Sunday, June 29, 2014

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန်ဗိုလ်ချုပ်ကြီးတဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြော

အေးသူစံ
http://www.7daydaily.com/
Sunday, June 29, 2014

နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယိုက အမေရိကန်တပ်မတော်မှ စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိတဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(National Defence College) သို့ ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက လာရောက်လေ့လာခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား ၁၀၀ ခန့်အား ပြောကြားရာတွင် တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်အာဏာသိမ်းမှုမှာ မသင့်တော်ကြောင်းနှင့် ခေတ်မီတပ်မတော်တစ်ရပ်၏ အင်္ဂါရပ်များကို ဦးတည်ပြောကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာအရာရှိတဦးက အတည်ပြုသည်။

‘‘ထိုင်းမှာဆို အခု တပ်က အာဏာသိမ်းထားတဲ့အတွက် အမေရိကန်က Cobra Gold လို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှာ တပ်ပါဝင်တာ မကောင်းဘူးပေါ့။ တပ်မတော်က အာဏာသိမ်းတာလည်း မကောင်းဘူးဆိုပြီး ထိုင်းကို ဥပမာပြုပြီး ပြောသွားတယ်။ နောက်ပြီး အမေရိကန် တပ်မတော်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြသွားတယ်။ ဒီဘက်ကလည်း လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ကိစ္စတွေဘာတွေ အကုန်သူ့ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်’’ဟု အဆိုပါ အရာရှိက ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက ခေတ်မီတပ်မတော်တခုတွင် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့မှာ အရေးကြီးကြောင်း၊ လေ့ကျင့်မှုနှင့် ပညာစွမ်းရည်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု၊ အရပ်သားများ၏ ထိန်းကျောင်းမှုများသည် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတွင်း အင်အားရှိသည့် တပ်မတော်တရပ်အတွက် မဖြစ်မနေလိုအပ်သည့် အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

လက်ရှိနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ကျောင်းအုပ်ကြီးမှာ DSA အပတ်စဉ်(၂၆) သင် တန်းဆင်း ဗိုလ်ချုပ်တင်အောင်ချစ်ဖြစ်ပြီး ယင်းတက္ကသိုလ်သို့ သမ္မတဦးသိန်းစိန် လက်ထက်အတွင်း ဂျပန်စစ်ဦးစီးချုပ်က ပထမဆုံး လာရောက်လေ့လာခဲ့ပြီး ယခုအမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး လာရောက်ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လည်း အတူလိုက်ပါခဲ့ကြောင်း သိရသည်။ မြန်မာစစ်တပ်သည် ကလေးစစ်သားများကို မိဘများထံ ပြန်လည်အပ်နှံသည့်ကိစ္စများအတွက် အသိအမှတ်ပြုသကဲ့သို့ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ စစ်ရေးတွင် အမျိုးသမီးများ အပေါ် လိင်အကြမ်းဖက်မှုကျူးလွန်ခြင်း စသည့် လူ့အခွင့်အရေးပြဿနာများကိုလည်း ဖြေရှင်းရန် လိုကြောင်း အမေရိကန်အစိုးရက အစဉ်တိုက်တွန်းပြောကြားထားသည်။

ဒုတိယဗိုလ်ချုပ်ကြီးသည် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ဇွန်လ ၂၈ ရက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အမေရိကန်စစ်တပ်က မြန်မာနိုင်ငံကို စစ်ရေးနှင့် မပတ်သက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အပါအ၀င် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှုများ ရှိနေသည်။ မြန်မာနိုင်ငံရေးအတိုက်အခံအင်အားစုများနှင့် အမေရိကန်အထက်လွှတ်တော်တို့က စစ်တပ်ချင်း ပူးပေါင်းဆက်ဆံမှုကို စိုးရိမ်မှု၊ ကန့်ကွက်မှုများ ရှိနေသော်လည်း အမေရိကန်အစိုးရက စစ်ရေးနှင့် မပတ်သက်သော အကူအညီများနှင့် ဆက်ဆံမှုများ ပြုလုပ်သွားမည်ဟု ပြောကြားထားသည်။

No comments: