုတာကလည်း ကျွန်တော်တို့အတွက် ခက်ခဲနေသေးတယ်” ဟု ဆိုသည်။

၎င်းတို့ ဆန္ဒဖော်ထုတ်လိုသည့် နေ့ရက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုမပေးဘဲနေ၍ မဖြစ်မနေ ဆောင်ရွက်လျှင်လည်း အရေးယူခံရမည်သာဖြစ်သည်ဟု သုံးသပ်ကြသည်။ ထို့ပြင် ပြစ်ဒဏ်ခံရမှုများကြောင့် နာမည်ကျော်နေသည့် ပုဒ်မ ၁၈ ကိုလည်း ဥပဒေအသစ် ပယ်ဖျက်ထားခြင်းမရှိဘဲ ပြစ်ဒဏ်လျှော့ပေါ့ခြင်းကိုသာ ဆောင်ရွက်ထားသည်။

“ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်တဲ့အပေါ်မှာ အရေးယူဖို့ မလိုဘူး၊ အများပြည်သူထိခိုက်မှု မရှိဘူးဆိုရင် လုံးဝခွင့်ပြုရမယ်၊ အဲဒီလိုထွေအုပ်က ခွင့်ပြုချက်နဲ့ ဘာနဲ့ ဆိုတာတွေပါတာကတော့ မကောင်းဘူး။ သာမန် စည်းကမ်းလောက်ပဲ သတ်မှတ်သင့်တယ်” ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့မှ ဦးဇော်မြင့်က မဇ္ဈိမကို ပြောသည်။

ယခင်ငြိမ်းစုစီပါ အချက်အလက်များက ဒီမိုကရေစီစနစ်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဆန့်ကျင်နေသည့် အချက်များ ပါဝင်နေခြင်းကြောင့်ပြန်လည် ပြင်ဆင်ခြင်းကို ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက ပြင်ဆင်ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဇွန် လ ၂၅ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးခံထားရသည့် လယ်သမား၊ အလုပ်သမားအရေးလှုပ်ရှားသူဦးရေ တစ်ရာ နီးပါးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးသည့် အဖွဲ့များ၏ စာရင်းများက ဆိုသည်။

No comments: