Tuesday, June 24, 2014

ဦးစိုးဝင်းမှာ ယခင်ပြန်ကြားရေးဝန်ကြီးဌာနတွင် ငွေကြေးအရှုပ်အရှင်းရှိသူဟု ဦးလှဆွေ ပြော

မင်းဟိန်းကျော်
Sunday, June 22, 2014
http://www.7daydaily.com

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းပေးပို့ထားသော ဦးစိုးဝင်းမှာ ယခင်ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ငွေကြေးကိစ္စရပ်နှင့်ပတ်သက်၍ နာမည်ပျက်ရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

‘‘သူ ဦးဆောင်ညွှန်ကြားရေးမှူး လုပ်တုန်းက စက္ကူတွေ ၀ယ်တာနဲ့ပတ်သက်ပြီး သိန်းထောင်ချီ ငွေကွာမှုတွေ ဖြစ်တယ်။ အဲဒီအမှုက ခုထိ မပြီးသေးဘူး။ သူက ဦးကျော်ဆန်းရဲ့ တပည့်ကြီးဆိုတော့ ဦးကျော်ဆန်းက သူ့ကို ရာထူးတိုးပေးလိုက်တာ’’ ဟု ပြန်ကြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးလှဆွေက ပြောသည်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့မှုအတွက် အရာရှိငယ်တစ်ဦးအား တာဝန်မှ ရပ်နားကာ ဖမ်းဆီးအမှုရင်ဆိုင်စေပြီး ရုံးချိန်းပေါင်း ၅၀ ခန့်တွင် မပြီးပြတ်သေးသော အမှုအား ရင်ဆိုင်နေရကာ ၎င်းအရာရှိငယ်နှင့် မိသားစုများသည် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ပြောသည်။

ဦးစိုးဝင်းအနေဖြင့် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိပါက ၀န်ကြီးအရှိန်အ၀ါကို အသုံးချ၍ ဖော်ပြပါကိစ္စရပ်ကို ရှောင်လွှဲသွားရန် အခွင့်အရေးရရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်ရာတွင် လွှတ်တော်အားပေးအပ်သည့် အချိန်နည်းပါး၍ အဆိုပါပုဂ္ဂိုလ်၏ နောက်ကြောင်းကို စုံစမ်းရန် အချိန်မရဘဲ လက်ခံလိုက်ရသည်က များကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ထိုကဲ့သို့ နောက်ကြောင်းမရှင်းသူ ပုဂ္ဂိုလ်တစ်ဦးအား ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးပါက ပြည်ထောင်စုအစိုးရ၏ ပုံရိပ်ကိုလည်း ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။

သို့သော် ဦးစိုးဝင်းအနေဖြင့် သာသနာရေးဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ယခုလ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးတာဝန်မှ ရပ်နားခံလိုက်ရသော ဦးဆန်းဆင့်နေရာ၌ ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ရန် ဦးစိုးဝင်း၏ အမည်စာရင်းအား နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ယခုလ ၂၀ ရက်တွင် ပေးပို့ခဲ့သည်။

ဦးစိုးဝင်းသည် တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၀န်ကြီးဦးကျော်ဆန်းအား သမ၀ါယမ၀န်ကြီးအဖြစ် ပြောင်းရွှေ့ရာတွင် ဦးစိုးဝင်းကိုလည်း သာသနာရေးဝန်ကြီးဌာနသို့ ပြောင်းလဲတာဝန်ပေးခဲ့သည်။

No comments: